Thursday, February 9, 2017

လွတ်လပ်မှုကိုမြတ်နိုးတဲ့ ရော့ခ်ဂီတ ကိုယ်စားပြုနိုင်သူ ဂြိုလ်သားကြီး " ဟယ်ရီလင်း "



* တေးသံရှင်-ပရိုဂျူဆာ ဟယ်ရီလင်း ရဲ့ အတ္ထုပ္ပတ္တိအကျဉ်း *
တေးသံရှင်-ပရိုဂျူဆာ ဟယ်ရီလင်း ကို သျှားမီး ချိုချဉ်လုပ်ငန်းပိုင်ရှင် ဦးကိုလေး နဲ့ ဒေါ်ခင်စန်း တို့က ၁၉၆၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်ပြီး အမည်ရင်းမှာ ထွန်းမြင့်ဦးဖြစ်ကာ နာမည်ပြောင်မှာ `အာဂ´လို့ သိရပါတယ်။

သူငယ်တန်း မှ ရှစ်တန်းထိ မန္တလေးမြို့ အမှတ် (၁၄) ကျောင်းမှာ ပညာသင်ကြား ခဲ့ပြီးနောက် ရှစ်တန်းမှာ ပင် ဆံပင်ရှည် ထားခဲ့တဲ့အတွက် ကျောင်းထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက် ရှစ်တန်းကျောင်းသားဘဝဖြင့် ပလက်ဖောင်း လူငယ်ဘဝနဲ့ ညကျောင်း တက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။
 ကျောင်းသား ဘဝကတည်းက ဆရာဖရန့် ဆီမှာ စန္ဒရား၊ ဂီတာ အတီးသင်ခဲ့တဲ့ ဟယ်ရီလင်း ဟာ အဋ္ဌမ  တန်း ကျောင်းသား ဘဝမှာပင် ဂီတာ သင်တန်းမှာ သင်တန်းဆရာ အဖြစ် ရပ်တည်လာခဲ့ပါတယ်။ ဟယ်ရီလင်း ဟာ ဗေဒင် ကိုလည်း ယုံကြည်ပါတယ်။ အခွေ ထွက်တော့မယ့် အချိန်မှာ ဆရာ စံဇာဏီဘို ဆီသွားပြီး အနုပညာအမည် တောင်းခံခဲ့ပါတယ်။
 သောကြာနံ နဲ့ ဗုဒ္ဓဟူး နံ တွဲပြီးပေးပါဆိုတဲ့ အတွက် ဟယ်ရီလင်း လို့ သူ့ ဘာသာ အမည်ပေးခဲ့တာပါ။ ခင် မင်သူတွေ ကတော့ ဃကြီးရယ် လို့ပဲ ခေါ်ကြပါတယ်။ ပလက်ဖောင်း လမ်းဘေး ဘဝနဲ့ ဂီတာတွေ တီး၊ သီ ချင်းတွေ လိုက်ဆို၊ သင်တန်းဆရာ ဘဝနဲ့ ဂီတာ စန္ဒရား ပြန်သင်ပေးလိုက်၊ သူငယ်ချင်းတွေစုပြီး သင်္ကြန်ပွဲတွေ တီးလိုက် လုပ်ခဲ့တဲ့ ဟယ်ရီလင်း တစ်ယောက် ၁၉၈၀ပြည့်နှစ်ဝန်းကျင်က စတင်ပြီး အမျိုးသမီး အဆိုတော် သူငယ်ချင်း သီတာ နဲ့ တွဲကာ ` မီးသင့်မြေမှ အငွေ့ အသက်များ´တေးစုဖြင့် ဂီတလောက သို့ စတင်အခြေချခဲ့ပါတယ်။
 ကြိုးစား ဖန်တီးထားတဲ့ မီးသင့်မြေမှ အငွေ့အသက်များ တေးစုဟာ လုပ်ငန်း မကျွမ်းကျင်မှု ငွေကြေး အင်အား ချို့တဲ့မှုတွေကြောင့် ပရိသတ် လက်ထဲကို မရောက်လာနိုင်ခဲ့ဘဲ ` မိုးကြိုးသွားရဲ့ ပြင်းထန်တဲ့ အလျင် (သို့မဟုတ်) ဟယ်ရီလင်း ရဲ့ဟယ်ရီလင်း´ တစ်ကိုယ်တော် တေးစု ကသာ ပရိသတ်လက်ထဲ ရောက်နိုင်ခဲ့ပါတယ်။
 နောက်ဆုံး ထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်တေးစု အမည်ကတော့ `နောက်လူမြည်းရင် ချိုပါစေ´ (မင်းမင်း လတ် သီချင်းများ ပြန်လည် ခံစားသီဆိုမှု) ဖြစ်ပါတယ်။ ဇနီးဖြစ်သူ မသိင်္ဂီမြင့် နဲ့ ၂၀၀၀ပြည့်နှစ်၊ မေလ ၁၂  ရက်နေ့ မှာ လက်ထပ်ခဲ့ပြီး သမီးကြီး ယွန်းယွန်း နဲ့ သားငယ် လင်းခန့်အောင် တို့ကို မွေးဖွားခဲ့ပါတယ်။


~~  ဟယ်ရီလင်း ရဲ့ အနုပညာ မှတ်တမ်းများ ~~
တေးသံရှင် ဟယ်ရီလင်း ဟာ ငယ်စဉ်ကျောင်းသား ဘဝမှာ ကတည်းက ကျောင်းမှာ သီချင်း သီဆိုတဲ့ အခါ (ခရစ်ယာန်ကျောင်းမှာ နေခဲ့ရသူဖြစ်ပါတယ်) တစ်ခြားကျောင်းသားတွေရဲ့အသံ ကို ဖုံးလွှမ်း သွားသည်အထိ ကျယ်လောင်ကြည်လင် စူးရှလွန်း တာကြောင့် ဆရာတွေ ကရော ကျောင်းက သူငယ်ချင်းတွေ ကပါ အာဂကောင် ဆိုပြီး အာဂ ဆိုတဲ့ ငယ်နာမည်ကို ရလာခဲ့တာပါ။ 
ရှစ်တန်းကျောင်းသား ဘဝမှာ ညကျောင်း တတ်ရတော့ ကျောင်းသင်ခန်းစာ ထက် ဂီတ ကိုသာ အာရုံစူးစိုက်မိတဲ့ အထိ အနုပညာ ဗီဇ ပါလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ မန္တလေး သင်္ကေတ မြို့မ တီးဝိုင်းကြီး မှာ ရှေ့ထွက် အဆိုတော် အနေနဲ့ ခေတ်ပေါ်သီချင်းတွေ သီဆိုခဲ့ဖူးတဲ့ မန္တလေး ဧဒင်တေးဂီတ အဖွဲ့က ထုတ်ပေးလိုက်တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ 
ပထမဦးဆုံး အသံသွင်းယူ ခဲ့တဲ့ မီးသင့်မြေမှ အငွေ့အသက်များ တေးစုဟာ မထွက်ရှိခဲ့ သလို တစ်ကိုယ်တော် အသံသွင်း ခဲ့တဲ့ ကြိုက်သလိုနေနိုင်တယ် အမည် ရှိ တေးစု ကိုလည်း ပရိသတ် လက်ထဲရောက်အောင် ပို့မပေးနိုင်ခဲ့ပါဘူး။ အခွေတွေ သွင်းယူ ခဲ့ပေမယ့် ထွက်ရှိနိုင်ခြင်း မရှိတဲ့အခါ စိတ်ပျက် အားလျော့သွားခြင်းမရှိဘဲ ဇွဲနဲ့ ဆက်တိုက်ကြိုးစားခဲ့တဲ့ တေးသံရှင် ဟယ်ရီလင်း ဟာ လူငယ် ပရိသတ်ကြားမှာ ရေပန်းစား ထင် ရှား လာခဲ့တယ်။