Wednesday, August 9, 2017

ဂစ်တာ ရဲ့ မူလဖြစ်စဉ် သမိုင်းကြောင်း




ရိုးရိုး ဂီတာ
ဂစ်တာ (guiter) သည် ဂီတ တူရိယာ တစ်ခုဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာ ကပင် ပုံစံ မျိုးစုံ ဖြင့် တည်ရှိခဲ့သည်။ များသော အားဖြင့် ဂီတာ သည် ကြိုးခြောက်ချောင်း ပါတတ်ပြီး လေး၊ ခုနှစ်၊ ရှစ်၊ ဆယ် နှင့် ဆယ်နှစ် ချောင်းတပ် ဂီတာများလည်း ရှိသည်။

သမိုင်းကြောင်း
ယနေ့  ဂစ်တာတွေရဲ့ ခေတ်စားမှူ့ သက်တမ်းဟာ တိုတောင်းသေးတယ်လို့ ယူဆနိုင်ပေမဲ့ နှစ်ပေါင်းထောင် နဲ့ ချီတဲ့ ရှည်လျားသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အာရှမိုင်းနား လို့ ခေါ်တဲ့ ဒေသမှာ ဘီစီ ၁၀၀၀ ခန့် နဲ့  အီဂျစ် မှာ အေဒီ ၆၀၀ ခန့်လောက်က ဂစ်တာ နဲ့ နီးစပ်သော ရုပ်ကြွင်းတွေကို တွေ့ ရှိခဲ့ပါ တယ်။ 

သမိုင်း အထောက်အထားတွေ အရ ဂစ်တာ ရဲ့  အစောဆုံးတူရိယာ ဟာ အာရပ်နိုင်ငံတွေ ကနေ စတင် ဆင်း သက်ပေါက်ဖွား ခဲ့ပြီး ဂစ်တာ ဆိုတဲ့  ဝေါဟာရဟာ ရှေး ဂရိ လူမျိုးတွေ အမြတ်တစ်နိုး တီးခတ်ခဲ့ကြတဲ့  ကီသာရာ ( KITHARA ) တူရိယာ မှ ဆင်းသက် လာတယ်လို့  လက်ခံထားကြပါတယ်။

 အေဒီ ၇၁၁ မှာ မူးဝါး ( MOOR ) လို့ ခေါ်တဲ့  လူမျိုးစုတွေဟာ အာဆီးရီးယန်း၊ ပါရှန်း နဲ့  ဟီးဘရူးနိုင်ငံတွေကို ကျူးကျော် ၀င်ရောက် တိုက်ခိုက်ကြပြီးတော့ ဂစ်တာဖြစ်လာမယ့် တူရိယာလို့  မှန်းဆရမယ့် ရက်ဘတ်   ( REBEC ) တူရိယာ အပါအ၀င် ကြိုးတပ် တူရိယာ အမျိုးမျိုးကို စပိန်နိုင်ငံကို ယူဆောင်သွားကြပါတယ်။ အဲ့ဒီ တူရိယာဟာ ယနေ့ခေတ် ကျွန်တော်တို့မြင်တွေ့ နေရတဲ့  ဂစ်တာ ပုံစံနဲ့  လုံးဝ မတူသေးဘဲ အရွယ်အစား သေးငယ်ပြီး တယော နဲ့ ပိုတူပါတယ်။

ဂစ်တာ ရဲ့ ပုံသဏ္ဌာန် နှင့် ဖွဲ့စည်း ပြုလုပ်ထားပုံဟာ တီးခတ်တဲ့ အခါ လွယ်ကူစေဖို့  နှင့် ခေတ်မှီစေဖို့  တို့ အတွက် ကိုယ်ကြိုက်သလို လုပ်ကြတဲ့ အတွက် သူရဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းဟာေ၀၀ါး မှေးမှိန် ခဲ့ရပါ တယ်။ ၁၂ ရာစုမှာ ဖြစ်ပွားခဲ့တဲ့ ကရူးဆိတ် စစ်ပွဲတွေ ကနေ ခုခေတ် ဂစ်တာ နဲ့  နဲနဲ ပါးပါး တူတဲ့ ကြိုးတပ်တူရိယာ တစ်ခုဟာ ဥရောပ တစ်လွှားမှာ ပြန်နှံ့သွားခဲ့ပါတယ်။ 


အဲ့ဒီ တူရိယာဟာ နှစ်ပင်စီ ပူးထားတဲ့ ကြိုး ၄ စုံ၊ စုစုပေါင်းကြိုး ၈ ချောင်း တပ်တဲ့ တူရိယာဖြစ်ပြီး ဂစ်တန် ( GITTERN ) လို့ ထင်ရှားခဲ့ပါတယ်။ စောင်းသမား ခရီးသွားတွေ၊ ကဗျာဆရာ ခရီးသွားတွေ၊ အဆိုတော် ခရီး သွားတွေဟာ အဲ့ဒီ တူရိယာနဲ့ တွဲပြီး သူတို့ရဲ့ ခံစား ဖွဲ့သီဆိုမှူ့တွေကို အလယ်ခေတ် (AD 600-1450) တစ်လျှောက်လုံး သီဆို တီးမှူတ်ခဲ့ကြပါတယ်။

ဂစ်တာ ရဲ့ တိကျ ခိုင်မာတဲ့ သမိုင်းကြောင်း ကိုတော့ ၁၃ ရာစု စပိန်နိုင်ငံက မူးဝါး လူမျိုးတွေရဲ့ သီဆိုဖျော်ဖြေပွဲတွေကနေ စတင် လာခဲ့ပါတယ်။ နှစ်ပေါင်း ၃၀၀ လောက် ကြာသွားပြီးတဲ့နောက် ၁၆ ရာစု စပိန် နိုင်ငံမှာ တီးခတ် တဲ့ ပုံစံသစ်၊ ဟန်သစ်တွေ အပြိုင်အဆိုင် တိုးတက်လာပြီး ဂစ်တာ အမျိုးအစား အနေနဲ့ အနည်းဆုံး ၃ မျိုးလောက် ခေတ်စားခဲ့ပါတယ်။ 


အဲ့ဒါတွေ ကတော့ ......  
၁ ။ ကြိုး ၆ စုံ ၊ စုစုပေါင်း ၁၂ ကြိုးတပ် ဗီဟူလာ ( VIHVELA ) အဲ့ဒီ တူရိယာနဲ့ တွဲဖက်တီးခတ်ဖို့  သင်္ကေတ ဇယားနဲ့ရေးတဲ့ နှစ်ယောက်တွဲ တီးလုံး၊ သီချင်း၊ အကသီချင်းတွေ အပါအ၀င် စုစုပေါင်း စာအုပ် ၇ အုပ်ထုတ်ဝေ ခဲ့ပါတယ်။ 

၂။ ကြိုး ၅ စုံ၊ စုစုပေါင်း ၁၀ ကြိုးတပ် ဂစ်တာ ရာအက်စပါနိုလာ ( GUITRRAESPANOLA ) ၁၆ ရာစု အဆုံးပိုင်း ကနေ ၁၇ ရာစု တစ်လျှောက်လုံး ခေတ်စားခဲ့ပြီး လူးတ် ( LUTE ) တူရိယာ ရဲ့ နေရာမှာ အစားထိုး အသုံးပြုခဲ့ပါတယ်။ ဂစ်တာ ရာအက်စပါနိုလာကော့ဒ် နဲ့  တီးဖို့ အတွက်ပဲ အသုံးပြုခဲ့ပြီး၊ ၁၇ ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်ကို စိမ့်ဝင် ပျံနံ့ သွားခဲ့ပါတယ်။ 


၃။ ကြိုး ၄ စုံ၊ စုစုပေါင်း ကြိုး ၈ ချောင်းတပ် ဂစ်တာရာ ( GUITARRA ) တို့ ဖြစ်ပါတယ်။






တိုးတက် ကျယ်ပြန့်လာမှု

၁၇ ရာစု မှာတော့ ဂစ်တာ ရဲ့ အခန်းကဏ္ဍဟာ အရှိန် အဟုန်နဲ့ ပြန့်ပွားဖို့  အစပျိုးတဲ့ ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ကော့ဒ် နဲ့ တီးတဲ့ စနစ်တွေ ကနေ အနုစိတ် ပိုမို ချဲ့ထွင်ပြီးတော့ ပိုပြီး စိတ်ဝင်စားဖို့  ကောင်းတဲ့ လက်ချောင်းတွေနဲ့ တီးခတ် ရတဲ့ ဂန္တ၀င် ဂစ်တာ ( CLASSICAL ) တီးခတ်ဟန်တွေက အစားထိုး ၀င်ရောက်ခဲ့ပါတယ် ။ 



၁၈ ရာစု မှာတော့ ပြောင်မြောက် ထူးချွန်တဲ့ ဂစ်တာ ပညာရှင်တွေ ပေါ်ထွန်း လာခဲ့ကြပါပြီ ။ ဂီတ ပညာရှင် ကြီး ပါဂါ နီနီ (NICCOLO PAGANINI 1788-1840) ဟာ တယော သာမက ဂစ်တာ ကိုလည်း ကျွမ်းကျင်တတ်မြောက်တဲ့ ပါရမီရှင် တစ်ဦး ဖြစ်ခဲ့ပါတယ်။ 

သံစုံ တီးဝိုင်းကြီးတွေရဲ့ ဂီတခေါင်းဆောင်တွေဖြစ်ကြတဲ့ ဟေဒင် (FRANZ JOSEPH HAYDN 1732-1809) ၊ ရူးဘတ်၊ (FRANZ SCHUBERT 1797-1828)၊ ၀က်ဘာ (CARL MARIA VON WEBER 1786-1926)၊ ရိုဆိုနီ (GIOACHINO ROSSINI 1792-1868) တို့ ဟာ ဂစ်တာ အတွက် ဂီတ သင်္ကေတ တွေကို ရေးစပ် တီထွင် ပေးခဲ့ကြပါတယ်။ ထိပ်တန်း လက်မှူ့ ပညာရှင်ကြီးဖြစ်တဲ့ စထရာဒီဗားရီးယပ် ဟာ သူ့ရဲ့နာမည်ကျော် တယောတွေ နည်းတူ ဂစ်တာတွေကိုလည်း အထူးပြုလုပ်ပေးခဲ့ပါတယ်။





၁၉ ရာစု အစောပိုင်းမှာ စပိန်နိုင်ငံသား ဖာနန်ဒိုဆော (FERNANDO-SOR 1778-1839) ဟာ အပြည်ပြည်ဆိုင်ရာ အတိုင်းအတာ အထိ ကျော်ကြားအောင်မြင်ခဲ့တဲ့ ဂစ်တာ ပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး သူနဲ့ ခေတ်ပြိုင်တွေ ဖြစ်ကြတဲ့ ဒီယွန်ဆီယိုအာကွေဒို (DIONISIO AQUADO)၊ မဲတီအိုကာကက်ဆီ(MATTEOCARCASSI)၊ ဖာဒီနန်ကာရူလီ (FERDINAND CARULLI)၊ မူရိုဂျူလီယန်နီ (MAURO GIULIANI) တို့ဟာလည်း နာမည်ကျော် ဂစ်တာပညာရှင်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ 

ဖာနန်ဒိုဆော နဲ့ သူ၏ ခေတ်ပြိုင်တွေဟာ သင်တန်းကျောင်းတွေ ဖွင့်လှစ် ပို့ချခြင်း ၊ ဂီတပွဲတွေ တင်ဆက်ခြင်း စတဲ့ ကြိုးပမ်းမှူတွေနဲ့ ဂစ်တာ ပညာကို ပြန့်ပွားဖို့  လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ဖရန်စစ် 
စကိုတားရက်ဂါ (FRANCISCO TARREGA 1852-1909) ဟာ အထူးချွန်ဆုံး ဂစ်တာသမားလို့သတ်မှတ်ခံခဲ့ရပြီး မျက်မှောက်ခေတ် ဂန္တ၀င် ဂစ်တာသမား တွေကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။



စည်ပင် တိုးတက်လာကာစ အမေရိကန်မှာ စွန့်စား သွားလာသူတွေ၊ နယ်မြေသစ် ရှာဖွေသူတွေဟာ လှည်းတန်း ရှည်ကြီးတွေနဲ့ လှည့်လည် သွားလာကြပြီး စခန်းချ အပန်းဖြေတဲ့ အခါ မီးပုံဘေးတွေမှာ ဂစ်တာတီးပြီး အမောဖြေ ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဂစ်တာတွေဟာလည်း အမေရိကန် ၏ နေရာ အနှံ့အပြား လိုက်ပါခဲ့ရပြီး 

၁၉ ရာစု အကုန် ၁၉၀၀ ပြည့်နှစ် တစ်ဝိုက်မှာတော့ အမေရိကန် လူမည်းတွေရဲ့ ရင်တွင်း ခံစားချက်တွေက ပေါက်ဖွားလာတဲ့ အာဖရိကနွယ်တဲ့ ရက်ဂေးနဲ့ ဘလူးစ် အမျိုးအစားတွေဟာ အစပျိုး အားယူနေပြီဖြစ်ပါ တယ်။ ကျေးလက်တောနေသူတွေရဲ့ ပျော်ပွဲ ရွှင်ပွဲတွေတိုင်းမှာလည်း ဂစ်တာနဲ့ တယောဟာ မပါ မဖြစ် အသုံးပြုနေကြပါပြီ။ 

ဖာနန်ဒိုဆော ကနေ စတင်ပြန့်ပွားခဲ့တဲ့ ဂန္တ၀င် ဂစ်တာတီးဟန်တွေဟာလည်း အဆင့်ဆင့် တိုးတက် လာခဲ့ပြီး စပိန်လူမျိုး အဲန်ဒရက်ဇရိုးဘီးယား (ANDRES SEGOVIA 1893-1987) ရဲ့ ၁၉၂၈ နယူးယောက်မြို့ မှာ ကျင်းပ ခဲ့တဲ့ ဂန္တ၀င် ဂီတပွဲ ကစပြီး ဂစ်တာကို ကမ္ဘာက အာရုံစိုက် လာကြပါတယ် ။ 

ဇရိုးဘီးယား ဟာ သူ့ဘ၀ တလျှောက်လုံး ဂစ်တာကို အမြတ်တစ်နိုး တီးခတ်ခဲ့ပြီး ဂစ်တာ ဂန္တ၀င်တေး သီ ချင်းပေါင်း များစွာကို ဖွဲ့ဆိုရေးစပ် ခဲ့ပါတယ်။ သူ့ရဲ့ ဂစ်တာ လေ့ကျင့်ခန်းတွေကို အမေရိကန်မှာ ရှိတဲ့ ကျောင်းပေါင်း ၁၆၀၁ ကျောင်းမှာ သင်ကြားပို့ချနေဆဲပါ။ 

၁၉၃၀ ပြည့်နှစ်မှာတော့ ဂစ်တာရဲ့ ဖြစ်ပေါ်ပြောင်းလဲမူကို တစ်ဟုန်ထိုး တိုးတက်စေတဲ့ ဖြစ်ရပ် တစ်ခု ကတော့ ရှာလီခရစ်စတင် ဟာ ဂစ်တာရဲ့ အသံကို ပစ်ကပ် (PICK UP) တပ်ဆင်ပြီး အထူး ချဲ့ထွင်ပေးတဲ့ အသံ ချဲ့စက် နဲ့ တွဲဖက်ပေးနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်ကစပြီး ဂစ်တာ သံရဲ့ အတိုး အကျယ်ကို လိုအပ်သလို လုပ်နိုင်တဲ့ အနေအထားကို တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲ တိုးတက်ရောက်ရှိ လာပါတော့တယ်။





ဂစ်တာ အမျိုးအစားများ

ကလက်စီကယ် ဂစ်တာ (Classical Guitar) ကလက်စီကယ် ဂစ်တာ ကို ဖလဲန်မန်ကိုး ဂစ်တာ လို့လည်းခေါ်ကြပါသေးတယ်။ ဒီ ဂစ်တာတွေမှာ ၁၊၂၊၃၊ ကြိုးတွေဟာ နိုင်လွန် ကြိုး တွေဖြစ်ပြီး ၄၊၅၊၆ ကြိုးတွေ ကတော့ ပိုးမျှင်ပေါ်မှာ ၀ါယာ ပတ်ထားတဲ့ ကြိုးတွေဖြစ်ပါတယ်။ 

သူ့နည်းနဲ့ သူ တီးခတ်ဖို့ အတွက်သာ ဖြစ်ပြီး သံမဏိကြိုးတွေ တပ်တီးခြင်း၊ လက်ခတ်နှင့် ရမ်သမ် တီးခတ် ခြင်း တို့လုပ်ရင် ဂစ်တာ ပျက်စီးတတ်ပါတယ်။ ကျွမ်းကျင်သူများ တီးပါက စန္ဒရားသံ ၊စောင်းသံ များလို နားဝင်ပီယံဖြစ်ပါတယ်။ 

စပိန်ရိုးရာ ဖလဲန်မန်းကိုး ဂစ်တာ ဟာလဲ တည်ဆောက်ပုံခြင်း တူညီပြီး ဂစ်တာ ကိုယ်ထည် ကို အသာ အယာ ထုခေါက်လေ့ ရှိတဲ့ အတွက် လက်တင် ပလစ်စတစ်ပြား ကပ်လေ့ ရှိပြီး ဂစ်တာကီးကို တယောကီးလို သစ်သား ဒလက်တွေ တပ်ဆင်တတ်ကြ ပါတယ်။





ဟော်လို (သို့) အခူးစတစ် ဂစ်တာ ( Hallow,Acoustic,Flat top,Steel String Guitar )

အသုံး အများဆုံး ဂစ်တာဖြစ်ပြီး သူ့ အမည်တွေကတော့ (Hollow,Round whole,Acoustic,Flat top, Steel string) တို့ဖြစ်ကြပါတယ်။ အခူးစတစ် ဂစ်တာကို တစ်ယောက်တည်းရော အပေါင်းအသင်းတွေနဲ့ပါ ၀ိုင်းဖွဲ့ တည်းခတ်နိုင်ပါတယ်။ 

ကလပ်စီကယ် နဲ့ ဖလဲန်းမန်းကိုး တီးနည်းတွေကို ချွင်းချက် ထားပြီး ဖိုခ့်၊ ကန်းထရီး ၊ရောခ့်တေးသားတွေကို လက်ချောင်းနဲ့ဖြစ်စေ၊ လက်ခတ်နဲ့ဖြစ်စေ တီးခတ်နိုင်တဲ့အပြင် အသံချဲ့စက် နဲ့ တွဲဖက် ဖို့ ပစ်ကပ် အသေ (သို့) အရှင် တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ 

များသော အားဖြင့် ၆ ကြိုးတပ် ဂစ်တာတွေပဲ ထုတ်လုပ်လေ့ ရှိပြီး ၈ ကြိုး နဲ့ ၁၂ ကြိုး ဂစ်တာတွေကလည်းထုတ်လုပ် ကြပါတယ်။ အခူးစတစ် ဂစ်တာတွေမှာ အရွယ်အစား ကြီးမားတဲ့ ဂျမ်ဘိုဂစ်တာတွေဟာ ကောင်းမွန်တဲ့ ဘေစ့်သံ ထွက်ရှိပြီး ရမ်သမ်တီးတဲ့ အခါမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိပါတယ်။ 

ဒါပေမယ့် စတင် တီးခတ်သူတွေ အတွက်ကတော့ ဂျမ်ဘို ဂစ်တာတွေနဲ့ မသင့်တော်ပါဘူး။ အမေရိကန် အိုဗေးရှင်း (Ovation)၊ ဖဲန်ဒါ (Fander)၊ ဂစ်ဘဆင် (Gibson) နဲ့ ဂျပန် ယာမာတာ (Yamaha) ဂစ်တာတွေဟာ အလွန်ကောင်းတဲ့ ဂစ်တာတွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့နှိင်ငံခြားဖြစ် ဂစ်တာတွေဟာ ပြည်တွင်းဖြစ် ဂစ်တာတွေရဲ့ အသံလောက် မကောင်း တာတွေရှိပါတယ်။





ဒိုဘရို (သို့) ရက်ဇဲန်နေတာ ဂစ်တာ (Dobro,Resonator Guitar) 

ဒီဂစ်တာတွေဟာ ရိုးရိုး ဂစ်တာတွေနဲ့ တည်ဆောက်ပုံ နဲနဲကွာပါတယ်။ လက်ခတ် နဲ့ လိဒ်၊ ရမ်သမ် တီး ခတ်နိုင် သလို ဂစ်တာကို ပက်လက် ထားပြီး ဘယ်လက်က သတ္တုတုံး ငယ်နဲ့ ဖိပြီးလည်းတီးခတ်ကြပါတယ်။ 

ပက်လက် တီးရတဲ့ ဂစ်တာတွေမှာ ကြိုးနဲ့ လက်ပေါက်ပြားကို နဲနဲ ပိုခွာထားကြပါ တယ်၊ ဂစ်တာရှေ့ဖုံးမှာ သတ္တုပြား အ၀ိုင်းကြီး တပ်ထားပြီး ကိုယ်ထည်နဲ့ ဂွင်ကျတဲ့ အသံတုန်နှုန်းတွေကို တုန့်ပြန်မှုကောင်းအောင်လုပ်ထားပါတယ်။ ဟာဝိုင်အီ ဂစ်တာ သမားတွေဘလူးစ် နဲ့ ဂျဲဇ် ဂစ်တာ သမားတွေရဲ့ အသည်းစွဲ ဂစ်တာတစ်မျိုးဖြစ်ပါတယ်။





ဆီမီ - အခူးစတစ်ဂစ်တာ (Semi - Acoustic Guitars) 

ဒီဂစ်တာရဲ့ အခြား နာမည်တွေ ကတော့ ပလက်ထရမ် ဂစ်တာ (Plectrum guitar) အာ့တောပ့် ဂစ်တာ (Archtop guitar) နဲ့ အက်ဖ်ဟိုလ်း ဂစ်တာ (F hole guitar) တို့ဖြစ်ကြပါတယ်။

 ဆောလစ် ဂစ်တာတွေထက် ပေါ့ပါးပြီး ရိုးရိုး ဂစ်တာလို တီးခတ်နိုင်တဲ့ အပြင် ဂစ်တာအသံချဲ့စက်နဲ့လည်း တွဲဖက် တီးခတ်နိုင်ပါတယ်။ ဒီနေ့ ဘလူးစ် နဲ့ ဂျဲဇ်ဂစ်တာ အကျော်အမော်တွေရဲ့ လက်စွဲ ဂစ်တာတစ်မျိုးဖြစ်ပါတယ်။





ဆောလစ် ဂစ်တာ (Solid Guitars)

ဒီဂစ်တာတွေကို အီလက်ထရစ် ဂစ်တာ (Electric guitar) လို့လည်း လူသိများကြပါတယ်။ ဂစ်တာ အသံချဲ့ စက် နဲ့ပဲ တီးခတ်ဖို့ ပုံစံ ထုတ်လုပ်ထားတဲ့ အတွက် အသံ အရည်အသွေးဟာ ပစ်ကပ်တွေပေါ်မှာပဲ မူတည်ပါတယ်။

ကြိမ်နှုန်း တုန့်ပြန်မှုကတော့ လက်ပေါက်ပြား၊ ကိုယ်ထည်နဲ့ ပစ်ကပ် အထားအသို ပေါ်မှာ မူတည်ပါတယ် ။ ဆောလစ် ဂစ်တာတွေနဲ့ ဆီမီ - အခူးစလစ် တစ်ဂစ်တာတွေဟာ တီးခတ်တဲ့ အခါမှာ လွယ်ကူပြီး သက်တောင့် သက်သာ ရှိအောင် ထုတ်လုပ်ထားတဲ့ အပြင် ကြိုးအထူ အပါးလည်း စိတ်ကြိုက် ရွေးပြီးတပ်ဆင်နိုင်တာကြောင့် ခေတ်ပေါ် ဂစ်တာသမားတွေ အားလုံးက နှစ်သက်စွာ အသုံးပြုကြပါတယ်။ နာမည်ကြီးဆောလစ် ဂစ်တာတွေကတော့ ဂစ်ဘဆင် ၊ဖဲန်ဒါ၊ အိုင်ဘားနက်ဇ်၊ ယာမာဟာ တို့ဖြစ်ကြပါတယ်။









စတိန်းဘာဂျာ ဆောလစ် ဂစ်တာ (Steinberger Solid Guitars)

ဒီဂစ်တာတွေနဲ့ ရိုးရိုးဆောလစ် ဂစ်တာတွေရဲ့ အဓိက ကွာခြားချက်ကတော့ ကီး တပ်ဆင်ထားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ စတိန်းဘာဂျာ စနစ်မှာ ကီးဟာ ဂစ်တာရဲ့ ခေါင်းပိုင်မှာ မရှိပဲ ကိုယ်ထည်မှာ တပ်ဆင်ထားတာကလွဲလို့ ကျန်တာ ဘာမှ မပြောင်းလဲမှု မရှိပါဘူး။

 ဆောလစ် ဂစ်တာတွေဟာ ကိုယ်ထည် ပုံသဏ္ဌာန် လွပ်လပ်မှုမရှိတာကြောင့် မျှားဦးပုံ၊ ရဲဒင်းပုံ၊ စာတိုက်ပုံးပုံ၊ အရိုးခြောက်ပုံ၊ အမျိုးသမီးပုံ စတဲ့ ပုံဆန်းတွေ ထုတ်လုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် ဘယ်ဂစ်တာပဲ ဖြစ်ဖြစ် ပုံဆန်းဖို့ထက် အသံ နဲ့ တီးခတ်ရ လွယ်ကူမှု ရှိဖို့ ပိုအရေးကြီးပါတယ်။






ကီတာရာ ဂစ်တာ (The Kitara guitar)

Kitara နောက်ဆုံးပေါ် ဒီဂျစ်တယ် toch screen ကြိုးမဲ့ လျှပ်စစ် ဂစ်တာပါ ။ သာမန် ဂစ်တာများမှာ ပါရှိတဲ့ သမားရိုးကျ သံမဏိကြိုးများအား တီးခတ်ရာတွင် သုံးသည့်  ပလက်ထရမ် ( plectrum ) မလိုပဲ ၎င်းအစား လက်ချောင်း ထိပ်ဖျားလေးများဖြင့် တို့ ထိ တီးခတ်နိုင်မည့် ကြိုးခြောက် ချောင်း ပုံစံ သရုပ်ပြပါရှိမည့် ဖန်သားမျက်နှာပြင် တစ်ခု ပါရှိမှာဖြစ်ပါတယ် ။ ကြိုးညှိစရာ မလိုတာမို့ တီးခတ်ရာမှာ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ် ။






ဂစ်တာ ရွေးချယ်ခြင်း

စတီးမယ့် သူအတွက် ဂစ်တာကောင်း၊ မကောင်း အရေးမကြီးဘူးလို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ အတော်လေး အရေးကြီးပါတယ်။ မတီးတတ်သေးတော့ ဂစ်တာ ရွေးရာမှာ အခက်အခဲ ရှိနိုင်ပေမယ့် အ လွယ် တစ်ကူ သိနိုင်တဲ့ ယေဘူယျ အချက်လေးတွေကိုဖော်ပြပါ့မယ်။


ဥပမာ - ဈေးတူတဲ့ ဂစ်တာသုံးလုံး ရွေးချယ်မယ် ဆိုကြပါစို့ ၊ သုံးလုံးစလုံးရဲ့ အသံ ညီနေအောင် ညိုပေးဖို့ အကူ အညီင်္တောင်းပါ။ ပြီးပြီ ဆိုလျှင် ကျနော်ပြောတဲ့ အချက်လေးတွေနဲ့ စစ်ဆေးကြည့်ရမှာပါ။

တစ်လုံးစီကို လက်အား ညီမျှအောင် ချိန်ဆပြီး တီးကြည့်ပါ။ - ပိုကျယ်တဲ့ ဂစ်တာက ပိုကောင်းပါတယ်။
- ဂစ်တာ တစ်လုံးစီကို မကြည့်ပါ ။ - ပိုပြီးပေါ့တဲ့ ဂစ်တာက ပိုကောင်းပါတယ်။
- လက်ပေါက်ပြားရဲ့ ၁၄ ကွက်မြောက်လောက်မှာ ကြိုးနဲ့ လက်ပေါက်ပြားရဲ့ အကွာအဝေးကို ချိန်ဆကြည့်ပါ။ - ကြိုး ပိုနိမ့်တဲ့ ဂစ်တာက ပိုကောင်းပါတယ်။
- လက်တံကိုနှိုင်းယှဉ်ကြည့်ပါ။ - မတုတ်လွန်း မထူလွန်းတဲ့ ဂစ်တာက ပိုကောင်းပါတယ်။
- ကြိုးတစ်ချောင်းစီကို ကိုယ်ထည်ဘက်ကို တစ်ကွက်ချင်းနှိပ်ကြည့်ပါ။ - ကြိုး မညိတဲ့ ဂစ်တာ က ပိုပြီးကောင်း ပါတယ်။
- နောက်ဆုံး အချက်ကတော့ သိကြတဲ့အတိုင်း ပိုပြီး လက်ရာ သပ်ရပ်တဲ့ ဂစ်တာကပိုကောင်းပါတယ်။

ဂစ်တာ အဟောင်း ဆိုလျှင်လည်း ဒီအချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ချိန်ဆပြီး ၀ယ်နိုင်ပါတယ်။ ပထမဆုံးသော ကိုယ့်ရဲ့ ဂစ်တာကို အလေးထားရွေးချယ်ဖို့ မှာရတာက မသင့်လျှော်တဲ့ ဂစ်တာနဲ့ စမိရင် စိတ်ပျက် လက်လျှော့လေ့ ရှိကြတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ပုံဆန်းတာကို မကြည့်ဘဲ ကိုယ်နဲ အဆင်ပြေဖို့ ကို အလေးထားရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။






ဂစ်တာနှင့် ဂီတ အဖွဲ့များ၏ ထိုးဖောက်လာမှု

ရော့ခ်အင်ရိုး (ROCK AND ROLL) လူငယ် အဆိုတော် ပရက်စလေ ဟာ ၁၉၅၆ မေလ မှာ ထုတ်ဝေခဲ့တဲ့ (HEART BREAK HOTEL) ဓါတ်ပြား နဲ့ ထိပ်ဆုံး ကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ ဂစ်တာ လွယ်ပြီး သီချင်း ဆိုဟန်တွေကြောင့် လူငယ်ထု ကြားမှာ ဂစ်တာဟာ အရှိန်အဟုန် နဲ့ ပြန့်ပွားခဲ့ပါတယ်။ 


၁၉၆၀ နှစ်တွေမှာ ရိုးရာ ဘလူးစ် (TRADITIONAL BLUES) နဲ့ ခေတ်ပေါ် ဂီတ (WHITE POP MUSIC) ရောမွှေထားတဲ့ (RHYTHM AND BLUES (or) R n B) ဂီတ အမျိုးအစား ခေတ်စား လာခဲ့ပြီး လူမည်း ဂစ်တာသမား ချပ်ဘာရီ (CHUCK BERRY) ရဲ့ လက်သံတွေဟာ အင်္ဂလိပ်ခေတ်ပေါ် ဂီတ အုပ်စုတွေ အပေါ်မှာ သြဇာ လွှမ်းမိုး သက်ရောက်ခဲ့ပါတယ်။

ပရက်စလေ ရဲ့ သီချင်းတွေကြားမှာ ကြီးပြင်းလာတဲ့ လူငယ်တွေထဲ ကနေ ဖွဲ့ စည်းဖြစ်ပေါ်လာခဲ့တဲ့ အင်္ဂလိပ်ပေါ့နဲ့ ရော့ခ် အဖွဲ့ ဖြစ်တဲ့ (BEATLES 1960) ဟာ ကမ္ဘာမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂစ်တာ ကို ခေတ်ပေါ် ဂီတရဲ့ အဓိက မဏ္ဍိုင် တူရိယာ အဖြစ်ကို ရောက်ရှိအောင် ပို့ ဆောင်ပေးခဲ့ကြပြန်ပါတယ်။ 


(COUNTRY) နဲ့ (JAZZ) ဂစ်တာ အကျော်အမော် တွေဖြစ်ကြတဲ့ ချက်အက်ကင် (CHETATKINS)၊ မာ့ခ်နော်ဖလာ (MARKNOPELER) နဲ့ ရွိုင်းကလာစ် (ROY CLARK) တို့နဲ့ ကမ္ဘာကျော် ဂစ်တာတီးဝိုင်း VENTURES တို့ရဲ့ ဂစ်တာ လက်သံတွေဟာ ဂစ်တာ ၀ါသနာရှင်တွေ အများအပြား ကို ဖြစ်ပေါ်စေခဲ့ပါ တယ်။ 

ယနေ့ ကမ္ဘာမှာ အင်အားကောင်းနေတဲ့ ROCK ဂီတ ရဲ့ Distortion အသံတွေ. Feedback အသံတွေ၊ wah wah effect စတာတွေရဲ့ ဖခင်ကြီး တစ်ဦး ကတော့ လူမည်း ဂစ်တာသမား ဂျင်မီဟန်းဒရပ် (JIMMI HENDRIX 1942-1970) ဘဲဖြစ်ပါတယ်။ သူ့ရဲ့ ဘယ်ဖက်နဲ့ ဂစ်တာ ကို ကျွမ်းကျင်စွာ တီးခတ် ခဲ့တဲ့ ဟန် ပန်တွေ ဟာလည်း လူငယ် ပရိသတ်တွေကို အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။





ဂစ်တာ ထုတ်လုပ်ရေး

ကမ္ဘာကျော် ဂစ်တာ ကုမ္ပဏီကြီးများ ဖြစ်ကြတဲ့ ဂစ်ဘဆင် (GIBSON)၊ ဖန်ဒါ (FENDER) တို့ဟာလည်း ဂစ်တာ အမျိုးအစား အမျိုးမျိုးကို ပုံစံပေါင်းမြောက်များစွာနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ယနေ့ခေတ် အချိန်အခါတွင် လျှပ်စစ် ဂစ်တာ (ELECTRIC GUITAR) တွေနဲ့ အသံ ကို အမျိုးမျိုးပြောင်းနိုင်တဲ့ စက် (GUITAR EFFECT PROCESSOR )၊ အသံချဲ့စက် (AMPLIFIER) တွေကို တစ်ဆင့်ထက် တစ်ဆင့် ပိုမိုကောင်းမွန် တိုးတက်လာအောင် တီထွင် ဖန်တီး အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

ယနေ့ ဂီတ အမျိုးအစားများ ဖြစ်ကြတဲ့ ဂန္တ၀င်ဂီတ (CLASSICAL)၊ စပိန် ဖလန်မန်ကို (FLAMINCO)၊ ဘလူးစ် (BLUES)၊ ဂျက်ဇ် (JAZZ)၊ ကလပ်စစ်ရော့ခ် (CLASSIC ROCK)၊ ရော့ခ်အဲန်ရိုး (ROCK n ROLL)၊ ရစ်သန်အဲန်ဘလူးစ် (R n B)၊ ကျေးလက်ရော့ခ် (COUNTRY ROCK)၊ ဟာ့ဒ်ရော့ခ် (HARD ROCK)၊ ဟဲဗီးရော့ခ် (HEAVY ROCK)၊ မယ်တယ်ရော့ခ် (METAL ROCK)၊ လိုက်ရော့ခ် (LIGHT ROCK)၊ အော်တာရော့ခ် (ALTERNATIVE ROCK)၊ အင်ဒီရော့ခ် (ANDI ROCK) စတဲ့ အမျိုးအစား များစွာ တွေမှာ ဂစ်တာ ကို လုံးဝ မပါမဖြစ် တီးခတ်ကြရပြီး ဂစ်တာ နဲ့ ပတ်သတ်တဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေ အားလုံး ကိုလည်း အပြိုင်အဆိုင် ဆက်လက် တီထွင် ထုတ်လုပ် တီးခတ်နေကြတဲ့အတွက် ဂစ်တာ တူရိယာရဲ့ အခန်းကဏ္ဍ ဟာလည်း နောင်နှစ်ပေါင်းများစွာ တိုင်အောင် ဆက်လက် ရှင်သန်နေဦးမှာပင် ဖြစ်ပါတယ်။

မြန်မာပြည်တွင်း မှာလည်း အရည်အသွေးမီ ဂစ်တာ တူရိယာ ထုတ်လုပ်သူ အချို့ရှိနေပါတယ်။ အရည်အသွေးပိုင်းနှင့် ပတ်သက်ပြီး နာမည် ရသော ထုတ်လုပ်သူ တစ်ဦးအား မဂ္ဂဇင်း တစ်ခုမှ (ဂျာနယ် မဟုတ်ပါ) သွားရောက်တွေ့ဆုံမေးမြန်းပြီး သတင်း ရယူခဲ့ရာတွင် ဂစ်တာ တူရိယာကောင်း တစ်လက် ထုတ်လုပ်နိုင် ရန် ခဲတံနှင့် ပေတန်ကောင်းကောင်း လိုကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဖလက်တံ ပေါ်တွင် ဘား များကို အကွာ အဝေး တိကျစွာ တပ်ဆင်နိုင်ရန် ရည်ညွှန်းကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထွင်းအိုး ဂစ်တာ ထုတ်လုပ်သူများလည်း ရှိနိုင်သောကြောင့် ၀ါသနာပါ တတ်ကျွမ်းနားလည်သူ တို့က ပြည်ပပို့ရန် အဆင့်မီ မမီ အကဲဖြတ်ပြီး ဈေးကွက် ရှာဖွေပေးရန် သင့်လျော်ပါတယ်။








ရှေး ကြိုးတပ် ဂစ်တာ ရဲ့ မူလအစ

ရှေးကြိုးတပ် ဂစ်တာရဲ့ မူလ အစဟာ သိပ်မရေရာပါ။ သို့သော် ၎င်းကို Lyra ဆိုတဲ့ တူရိယာ အဖြစ်ကနေ
စတင်ခဲ့တယ် လို့ ယုံကြည်ရပြီး ရှေးအီဂျစ် BC3000 ဆီကို ပြန်ခြေရာကောက်နိုင်သည်။ ရာစုနှစ်ပေါင်းများစွာ အတွင်း Lyra ဟာ (အလယ်ခေတ် Lute အပါအ၀င်) အသွင်သဏ္ဌာန် အမျိုးမျိုး အဖြစ် ဖြတ်သန်းလာခဲ့ ရသည်။







ဒီလိုဖြတ်သန်းလာရင်း အလယ်ခေတ်မှာ Lute ဆိုတဲ့ ဗျပ်စောင်းကြိုးတပ် တူရိယာ အဖြစ်ပုံပေါ်လာပါတယ်။ (Lute) ဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာ ရဲ့ မူရင်း နိမိတ်ပုံ ပါပဲ။






ဂစ်တာရဲ့ မူလအစ ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ ပတ်သက်လို့ မှန်းဆချက် နှစ်မျိုးရှိသည်။

၁ - Assyria မှာ Lute အဖြစ်နဲ့ စတင်ခဲ့ပြီး အီဂျစ်၊ ပါရှန်း နဲ့ အာရေးဗီးယား တို့ကိုဖြတ်၍ နောက်ဆုံး ၈-ရာစု ၀န်းကျင်မှာ စပိန်ကို ရောက်ရှိလာတာနဲ့

၂ - Assyria လူမျိုး တို့ရဲ့ Ketharah နဲ့ 






ဂရိ လူမျိုး တို့ရဲ့ Kitara တို့ဟာ တစ်ဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး





Chrotta ကို ပြန်လည် အမည် မှည့်ခေါ်ထားတဲ့ Citara-Roman တူရိယာ အဖြစ် တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာကာ....





စပိန် ဂစ်တာရဲ့ အနီးစပ်ဆုံး Vihula တူရိယာ ဖြစ်လာသည်။





၁၂-ရာစု အတွင်းမှာ စပိန်တွင် ဂစ်တာ ပုံစံ နှစ်မျိုး ခေတ်စားခဲ့သည်။

၁ - ဂရိ နဲ့ ရောမ တူရိယာတွေက ဆင်းသက် လာတဲ့ Guitarra Latina
၂ - အာဖရိက မှ အမွေဆက်ခံ ခဲ့တဲ့ Guitarra Morisca တို့ဖြစ်သည်။

Guitarra Latina ဟာ ကြိုး ၄ကြိုး (၁ကြိုး ချင်းစီ) ပါဝင်ပြီး ယနေ့ခေတ် ဂစ်တာ နဲ့ ဆင်တူပါသည်။ 

သူ့ကို Puntrado (Plucked) Style နဲ့ အတီးများပါတယ်။

Guitarra Morissa ဟာ ကျောနောက်မှာ အ၀ိုင်းပုံ နဲ့ ဘဲဥပုံ (oval shaped) တူရိယာဖြစ်ပြီး အတော်များတဲ့ နှစ်ကြိုးပူး၊ သုံးကြိုးပူး ကြိုးတွေပါရှိသည်။ သူ့ကို ကြမ်းတမ်းတဲ့ Rasgueado Style နဲ့ တီးခတ်ကြသည်။







၁၆-ရာစု စပိန် မှာ ပေါ်ပေါက်လာတဲ့ Vihuela ဟာလည်း ပုံစံ မျိုးစုံရှိခဲ့သည်။ Vihuela de Mano ဟာ လက်ချောင်းလေးတွေနဲ့ တီးရပြီး၊ Vihuela de Arco က ဘိုးတံ နဲ့ ထိုးရကာ၊ Vihuela de Plectro ကတော့ လက်ခတ် နဲ့ တီးခတ် ရပါသည်။

ယနေ့ခေတ် ဂစ်တာ ဟာ Vihuela de Mano မှ တိုက်ရိုက် ဆင်းသက်လာခြင်းဖြစ်သည် ။ Vihuela ရဲ့ ဒုတိယ မှ ဆဌမကြိုး အထိဟာ အပူး အတွဲများ ဖြစ်ပြီး၊ ပထမကြိုး ကတော့ တစ်ချောင်းထဲ ဖြစ်သည်။ အသုံးအများဆုံး ကြိုးညှိနည်း ကတော့ G, C, F, A, D, G (6 to 1) ဖြစ်သည်။

၎င်းကြိုးညှိနည်း ဟာ ယနေ့ စံသတ်မှတ်ထားတဲ့ ကြိုးညှိ နည်းနဲ့ ညှိထားတဲ့ ဂစ်တာ ရဲ့ တတိယမြောက် အကွက် မှာ Capo ခံ၊ တတိယမြောက်ကြိုးကို အသံဝက် လျှော့ညှိထား တာနဲ့ အတူတူပဲဖြစ်ပါသည်။

၁၆-ရာစု အတွင်းမှာ Vihuela နဲ့ ဂစ်တာကို အသုံးပြုတဲ့ ကြိုး အရေအတွက်ပေါ် မူတည်ပြီး ခွဲခြားခဲ့ကြသည်။ အဲဒီအချိန်က ဂစ်တာ မှာ ကြိုး ၄ကြိုး ရှိပြီး၊ ဒုတိယကြိုးမှ စတုတ္ထကြိုး အထိ ကြိုး အပူးများဖြစ်ကာ ပထမကြိုးကတော့ စင်းလုံးချော တစ်ကြိုးထဲသာဖြစ်သည်။ သို့သော် ၁၆-ရာစု ကုန်ဆုံးချိန်မှာ Vihuela နဲ့ သူ့ဂီတဟာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရပါသည်။

စပိန် မှာလည်း ၁၇-ရာစု အဆုံးမှာ Harpsichord နဲ့ ဂစ်တာတို့ ပေါ်ပေါက်လာမှုကြောင့် Lute တူရိယာဟာလည်း ပျောက်ကွယ်ခဲ့ရသည်။







Vicente Espinel (1551-1642) ဟာ ဂစ်တာ ဖွံ့ဖြိုးတိုးတက်မှု အပေါ် စိတ်ရော၊ ကိုယ်ပါ ဘ၀ကို နှစ်မြှုပ်ထားပြီး ရိုးရာ ၄ ကြိုးတပ် Guitarra Latina ကို ကြိုး အပိုတွေ ထပ်ဖြည့်လိုက်ရာ အဲဒီ အချိန် ကတည်းက စပြီး စပိန် ဂစ်တာ (Spanish Guitar) ဆိုပြီး အောင်မြင် လူသိများ ကျော်ကြားခဲ့ပါသည်။ အဲဒီ ဂစ်တာမှာ ကြိုး ၅ ကြိုး တပ်ထားပါသည်။

Baroque ခေတ် (1600-1750) နဲ့ Rococo ခေတ် နှစ်ခုကြား ၁၈-ရာစု အတွင်းမှာတော့ ဂစ်တာရဲ့ပြောင်းလဲ တိုးတက်မှုဟာ တန့်နေတဲ့ အခြေအနေထဲ ကျဆင်းသွားခဲ့သည်။ ထိုအချိန် အတွင်း ကီးဘုတ် နဲ့ကြိုးတပ်တူရိယာ (ဂစ်တာ မပါဝင်) တွေဟာ ထိပ်တန်းသို့ ရောက်နေခဲ့ကြပါသည်။

၁၈-ရာစုနှောင်းပိုင်းမှ ၁၉-ရာစု အ၀င် ဂစ်တာကို စိတ်ဝင်စားမှုက ပြန်လည်ခေတ်စားဖို့ စတင်လာခဲ့သည်။ ၁၈၅၀နှစ်များ မှာတော့ J. Areas နဲ့ Antonio Tesses တို့ရဲ့ အကူအညီနဲ့ ခေတ်သစ် ဂစ်တာရဲ့ ပုံစံကို ရေးဆွဲလိုက်ကြပါသည်။ ဒါဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာ ပုံစံပဲ ဖြစ်ပါသည်။







၁၉၃၁ မှာ Rickenbacker ဆိုသူဟာ သူ့ ကိုယ်ပိုင် ဒီဇိုင်းဖြစ်တဲ့ ဒယ်အိုးခွက် သဏ္ဃန် ကိုယ်ထည် ရှိပြီး၊ ပေါင်ပေါ် လှဲ တီးခတ်ရတဲ့ Lap-steel ဂစ်တာတွေမှာ.....



လျှပ်စစ်သံလိုက်သုံး Pickups



လျှပ်စစ် သံလိုက်သုံး Pickups ကို စတင် တပ်ဆင် အသုံးပြုလိုက်ခြင်းဖြင့် လျှပ်စစ် ဂစ်တာခေတ် ကို စတင် ဖွင့်လှစ်လိုက်ပါသည်။ နောက်တစ်နှစ် အကြာမှာတော့ ထိုလျှပ်စစ် ဂစ်တာတွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကာ အပေါ်ဖုံး မျက်နှာပြင် ခုံးပေါ် တပ်ထားတဲ့ Pickups ကတော့ မြင်းခွာပုံ သံလိုက်သုံး Pickups ဖြစ် ပါသည်။ Electro Spanish ဂစ်တာတွေရဲ့ အောင်မြင်မှုက တစ်ခြားဂစ်တာ ထုတ်လုပ်သူတွေကို လျှပ်စစ်ဂစ်တာ ထုပ်လုပ်ဖို့ တပ်လှန့်ပေးလိုက်ခြင်းပါပဲ။





၁၉၃၀နှစ်များ အတွင်းမှာတော့ ဂစ်တာတွေကို Higher Octave တွေ အထိ တီးခတ်နိုင်ဖို့ အတွက် Cutaway တွေ တွင်တွင် ကျယ်ကျယ် လုပ်လာတာကို တွေ့ကြရမည်။ ၁၉၄၀နှစ်များ မှာတော့ တီထွင်ဖန်တီးရှင် အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Paul Bigsby ဟာ Country ဂစ်တာ သမား Merle Travis အတွက် ပထမဆုံး Solid Body လျှပ်စစ် ဂစ်တာကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒီ ဂစ်တာဟာ သူ့ခေတ် သူ့အခါမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတယ် လို့ ဆိုရမှာပဲဖြစ်ပါတယ်။






1952-ခုနှစ်မှာ Gibson ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး (ယခုအချိန် အထိ ဂစ်တာသမားများ မက်မက် စက်စက် တီးနေကြတဲ့) Solid Body လျှပ်စစ် ဂစ်တာ Les Paul ကို ထုတ်လုပ်လိုက်ပါသည်။






နောက်ဆုံး အနေနဲ့ ပြောချင်တာကတော့ ဟိုးအရင်ကတည်းကနေ နောင်အချိန်အထိ ပြောင်းလဲတိုးတက်နေဦးမယ့် ဂစ်တာကို ယခု အချိန်မှာ အဓိက ပုံစံ ၃မျိုး ခွဲခြားနိုင်ပါသည်။
ဒါတွေ ကတော့ .....


Nylon String Classical Guitar








Steel String Acoustic Guitar နဲ့
 


Solid Body Electric Guitar   တို့ပဲ ဖြစ်ကြပါသည်။








အထက်ပါ ဂစ်တာ သမိုင်းဆောင်းပါး ကို http://auniquelifenote.blogspot.com/2012/07/guiter-kithara-moor-rebec-gittern-ad_4851.html မှ ကူးယူဖေါ်ပြခြင်းဖြစ်ပြီး မူရင်း ရေးသားသူမှာ 
ကိုတင်မြင့်မော် ဖြစ်ပါတယ် ခင်ဗျာ ။

ကိုးကား ကျမ်း အနေနဲ့ http://www.guyguitars.com/eng/handbook/BriefHistory.html မှ တစ်ဆင့်

ကိုးကား ထားခြင်းဖြစ်ပါတယ် ။

ဓါတ်ပုံများ ကိုတော့ google search engine မှ ရှာဖွေထားခြင်းဖြစ်ပါတယ် ။

အားလုံးပဲ ကောင်းသောနေ့လေးများဖြစ်ကြပါစေခင်ဗျာ ။

Blue Paradise



No comments:

Post a Comment