Thursday, August 10, 2017

တေးမြုံငှက် (သို့) တေးရေးဆရာ မောင်သစ်မင်း



တေးရေးဆရာ မောင်သစ်မင်း ဆိုတာ ဂီတ ပရိသတ်တွေနဲ့ အထူးတစ်လည် မိတ်ဆက်ပေးဖို့ မလိုတဲ့ လူ တစ်ယောက်ပါ ။ သူက ကဗျာဆရာ တစ်ယောက်လ ည်း ဖြစ်တယ်။ သူက ဒဿန ဆန်တဲ့ စာသားတွေ ရေးဖွဲ့တဲ့နေရာမှာ နာမည်ကြီးတယ်။ 
အဲဒီထက် အံ့သြစရာကောင်းတာက အနုအနွဲ့တွေ ရေးတဲ့နေရာမှာလည်း ဆရာဖြစ်နေတာပဲ။ စတီရီယို ခေတ်ဦး ကနေ ဒီနေ့ခေတ်ထိ သီချင်းရေးသားခြင်းနဲ့ ရပ်တည် လာခဲ့တဲ့ တေးရေးဆရာ တစ်ယောက် ဖြစ်တဲ့ အတွက် သူ့အတွေ့ အကြုံတွေထဲက လေ့လာမယ် ဆိုရင်ကို စာဖတ်ပရိသတ် အဖို့ အများကြီး အကျိုးရှိနိုင် မယ် လို့ ကျွန်တော် ယူဆမိတယ်။ အဲဒါကြောင့် တေးရေးဆရာ မောင်သစ်မင်း နဲ့ ပြောဖြစ်တဲ့ စကားတစ်ချို့ကို ယခုလ မှာ ဖေါ်ပြလိုက်ပါတယ်။
Q- တေးရေး ဆရာတစ်ယောက်ရဲ့ ဘဝ ကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်း....။
A- အဲဒါ ကတော့ အစတုန်းက ကဗျာလေးတွေ ရေးတယ်။ မဂ္ဂဇင်းတွေ ဘာတွေမှာလည်း ပို့တယ်။ ကိုယ့်ဟာကိုယ် သူငယ်ချင်းတွေနဲ့ စုပြီး ကဗျာ လုံးချင်းလေးတွေ လုပ်တယ်။ ကဗျာရေးနေရင်း လူငယ်တစ်ယောက်ရဲ့ အသွေးအသားထဲမှာ ဂီတ ဆိုတာလည်း စိမ့်ဝင်လာတယ်။ 
အဲဒီ အချိန်က ဂီတလောကကြီးမှာ အချိုးအကွေ့ တစ်ခု ပြောင်းသွား တာနဲ့လည်း ဆိုင်ပါတယ်။ ဒီ စတီရီယိုဂီတ ဆိုတာ ပေါ်လာတဲ့ အချိန်မှာ စိတ်က အဲဒီ ဂီတအပေါ် တော်တော်လေးကို အာရုံကျ တာပေါ့။ အရမ်းကို ကြိုက်နှစ်သက်ပြီး ကိုယ့် အသွေးအသားထဲကို ရောက်တဲ့ ဂီတလို့ ခံစားရတယ်။ 
အဲဒီ ဂီတမှာ ကိုယ်တိုင် ပါဝင်ချင်လာတယ်။ ကဗျာရေးနေရင်း သီချင်းရေးချင်စိတ် လည်း ပေါ်လာတယ်။Copy ရေးတာ အမှန်တော့ နိုင်ငံခြား သံစဉ်တွေထဲမှာ ကဗျာ စာသားတွေ ထည့်တဲ့ သဘောပါပဲ။ အဲဒီလို သီချင်း စာသားတွေ ရေးဖြစ်သွားတော့ အလိုလို သီချင်းရေးဆရာ ဘဝကို ရွေးချယ်ပြီးသား ဖြစ်သွားတာပေါ့။ 
ဘာဖြစ်လို့ ရွေးချယ်သလဲ ဆို သီချင်းကို ကြိုက်လို့ သီချင်းရေးချင်လို့ကို သီချင်းရေးဆရာ ဘဝကို ရွေးချယ် လိုက်တာပဲ။ တစ်ခြား ဘာမှ အမြော်အမြင် မရှိဘူး။ ဒါပေမယ့် ဒါကြီးက ကိုယ့်ရဲ့ Professional ဖြစ်မယ်လို့တော့လည်း အဲဒီအချိန်တုန်းက မျှော်မှန်း မထားဘူး။ ရေးဖို့ပဲသိတာ။ အနုပညာနဲ့ ဆက်စပ်တဲ့ စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းရေး ဆိုတာတွေကို ရေးချင်စိတ် ရှိလို့ကို ရေးပြီး အဲဒီ Life ကို ရွေးချယ်ခဲ့တာပါ။

Q- ဦးသစ် ရဲ့ဘဝမှာ ပထမဆုံး ရေးဖြစ်ခဲ့တဲ့ သီချင်း။
A- ၁၉၇၁ ခုနှစ် အဆိုတော် စိန်သစ် ရဲ့ 'စာတိုက်ပုံးလေး' စီးရီးပေါ့ကွာ။ အဲဒီ ' စာတိုက်ပုံလေး' ဆိုတဲ့ သီချင်းကို စရေးဖြစ်တယ်။ Copy သီချင်းပဲ။ အကြောင်းအရာက 'စာတိုက်ပုံးလေး အသိပါကွယ်...မယုံရင် မေးကြည့် ချစ်သူရယ်...မင်း မကျီစားနဲ့' ဆိုတာလေးပါ။ 
စာတိုက်ပုံးလေးက တစ်ဆင့် ကောင်မလေးဆီ စာထည့် ရတာလေ။ အဲဒီခေတ် တုန်းက စာလိုက်ပေးတယ်ဆိုရင် ရိုင်းတယ်ပေါ့။ စာတိုက် ကနေ တစ်နေ့ တစ်စောင် ထည့်ပြီး ကောင်မလေးကို Propose လုပ်တဲ့  အကြောင်းလေး ပါပဲ။ 
စရေးကတည်းက series လိုက်ရေးခဲ့တာ။ တစ်ပုဒ်ကို ၂၅ ကျပ်လောက်ပဲ ရတဲ့ခေတ်မှာ၊ စိန်သစ် ရဲ့ စီးရီးမှာ ၁၅ ပုဒ် ၁၆ ပုဒ်လောက်ရေးရတာ။ ကိုယ်စရေးတုန်းက ကိုယ့် အသက်က ၁၉ -၂၀ လောက်ပဲ ရှိသေးတယ်။ ၇၃ ခုနှစ်ကျတော့ စိုးပိုင် ရဲ့ 'အချစ်ည ရင်ခုန်သံ' စီးရီး ကိုရေးဖြစ်တယ်။ အဲဒီ သီချင်းက အရမ်းပေါက်သွားပြီး တစ်နိုင်ငံလုံး လူတိုင်း ရဲ့ ပါးစပ်ဖျားပေါ်မှာ ရောက်သွားတယ်။ ကိုယ့် နာမည်ကို အထင်ကရ ဖြစ်သွားစေတဲ့သီချင်းပေါ့။


Q- ဦးသစ် နဲ့ ခေတ်ပြိုင် တေးရေးဆရာတွေက ဘယ်သူတွေလဲ။
A- ကိုယ်က ၇၁-၇၂ ကတည်းက စရေးခဲ့တာ။ ကိုလှိုင် (သုခမိန်လှိုင်) ကတော့ အတူတူ ရေးလာကြတာပေါ့။ ကိုယ်ရေးတဲ့ အချိန်မှာ ကိုယ့်ထက် နည်းနည်းလေး စောတဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့လည်း စတီရီယိုလောကက ၆၉-၇၀ လောက်မှ ပေါ်တာ ဆိုတော့ ကိုယ်နဲ့ သက်တမ်း သိပ်တော့မကွာကြပါဘူး။
 နေဇော်အောင်၊ မင်းဇော်၊ ကိုဆွေနွယ်၊ ပုသိမ်မောင်စိမ်းသူ၊ ဦးကျော့မှူး...သူတို့တွေက ကိုယ့်ထက် နည်းနည်းစောတဲ့ အတွက် ကိုယ့်ရဲ့ကြားဆရာ၊ မြင်ဆရာတွေပါပဲ။ ကိုယ်က သူတို့ တစ်ခေတ်ထဲမှာပဲ ဝင်ရေးလာတာ။ 
ကိုယ်တို့နဲ့ တစ်တန်းတည်း ရေးတာက မောင်မောင်ခင်အောင်၊ မောင်စစ်ငြိမ်း၊ ဒီနေ့ ပုဏ္ဏက၊ ခုထက်ထိ ကိုယ် နဲ့ အတူတူ ရှိနေတာကတော့ ကိုလှိုင် (သုခမိန်လှိုင်)၊ ကိုယ်တို့နောက်မှာ ဆိုပေမဲ့ ခေတ်ပြိုင် တောက်လျှောက်ရေးလာ ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဝင်းမင်းထွေးတို့ ၊ မင်းချစ်သူ တို့ပေါ့။ ကိုယ်တို့နဲ့ သက်တူ ရွယ်တူတွေပါပဲ။
Q- ဦးသစ် လေးစား အတုယူခဲ့ရတဲ့ တေးရေးဆရာတွေ ဆိုရင် ဘယ်သူတွေဖြစ်မလဲ။
A- ကိုယ် ကတော့ ဒီ..တေးရေးဆရာကြီးတွေ အကုန်လုံးက မြန်မာသံ ကနေ စတီရီယို ပြောင်းလာကြ တာလေ ။ ဦးကျော့မှူး ဆို 'တဝဂူ' သီချင်းတို့ ဘာတို့ နာမည်ကြီးခဲ့တယ်။ ကိုလေးလွင် တို့လည်း မြန်မာ သီ ချင်းတွေ အများကြီးပဲ နာမည်ကြီးခဲ့တယ်။ ပုသိမ်မောင်စိမ်းသူ ဆိုလည်း တွံတေးသိန်းတန် သီချင်းတွေ နဲ့ နာမည်ကြီးခဲ့တယ်။ 
အဲဒီလို တေးရေးဆရာကြီးတွေ စတီရီယိုမှာ ပြောင်းရေး လုပ်တဲ့အခါမှာလည်း သူတို့ လက်ရာတွေက အရမ်းကောင်းနေတယ်။ ထူးထူး ဆန်းဆန်း ခေတ်ဆန်ဆန် နဲ့ တစ်ကယ့်ကို ဆန်းဆန်းပြာပြား ရေးနိုင်ကြတယ်။ ကိုယ်တို့က ဒီပုဂ္ဂိုလ်တွေရဲ့ ဘယ်လို လာလာ ရေးနိုင်တာနဲ့ ဆန်းသစ်တဲ့ တွေးခေါ်မှုတွေကို အတုယူခဲ့တယ်။ 
အဲဒီထဲမှာ ကိုယ့်ရဲ့ စံပြလိုပုဂ္ဂိုလ် ကတော့ ပုသိမ်မောင်စိမ်းသူ ပဲ။ သူက တွံတေးသိန်းတန် လို တစ်ကယ့်  မြန် မာ Country သီချင်းတွေ ရေးတဲ့ ပုဂ္ဂိုလ်က 'အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း၊ ဖက်ရှင်မလေး' တို့လို ထူးထူး ဆန်းဆန်းတွေလို ရေးနိုင်တာ ။ သူရေးတဲ့ သီချင်းတွေက ခေတ်ပေါ် ကဗျာတစ်ပုဒ်လိုပဲ။ အရမ်းဆန်းသစ်တယ်။ 
ကိုယ် သူ့ဆီက အများကြီး ပညာယူခဲ့ရပါတယ်။ ကိုယ်နဲ့ တန်းတူတွေထဲက ကိုယ် အတုခိုးခဲ့ရတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ကိုလှိုင် တို့ စိုင်းခမ်းလိတ် တို့ပေါ့။ ဆင့်ပွါး ကူးယူရတယ်။
Q- ဦးသစ်ရဲ့ Lyrics တွေ အများအားဖြင့် ကဗျာတစ်ပုဒ်ကို ဖတ်နေရသလိုဘဲ။ အဲဒါက ကဗျာတွေရေးခဲ့တဲ့ အခြေအနေ တစ်ခုနဲ့ ပတ်သက် ဆက်နွယ်နိုင်သလား။
A- ကိုယ်က ကဗျာ ရေးတာကနေ လာတာကြောင့် အဖွဲ့အနွဲ့ နည်းနည်း သန်တာပါ။ နောက်ပြီးတော့ ကိုယ်က ရှုမျှော်ခင်းလေးတွေ မြင်ကွင်းလေးတွေနဲ့လည်း ရေးတတ်တဲ့ သဘာဝလည်း ရှိတာပေါ့။ ဒါတွေ အားလုံးကလည်း တေးရေးဆရာ ကဗျာဆရာတွေ အများကြီးဆီက ကိုယ်ဖြန့်ကျက်ပြီးတော့ ရယူထားတဲ့ အာရုံခံစားမှုတွေပါ။ ဒါတွေကိုပဲ ကိုယ့် သီချင်းတွေမှာ ပြန်အသုံးချတဲ့ သဘောပါ။
Q- သီချင်းတစ်ပုဒ် ရေးပြီ ဆိုရင် ဦးသစ် အနေနဲ့ အားထုတ်လေ့ ရှိတဲ့ အပိုင်းလေးတွေကို ပြောပြပေးပါလား။
A- ကိုယ်က ငယ်ငယ် ကတည်းက အင်္ဂလိပ် သီချင်းတွေ အများကြီး နားထောင်ခဲ့တယ်။ အရမ်း လည်း နား ရည်ဝခဲ့တယ်။ အဲဒီတုန်းက ဂစ်တာလည်း မတီးတတ်သေးသလို Own Tune လည်း မရေးတတ်သေးပါဘူး။
Notes တွေရဲ့ သဘာဝ နားထဲမှာ သိနေတော့ စာသားဖြည့်လိုက်တာနဲ့ မလွဲဘူး။ ပြန်ဆိုကြည့်လို့ တစ်လုံးတစ်လေ ထောက်နေရင် ပြင်လိုက်တာနဲ့ အဆင်ပြေတာပေါ့။ Copy ရေးတာတော့ ကိုယ့်အတွက် ရှောရှောရှုရှုပါပဲ။ အကြောင်းအရာ နဲ့ စာလုံးရွေးချယ်တာတွေပဲ နည်းနည်း ဂရုစိုက်ပြီးတော့ အားထည့်ရတယ်။ 
Melody လိုင်းမှာ စာသား ထည့်ရတာက ကိုယ့်အတွက် အခက်အခဲ မရှိခဲ့ဘူး။ ငယ်ငယ် ကတည်းက ရေဒီယို အင်္ဂလိပ် သီချင်းတွေ နားထောင်လာခဲ့တဲ့ အားက ပြည့်တော့လေ။ နောက်ပိုင်းကျ Copy ပဲရေးရေး၊ Owu Tune ပဲရေးရေး Music လည်း တတ်ဖို့ လိုတယ်ဆိုတာ သိလာတဲ့အခါ Guitar တီး သင်တာတို့ Piano တီး သင်တာတို့ လုပ်လာဖြစ်တယ်။ အဲဒီ မတိုင်ခင်က Earing ကောင်းကောင်းနဲ့ပဲ ရေးခဲ့တာပဲ။
Q- အကြောင်းအရာပိုင်း ကို ချဉ်းကပ်တဲ့ ပုံစံကကျတော့ ဘယ်လိုမျိုးလဲ။
A- Copy နဲ့ Own Tune နှစ်မျိုး ခွဲပြောရမယ်ထင်တယ်။ Copy သီချင်း ရေးတာမှာ မူရင်း သံစဉ် အသွား အလာလေးကို နားထောင်လိုက်တယ်။ သူက ဘာ Mood အကြောင်းရေးထားတယ် ဆိုတာကို ကိုယ်က အရင်ခံစားတာပေါ့။ အင်္ဂလိပ်စာ တတ်တော့ အင်္ဂလိပ်သီချင်း ဆိုရင်တော့ လွယ်လွယ် နားလည်တာပေါ့။ 
ဂျပန် သီချင်း၊ တရုတ်သီချင်း၊ ကုလားသီချင်း ဆိုရင်တော့ ဘာတွေ ဆိုနေမှန်း မသိတော့ဘူး။ ဒါပေမယ့် သူ့ ရဲ့ သံစဉ် သွားတာလေးကို နားထောင်လိုက်ရင် သူကပျော်သလား၊ ဒေါသတွေနဲ့ ပေါက်ကွဲနေသလား၊ စသဖြင့်ပေါ့နော်။ သံစဉ်မှာ ကြည့်လိုက် တာနဲ့ ခန့်မှန်းလို့ရတယ်။ အဲဒီအပေါ်မှာ အခြေခံလိုက်တယ်။ 
ကိုယ်ရေးမယ့် Subject က ဘာလဲဆိုတာ ကွဲပြားသွားတယ်။ အဲလို ကွဲပြားသွားပြီ ဆိုတော့မှ အကြောင်းအရာကို ရွေးချယ်လိုက်တယ်။ အဲဒါနဲ့ ဆက်နွယ်ပြီး ကိုယ့်ရဲ့ ဘဝအတွေ့ အကြုံထဲက (သို့မဟုတ်) တစ်ခြားသူရဲ့ ဘဝ အတွေ့အကြုံကို အငှား ခံစားပြီးတော့ သီချင်း တစ်ပုဒ်ကို ချဉ်းကပ်ပြီး ရေးဖွဲ့တယ်။
Q- မိန်းကလေးတွေ ကျတော့ ဦးသစ် ဘယ်လို ဖန်တီးရေးဖွဲ့ဖြစ်တာလဲ။
A- အဲဒါကတော့ ဒီလိုပါပဲ။ မိန်းကလေး တစ်ယောက်ဘက်ကနေ စဉ်းစားပေးရတာ ရှိတာပေါ့။ ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေး သီချင်း ရေးရတာ သိပ်တော့ မလွယ်ဘူး။ ဒါပေမယ့် မိန်းကလေးတွေရဲ့ သဘာဝ ကိုလည်း တိတ်တခိုး လေ့လာနေတာမျိုးတော့ရှိတယ်။ 
သူတို့တွေရဲ့ အတွေ့အကြုံတွေ၊ သူတို့ အချင်းချင်း ပြောတဲ့ စကားတွေကို (ဘက်စ် ကားပေါ် ကောင်မလေးနှစ်ယောက် ပြောနေတာပဲဖြစ်ဖြစ်) ကိုယ်က မသိမသာ နားထောင်ရတယ်။ သူတို့ရဲ့ ရင်တွင်းက ပွင့်အံထွက်လာတဲ့ ခံစားချက်လေးတွေကို ကိုယ်က အမြဲတမ်း သတိထားပြီးတော့ နားထောင်ထားတယ်။ သူတို့ရဲ့ သဘော တရား အကြောင်းအရာ တစ်ခုပေါ်မှာ သူတို့မြင်တဲ့ ရှုထောင့်လေးတွေကို ဆွေမျိုး သားချင်းတွေထဲလည်း မသိမသာ လေ့လာထားတဲ့ အခါကျ မိန်းကလေး သီချင်းရေးတဲ့နေရာမှာ အထောက်အကူရတယ်။ 
ကိုယ်က သူတို့ ရှုထောင့်ကနေ ကြည့်ပေးလိုက်တာကိုး။ မိန်းကလေး သီချင်းမှာ ကိုယ့် သဘောထားချည်းပဲ ရေးတာ မဟုတ်ဘဲ သူတို့ ဘက်က နားလည်ပြီး ရေးပေးရတာမျိုးတော့ ရှိတာပေါ့။
Q- ဦးသစ်ရေးပြီး လေးဖြူ ဆိုခဲ့တဲ့ 'လမ်း' နဲ့ ပတ်သက်ပြီး ဦးသစ်မှာ ပြောစရာ နောက်ခံ အကြောင်းအရာ ရှိမလား။
A- ကိုယ့် ဇနီးက ဆေးရုံမှာ ကင်ဆာရောဂါဖြစ်ပြီး ကျောက်ကပ်နှစ်လုံးစလုံး ကလည်း ကြွသွားပြီပေါ့နော်။ သူ့ရဲ့ ချဉ်ဆီ ကင်ဆာ ကလည်း တစ်ကိုယ်လုံးကို ပျံ့နှံ့နေတဲ့ အချိန်။ သူက သေမယ့် ရက်ကို စောင့်နေရတာ။ 
သူ့အသက်ကို ဆွဲထားနိုင်ရင် တစ်နှစ်ပဲ လို့ ဆရာဝန်တွေ ကလည်း ပြောတာပေါ့။ သူ ကိုယ်တိုင်လည်း သိနေ ရှာတယ်။ အတတ်နိုင်ဆုံးတော့ သူလည်း နေချင် တာပေါ့လေ။ အဲဒီ အချိန်မှာ လေးဖြူ ကလည်း သီ ချင်း လာအပ်တယ်။ ကိုယ်ကလည်း တစ်စုံ တစ်ခု ကိုယ့် အမျိုးသမီး အတွက်ပေးချင်တာ သီချင်း တစ်ပုဒ်ဖြစ်ဖြစ်ပေါ့။ သူလည်း သက်ရှိထင်ရှား ရှိနေတဲ့အချိန်လေးမှာ ကဗျာတစ်ပုဒ် (သို့မဟုတ်) သီချင်းလေး တစ်ပုဒ် သူ့ကို လက်ဆောင်ပေးချင်တာနဲ့ အဲဒီ သီချင်းလေးကို ရေးဖြစ်ခဲ့တယ်။ 
'လမ်း' ဆိုတာ ကိုယ်တို့ ဘဝမှာ ရုတ်တရက်ကြီး ပျော်ပျော်ရွှင်ရွှင်နေ နေရာကနေ အပြောင်းအလဲတစ်ခု အချိုးအကွေ့ကြီး တစ်ခု ဖြစ်သွားတယ်။ သူ့မှာ ရောဂါဆိုးကြီး တစ်ခု ကျရောက်တယ်။ ကိုယ်တို့နှစ်ယောက်ဟာ တစ်ခုခု အတားအဆီး ခံလိုက်ရသလိုပဲ။ လမ်းပျောက် သလို ဖြစ်သွားတယ်။ 
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မြစ်တွေ ချောင်းတွေ ခြားနေသလို၊ ဆူးခက်တွေ ခြားနေ သလိုမျိုး ခံစားရတယ်။ တို့နှစ်ယောက်ကြားမှာ သေခြင်း တရားက ဒီလိုပဲ လာခြားပြီ ။ သေတော့မယ် ဆိုတဲ့ မျဉ်းကြောင်းကြီး တစ်ခုက လာခြားသွားပြီ။ ဒါပေမယ့် တို့နှစ်ယောက်ကြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာ ကတော့ ရတဲ့နေရာကနေ အပေါက်ရှာပြီး တို့နှစ်ယောက်ကို ဆက်သွယ်ပေးနေမှာပဲပေါ့။ လမ်း ဆိုတာကိုက အဲဒါကိုပြောတာ။ 
လမ်းပျောက်သွားတာ မှန်ပေမယ့် ချိတ်ဆက်နေတဲ့ လမ်း ရှိတယ် ဆိုပြီး သူ့ကို အားပေးတဲ့ သီချင်းပေါ့။ သူ သက်ရှိ ထင်ရှား ရှိနေသေးတဲ့ အချိန်မှာ ဒီသီချင်းလေး ကို ကိုယ့်အသံနဲ့ ဆိုပြတယ်။ သူနားထောင်သွားရ တယ်။ ဒီစာသားလေးကို သူ ခံစားသွားရတယ်။ သူ့ကို စိတ် မလျှော့နဲ့လို့ အားပေးတဲ့ သီချင်းပေါ့။ တစ်ချိန်ကျရင်တော့ ဒီသင်္ခါရ တရားကြီးက ကြုံရမှာပါ။ ဒါပေမယ့် မကြုံခင်မှာ စိတ်မလျှော့ပါနဲ့လို့ အားပေးတဲ့အနေနဲ့ ရေးခဲ့တာ။ ဒီသီချင်းက သူဆုံးသွားပြီးမှပဲ ထွက်လာပြီးတော့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ် လည်း ဖြစ်ခဲ့တယ်။
Q- ဦးသစ်ရေးတဲ့ သီချင်းလေးတွေကို အသိအမှတ်ပြုပြီး အားပေးနေတဲ့ ပရိသတ်ကို ဘာပြောချင်လဲ။ 
A- တေးရေးဆရာ ကို မချီးကျူးရင်တောင်မှလေ ဒီသီချင်းလေး အပေါ်မှာ ဒီလို ခံစားပြီး အဲဒီလောက် တန်ဖိုးထားရင်ကို တေးရေးဆရာ က ဘယ်သူလို့ ကိုယ့်ကို မချီးကျူးလည်း ကျေနပ်သွားပြီပေါ့နော်။ အဲဒီတော့ အဲဒီလို ပရိသတ်မျိုးတွေ များများ ရှိပါစေလို့ ကိုယ်က ဆုတောင်းပေးပါတယ်။




လေးဖြူ - လမ်း

တေးရေး- မောင်သစ်မင်း၊ တေးဆို - လေးဖြူ ။




Train - Calling All Angels






No comments:

Post a Comment