Monday, March 22, 2021

အင်္ဂလန်က ကမ္ဘာကျော်ရော့ခ်အဖွဲ့ Pink Floyd

 

                                     ကမ္ဘာ့ အဆင့် ၁၄ လိဒ်သမား ဒေးဗစ်ဂျီးမော ။

သူဟာ ဂျင်မီဟင်းဒရစ် နဲ့ ဗင် ဟေလင်တို့ကြားက missing link ပါတဲ့ ။ ဟိုဂုရုကြီး ၂ ယောက်မှာ မရှိတဲ့ အရည်အသွေးတွေ သူ့မှာ ရှိတယ်ပေါ့ ။


Pink Floyd ကို တေးချစ်သူတွေ သိကြပါတယ် ။ အင်္ဂလန်က ကမ္ဘာကျော်ရော့ခ်အဖွဲ့ပါ ။ ရော့ခ်ဆိုသော်ငြား သူတို့သီချင်းတွေက ကော်ပီဆိုဖို့ မလွယ်တဲ့သီချင်းမျိုးတွေပါ ။ တိုနန့်နန့်လေးတွေလေ ။ ( The Wall စီးရီးကို ဆိုလိုပါတယ် ။ အော်ပရာကဇာတ်ဆန်တဲ့ သီချင်းတွေတဲ့ ) ။ နားထောင်လို့ကောင်းတာတော့အမှန်ပဲ ။ တိုနန့်နန့်လေးတွေပေမယ့် ပစ်ရက်စရာမရှိ ၊ နားထောင်လို့ကို မဝတာ ။ စိတ်ကူးကောင်းသလို တီးလည်း တီးတတ်ကြပါပေ့ ။ မိတ်ဆွေတို့တော့ မသိ ၊ ကျနော်တော့ လိဒ် ၊ ဒရမ် ၊ အဆိုတို့ကို တော်တော်သဘောကျပါတယ် ။ ဘေ့စ်တော့ အမှတ်တစ်မဲ့ပဲ ။ ကိုယ်က ဘေ့စ် အားမသန်လို့လည်း ဖြစ်နှိုင်ပါတယ် ။


ဒါပေမယ့် ဘေ့စ် အားမသန်လို့သာ ဘေ့စ်လက်သံ မစူးစိုက်မိတာ ၊ အဲ့ဝိုင်းရဲ့ ဘေ့စ်မာစတာကြီးဟာ ဝိုင်းမှာ အတော်ဆုံးတဲ့ခင်ဗျ ။ ရုပ်ကတော့ နည်းနည်းကြမ်းတယ် ။ အနုပညာဖန်တီးမှုကျ ကျန်ဝိုင်းသားတွေထက် ထက်မြက်သတဲ့ ။

                                                        

ဒေးဗစ်ရဲ့ ရေပေါ်စတူဒီယိုအောက်ထပ်က အသံဖမ်း ၊ အပေါ်ထပ်က လူ ၉၀ ပါဝင်တဲ့ အော်ခစ်စတြာတီးဝိုင်း တီးလို့ရတယ် ။


ကမ္ဘာကျော် The Wall သီချင်းတွေနဲ့ တင်ဆက်ပုံဟာ သူ့အိုင်ဒီယာပါတဲ့ ။ ထက်လွန်းတော့လည်း ဂူတစ်ဂူထဲ ခြင်္သေ့နှစ်ကောင် မအောင်းနှိုင်ဆိုသလို သူ့လိုပဲ ထက်တဲ့ လိဒ်သမား David Gilmour နဲ့ ငြိကာ အဖွဲ့က ထွက်သွားရရှာပါတယ် ။ ဂီတဝေဖန်ရေးသမားတွေကတော့ လိဒ်သမားဒေးဗစ်ဟာ ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမားတွေထဲမှာ ထိပ်ဆုံးလောက်က ရှိတာ မှန်တယ် ၊ လက်သံလည်း တစ်ကယ်ကောင်းတယ် ။ သို့သော် ဂီတပါရမီမှာတော့ ရော်ဂျာဝါးတားစ်ကို မမှီဘူးလို့ သုံးသပ်ကြပါတယ် ။


ပါရမီအနေနဲ့သာ ဒေးဗစ်ဟာ ရော်ဂျာကို မမှီရင် ရှိမယ် ၊ စိတ်ကူးစိတ်သန်းတော့ တစ်ချို့နေရာ ရော်ဂျာထက် သာသလိုပဲ ။ ဥပမာ ... ရေပေါ်စတူဒီယို ဆောက်တဲ့ကိစ္စ ။

ရေပေါ်စတူဒီယိုဆိုတာ ကမ္ဘာမှာ ရှားမယ်ထင်ပါတယ် ။ ဒေးဗစ်လည်း မမျှော်လင့်ပဲရတဲ့ စိတ်ကူးပါ ။ သင်္ဘောတစ်စီး ရောင်းစရာရှိတယ် ၊ ဈေးသက်သာတယ် ။ ပြီးတော့ အဲဒီသင်္ဘောဟာ တချိန်က ဇာတ်ဆရာတစ်ယောက် ပိုင်တာ ။

                                                            

ရေပေါ်စတူဒီယို အသံဖမ်းခန်း ။ ရှေ့တည့်တည့်မှန်တံခါးကတစ်ဆင့် ပလေယာတွေလည်း မြင်ရ ၊ ကမ်းစပ်ရှုခင်းလည်း မြင်ရ ။