Sunday, August 20, 2017

ဂစ်တာ Effects များ နှင့် ဂစ်တာ Amplifire များ ကို ချိန်ညှိခြင်း ( SPECIAL BONUS )




တစ်ကယ်တော့ ကျွန်တော်တို့ ဂီတ၀ါသနာရှင် သူငယ်ချင်းအချို့ အနေနဲ့ ရတဲ့ အချိန်လေး တစ်ချို့ကို ဖဲ့ပြီး မြေစမ်း ခရမ်းပျိုး စတင်ခဲ့တဲ့ ဒီ Notation-Blog လေးဟာ လာရောက်လည်ပတ်သူ ဂီတ၀ါ သနာရှင် များ သတိထားမိ ကြမည်ဖြစ်တဲ့အတိုင်း၊ တေးသီချင်းတွေရဲ့ နုတ်စ်တွေချည်း သက်သက် အတွက်သာ ရည်ရွယ် တည်ဆောက် ထားခဲ့တာပါ။ { http://myanmarmusicnotes.blogspot.my/ }

Guitar-Blog တစ်ခု လုံးဝမဟုတ်သကဲ့သို့ အင်တာနက် စာမျက်နှာ ပေါ်မှာ ပြည်တွင်း/ပြည်ပ Professional /Amateur Guitar-Blog ပေါင်းများစွာ နဂို မူလကတည်းက တည်ရှိပြီးသားဖြစ်နေလို့  ကျွန်တော်တို့ အနေနဲ့အခုအချိန် ထလုပ်လို့လည်း သူတို့လောက်ပြည့်စုံနိုင် /ကောင်း နိုင်မည် မထင်တာကြောင့် ဂစ်တာ ဘလော့ တစ်ခု လုပ်ဖို့ အစီအစဉ် မူလကတည်းက လုံးဝ မရှိခဲ့တာပါ။ 

ဒီဝါသနာရှင် နုတ်စ် ဘလော့ရဲ့ Team Member သူငယ်ချင်း အားလုံးဟာလည်း ဂစ်တာသမားတွေ မဟုတ်  ကြပါဘူး။ အခြား Musician တွေလည်း ပါပါတယ်။ သို့သော်လည်း ကျွန်တော်တို့ နုတ်စ် ဘလော့လေးကို စေတနာ အရင်းပြုပြီး ရှိတဲ့ စုဆောင်းထားတဲ့ ဂစ်တာ စာအုပ်များ ပေးပို့ လှူဒါန်း သူများ ကြောင့်သူ့စေတနာကို အသိအမှတ် ပြု ဂုဏ်ပြုတဲ့အနေနဲ့ကော၊ သူလှူဒါန်းလာတဲ့ Pro အဆင့် ဂစ်တာ စာအုပ်တွေကို အပြည်ပြည်ဆိုင်ရာ နုတ်စ်တွေနဲ့ရှင်းလင်း ဖေါ်ပြထားတာကို အကြောင်းပြုပြီး၊ နုတ်စ် များ က ပြောသော တီးခတ်မှု ဆိုင်ရာ နိသျည်းများ ဆိုတဲ့ Post လေးတစ်ခု ကို Bonus section တစ်ရပ် အနေနဲ့ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ 

 နောက်တစ်ဖန်၊ အပြင်မှာတွေ့ဆုံရန် အကြောင်းမရှိသော-စေတနာ တစ်ခုတည်းနဲ့ သူ့ စုထားတဲ့ အနှစ် နှစ် အလလ က နုတ်စ်ပေါင်း များစွာကို သူ့ရဲ့ အဖိုးတန် အချိန်တွေကို ဖဲ့ပြီး လာရောက် လှူဒါန်း သလို အချိန်ပိုင်း လုပ်အားဝင်ပေးသွားတဲ့-ကူညီသွားခဲ့တဲ့ အင်မတန် လေးစားဖွယ်ရာကောင်းတဲ့ သူ့ကိုယ်သူ ကိုစတိဗ် လို့ အမည်တပ်ထားတဲ့ လေထဲက ဂီတသူငယ်ချင်း ဂစ်တာသမားတစ်ယောက် ကို အမှတ်တရ ဂုဏ်ပြုပေး ရာ ရောက် အောင်၊ ဘယ်ဂစ်တာ ဘလော့က မှ ဖေါ်ပြခြင်း မရှိသေး တဲ့ " ဂစ်တာ အက်ဖက်များ ကို ချိန်ညှိခြင်း " ဆိုတဲ့ အခန်း သစ်လေး တစ်ခုကို Special Bonus Section တစ်ခု အနေနဲ့ ကနဦး ဖွင့်လှစ်ပေးခဲ့ ပါ တယ်...။ 

၂၀၁၃ ခုနှစ်၊ ဇွန်လ လောက်မှာ ကျွန်တော်တို့ နုတ်စ် ဘလော့ဂ်လေး အကြောင်းကြောင်းကြောင့် ပျက်ဆီး သွားခဲ့ရပါတယ်။ ဟက်ကာတစ်ဦးဦး လက်ဆော့လို့လား၊ ဂူးဂဲလ် ကဘဲ ကီးမိတ်ကာလေး အမှတ်မထင် တင် လိုက်တာကို Disable အလုပ်ခံရပြီးနုတ်ဘလော့ဂ်လေးကို ပြန်လုပ်ဖို့ စိတ်မကူးတော့ပေမဲ့ Facebook  မှာ ညီအကိုမျုားစွာက ပြန်လုပ်ပေးပါလို့အထပ်ထပ်မေတ္တာရပ်ပြီး ဒိုမိန်း ၀ယ်လည်း ပိုက်ဆံပေးပါမယ် လုပ်လို့ အားနာပြီး ဒီ နုတ် ဘလော့လေးပြန်လုပ်တော့ ဒီအခန်းလေးကို ပိုပြည့်စုံကောင်းမွန်အောင် အက်ဖက်ချိန် တဲ့ အကြောင်းသာမက၊ တစ်ဆက်တည်း ဂစ်တာ အန်ပလီဖိုင်ယာတွေ ချိန်တဲ့ အကြောင်းလေး ပါ ထပ်ဖြည့်ပေး လိုက်ရင်ကောင်းမှာဘဲဆိုပြီး နည်းနည်း ထပ်ရေး update လုပ်ပေးလိုက်တာပါ။  









ဂစ်တာကို မြေလျှိုးမိုးပျံအဆင့် တီးတတ်ပါတယ်-နုတ်စ်တွေကိုလည်း ပြောင်းပြန်ရေး ထားတောင် ဖတ်နိုင် ပါ တယ်။ ဆိုပေမဲ့ အလက်ထရစ် ဂစ်တာတွေနဲ့ တီးတော့မယ် ဆိုရင် ဂစ်တာအက်ဖက်တွေ နဲ့မပါတ်သက် လို့မရတော့ပါ ဘူး။ 

အဲဒီတော့မှ အက်ဖက် မချိန်တတ်လို့ အသံကြောင်ကြီးတွေ ထွက်လာခဲ့ရင် သွားပါပြီ။ ကိုယ့်ကို ဂစ်တာသမား ကောင်းမှန်း မသိကြ-မလေးစားကြတော့ပါဘူး။ ဒါကြောင့် ဂစ်တာ အက်ဖက်တွေကို ကျွမ်းကျင် ပိုင်နိုင်အောင် ချိန်တတ်ဖို့က ဆောလစ်ဂစ်တာတွေ ကိုင်ကြတဲ့ သူငယ်ချင်းတွေ အားလုံး သိကြမှာ ပါခင်ဗျာ။ 

ဂစ်တာသမား တစ်ဦးချင်းအလိုက် အက်ဖက်ချိန်တဲ့ ဆက်တင်တွေ ကိုယ်ပိုင်ဟန် အသီးသီး ရှိကြတယ် ဆို ပေမဲ့၊ ကော်ပီသီချင်း တွေ လိုက်တီးတဲ့ ဂစ်တာ သမားတွေဟာ မူရင်း သီချင်းနုတ်စ် စာရွက် ကြီးကို ကိုင် ထားပြီး မူရင်း ဂစ်တာသမားက အဲဒီ့ သီချင်းအတွက် ချိန်ထားတဲ့ ဂစ်တာအက်ဖက် ဆက်တင် အတိုင်း အနီးစပ်ဆုံး လိုက်မချိန်နိုင်ရင်- သူများသီချင်း တော့ ယူတီးသေးတယ်။ မှီလည်း မမှီဘူး ဆိုပြီးဝိုင်း ကဲ့ရဲ့လေ့ရှိပါ တယ်။ 

ဒါကြောင့် ဂစ်တာအက်ဖက် ချိန်တာဟာ အရမ်း အရေးကြီးတယ်လို့ထင်ပါတယ် ။ နိဒါန်းရှည်လို့မကောင်းတော့ပါဘူး။ လိုရင်းသွားပါတော့မယ်။ 

ဂစ်တာ အက်ဖက်မှာ မူလတုံးက Single Guitar Effect တွေရဲ့ခေတ်ပါ။ နောက်တော့ IT ခေတ်ကြီးဖြစ်လာတော့ ကွန်ပြူတာစနစ်၊ ဒစ်ဂျစ်တယ် စနစ်တွေ ထွန်း ကားလာတော့ ပို Convenient ဖြစ်တဲ့ Economy ဖြစ်တဲ့ Multi-Guitar-Effects Processor တွေပေါ် လာပါ တယ်။ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ 

ဂစ်တာ အက်ဖက်လောက မှာ နံမည်ကြီး တာက ကီးဘုတ်တွေ ထုတ်တဲ့ နံမည်ကျော် Roland ကုမ္ပဏီကြီးကထုတ်တဲ့ Boss တံဆိပ် ဂစ်တာ အက်ဖက်တွေပါ။ နောက်ပိုင်းမှာ Zoom ဂစ်တာ အက်ဖက်နဲ့။ Digtec တံဆိပ် ဂစ်တာ အက်ဖက်တွေလည်း လူသုံးများ လာကြ ပါတယ်။ 

နံမည်ကျော် ဂစ်တာ ကုမ္ပဏီကြီးများဖြစ်ကြတဲ့ Ibanez တို့လို ဂစ်တာ ကုမ္ပဏီကြီးများ က လည်း သူတို့ ရဲ့ မူပိုင် Ibanez တံဆိပ် Single Guitar Effect Pedal တွေ ထုတ်လာကြပြန်ပါတယ် ။ ကျွန်တော်တို့ မြန်မာပြည်က တီးဝိုင်းကြီးတွေရဲ့ ဂစ်တာ ပရိုတွေဟာလည်း Boss Single Effects တွေကို အရင် ဦးဆုံးနဲ့အတော်ကြာ သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ Multi-Guitar Effects တွေကိုပြောင်း သုံးလာ ကြပါ တယ်။ 

ကိုဇော်မျိုးထွဋ် ( Medium Wave ) တို့ ၊ ကိုနိုင်ဇော် ( Lazy Club )၊ တို့ ကိုကျော်မင်း (Evening Star) တို့ က တော့ live show တွေတီးလာကြရာမှာ Zoom တံဆိပ် Multi-Guitar Effects တွေ ကိုသုံးလာတာ သတိထား မိပါ တယ်။ 

Lady Rock-Show မှာ တော့ ကိုနိုင်ဇော်ဟာ Boss ME-50 Multi-Guitar Effects Processor ကို သုံးသွားတာ ကြည့်လိုက်ရပါတယ်။ Single Guitar Effect Padel တွေဘဲဖြစ်ဖြစ် Multi Guitar Effects Processor တွေဘဲဖြစ်ဖြစ် ချိန်ပြီဟေ့ ဆိုရင်တော့ knob တွေကို Manually လိုက်လှည့်ပြီး ချိန်ရပါတယ်။ 

Single Effect ကတော့ knob တစ်ခုကို ချိန် ပြီး အသေထားလို့မဖြစ်ပြန်ပါဘူး ။ နောက်တစ်မျိုး ပြန်ချိန်ရင်  ပြန်လှည့် /ပြန်ထားပါဘဲ။ Multi Effect တွေ က တော့ ပိုကောင်းလာပါပြီ။ ကိုယ်ကြိုက်တဲ့ အသံတစ်ခု အတွက် ဆက်တင်တစ်ခု ချိန်ပြီးတာနဲ့ Bank ထဲမှာ Save လုပ်ထားလို့ရပါတယ်။ ဆက်တင်တွေ အများကြီးကို တစ်ခုချင်း စိတ်ကြိုက်လိုက် ချိန်ထား ပြီးတော့ မှ စင်ပေါ်မှာ တီးရင် Bank နံပါတ်တွေကိုဘဲ Foot-Switch လေးနဲ့ လိုက်ပြောင်းပြီး တီးလိုက်ယုံ ပါ ဘဲ။ ပိုအဆင်ပြေသွားပါပြီ။ 

Boss က ၂၀၀၈ ခုနှစ်ထဲမှာ နောက်ဆုံး ထွက်သွားခဲ့တဲ့ GT-10 ဆိုရင် ဒစ်ဂျစ်တယ် စနစ်/ကွန်ပြူတာ စနစ်လုံးဝ ဖြစ်သွားသကဲ့သို့ဘဲ knob တွေ အများကြီး ပါမလာတော့ပါဘူး။ ကွန်ပြူတာက စက် ၀ယ်ကတည်းက မူရင်း အော်တို ကွန်ပြူတာက ချိန်ပေးထားတဲ့ ဆက်တင်ချည်း (၂၀၀) ကျော်ပါလာလို့ မိမိက အထူးချိန်နေ စရာ မလိုဘဲ အဲဒီ့ အမျိုးအစား (၂၀၀) ထဲက ဘဲ ကြိုက်နှစ်သက်ရာ ကို ရွေးတီးလိုက်ယုံပါဘဲ။

အဲဒီ(၂၀၀) ထဲက အတိုးအကျယ် နဲနဲ ထပ်ပြင်ချိန်ပြီး Bank ထဲမှာ ကိုယ့်စိတ်ကြိုက် ဆက်တင်နောက် ထပ် (၂၀၀) ထပ် ထည့်လို့ ရပါသေးတယ်။ ME-50 မှာတောင် Bank ထဲမှာ ဆယ်ဂဏန်းလောက်ဘဲ Save လုပ်လို့ရသလို၊ ကွန်ပြူတာ က အဖြစ်လောက် နဲနဲလေး ချိန်ပေးထားတဲ့ ဆက်တင်တွေ ကလည်း အကောင်းစားတွေ မဟုတ်ပါဘူး။ 

GT-10 မှာ ကက်တလောက် ထဲမှာကို ချိန်ထားတဲ့ အက်ဖက် ဆင်တင်တွေရဲ့ အမည်တွေကိုပါ ဖေါ်ပြပေးထား ပါ တယ်။ မကောင်းတဲ့ အချက်တစ်ခုကတော့ နောက်ဆုံးထုတ် GT-10 မှာ ကွန်ပြူတာက ဒစ်ဂျစ် တယ် စနစ်နဲ့ အော်တို ချိန်ထည့်ပေးထားတဲ့ အက်ဖက်ဆင်တင် ၂၀၀ လုံးက ကောင်းနေတော့ Manual knob တွေနဲ့ ကိုယ်ပိုင် ဆက်တင်တွေ မချိန်ဖြစ်ရာကနေ ကြာလာတော့ ဂစ်တာ အက်ဖက် ချိန်ညှိတဲ့ စွမ်း ရည်လျော့ပါး သွား စေတတ်ခြင်းပါဘဲ။ 

 Single Guitar Effects တွေနဲ့ ဂစ်တာအက်ဖက် စစ်စတမ် တစ်ခုရဲ့ ပုံကို နမူနာ တင်ပြ အပ် ပါတယ်။ တွေ့မြင်ရတဲ့အတိုင်းဘဲ Chain တစ်ခုထဲမှာ Distortion , Chorus, Compressor, Preamp, Reverb, Delay, Equalizer, Noise Supressor စသည်ဖြင့် Single Guitar Effect Padel တွေကို Wah Wah တို့ Volume တို့လို Expression Pedal တွေနဲ့ ကြားခံ ဆက်သွယ်ပေး ထားပါ တယ်။ 

တစ်ချို့တွေကျတော့ ဟောလို ဂစ်တာ မကိုင်ချင်လို့ Acoustic Simulator တို့လို ဆင်ဂယ် ဂစ်တာ အက် ဖက်မျိုး တွေနဲ့လည်း ထည့်တွဲထား လိုက်ပါသေးတယ်။ Multi-Guitar Effects Processor ကို ကိုင်မယ်ဆိုရင်တော့ အရမ်းအဆင်ပြေသွားပါပြီ။ ရှိသမျှ Single Effects တွေရဲ့ အသံတွေ အားလုံးကို ထည့်ပေးထားသလို Expression Padel ကိုတော့ တစ်ခုဘဲ ထားလိုက်ပါတော့ တယ်။ တစ်ခုထဲမှာဘဲ ဖိနင်းပြီး Wah Wah တွေ ရွေးတီးမယ်။ Wah Wah ဖြုတ် လိုက်ရင် ဘဲ Volume ဖြစ်နေပါပြီ။ ဒီသဘောပါ။

 ကောင်းမွန် ချိုသာတဲ့ ဂစ်တာကာလာ တစ်မျိုး ရဖို့ ဂစ်တာအက်ဖက်ရဲ့ knob တွေကို နာရီလက်တံတွေလို တစ်ခု ချင်း လိုက်ချိန်လိုက် နားထောင်လိုက် လုပ်ယုံနဲ့ မရသေးပြန်ပါခင်ဗျာ။ Guitar Amp က Tone, Volume , Level စတဲ့ knob ပေါင်းများစွာကိုလည်း လိုအပ်သလို လိုက်ကလိရပြန်ပါတယ်။ 

ဒါတင်ဘဲ လားဆိုတော့ မဟုတ်သေးဘူးခင်ဗျ။ ကိုယ် ကိုင်ထားတဲ့ ဆောလစ်ဂစ်တာ မှာ ပါလာတဲ့ Tone, Volume knob တွေ အပြင် Pick-Up Selector နဲ့လဲ သီချင်းအလိုက် လိုသလို လိုက်ရွေးပြီး ဦးဏှောက် စားရပြန်ပါသေး တယ်။ ဂျိုးစထရာနီ တို့ကိုင်တဲ့ Ibanez Solid Guitar မှာ Double Coiled-Hamburging Pickup ၂ ခုသာ ပါတယ် ဆိုပေမဲ့။ ကိုစတိဗေကြီးတို့ ၊ ပေါလ်ဂီဘတ် တို့ကိုင်တဲ့ Ibanez တွေကျတော့ Double Coiled-Hamburging Pickup ၂ ခုကြားမှာ Single Coiled Pick-up တစ်ဘား ထပ်ထည့် ထား လိုက် လို့ လိုအပ်တဲ့ အသံရဖို့ Selector နဲ့ (၅) ချက်တောင် ရွေးနေရပါတယ်။ 

ကိုယ့်စိတ်ကြိုက် အသံကာလာ တစ်ခုအတွက် အက်ဖက်ဆက်တင် တစ်ခု ချိန်တွယ်ထားပြီးကာမှ Pedal တစ်ခုလည်း ပြောင်းနင်းလိုက်ရော အသံကျယ်ကြီးပြောင်းထွက်လာပြန်ရင်လည်း မောရပြန်ပါတယ် ။ 
ဒါကြောင့် ကာလာတစ်ခုနဲ့တစ်ခု အကြား အသံ အတိုးအကျယ် ဆက်တင်ကိုလည်း ညီနေအောင် ညှိချိန် ထားရ ပါသေးတယ်။ ဒါကြောင့်ဂစ်တာအက်ဖက် ချိန်တာ..ဒီလို-ဒီလို..ဦးဏှောက်စားပါတယ်။ 

 ပထမဦးဆုံး Boss ကုမ္ပဏီကဘဲ သူထုတ်လိုက်တဲ့ Boss Single Guitar Effect Padel တွေကို စတင် သုံးစွဲတဲ့ ဂစ်တာသမားတွေ ဦးဏှောက်စားမှာစိုးလို့ အကောင်းဆုံး အပြင်း/အပျော့ ဂစ်တာအက်ဖက် ဆက် တင်တွေကို Manual Handbook စာအုပ်လေး ထုတ်ပေးခဲ့ပါတယ်။ တော်တော်လေး ကောင်းပါတယ်။ 

ဒီစာအုပ်ထဲမှာ သူ့ Sigle Effect တစ်ခုချင်းကို ဘယ်လို ချိန်ရမယ်။ ချိန်ပြီးရင် တွဲဖက်မဲ့ Guitar Amp က Nob တွေကိုလည်း ဘယ်လိုအနေအထားမှာ လိုက်ချိန်ညှိထားပေးရမယ်ဆိုတာကို အသေးစိတ်လေး ဖေါ်ပြ ပေးထားလို့ တော်တော်လေးကောင်းပါတယ်။ 

ဒီစာအုပ်ဟာ Boss Single Guitar Effect Pedal အတွက် သက်သက်သာဖြစ်ပြီး Boss Multi-Effects Processor တွေ အတွက်တော့ သီးသန့် ဖေါ်ပြထုတ်ဝေခြင်း မပြုတော့ပါဘူး။ 

Multi-Effects Processor ဆိုတာကလည်း Single effects သံတွေ ကို Computer Board တစ်ခုတည်းမှာ စုထည့်ထားတယ် ဆိုကတည်းက ဒီစာအုပ် လိုက်ဖတ်ပြီး Multi-Effects Processor ကိုလည်း လိုက်ကစားလိုက်ယုံဘဲလို့ မျှော်လင့်ထားတယ် ထင်ပါတယ်။ 

*************************************************************


အထက်ဖေါ်ပြပါ ဂစ်တာအက်ဖက် ဆက်တင်တွေကို Manual Handbook စာအုပ်လေး ကို အောက်မှာ 
ဓါတ်ပုံကို ကလစ် လုပ်ပြီး PDF ဖိုင်ကို ဒေါင်းလုပ် ရယူလိုက်ပါ။





      ဆက်လက်ပြီးတော့ ကမ္ဘာကျော် ဂစ်တာသမား တစ်ဦးချင်းအလိုက် သိရှိထားတဲ့ ဂစ်တာ 
အက်ဖက် ဆက်တင်လေး အချို့ ကိုတင်ပြလိုက်ချင်ပါတယ်။ 


 ကို Steve Vai ကြီး ချိန်ညှိသော ဂစ်တာအက်ဖက် ဆက်တင် ကောက်ကြောင်း  


ပထဦးဆုံးကတော့ ကျွန်တော်တို့ရဲ့လေထဲက သူငယ်ချင်း မြန်မာ ကိုစတိဗ်ကြိုက်တဲ့ ကမ္ဘာ့ အကောင်းဆုံး ဂစ်တာသမား ကို Steve Vai ကြီးရဲ့ ဂစ်တာ Effect Setting Sample လေးတစ်ခုပါ။

ကို Steve Vai ကြီးဟာ သူ့မူပိုင် Ibanez JEM ဆောလစ်တွေနဲ့အတူ ဂစ်တာအက်ဖက်တွေ ကို အသုံးပြု တဲ့အခါ မှာ မူလ အစက Single Guitar Effect တွေကိုဘဲ တစ်စိုက် မတ်မတ် အသုံးပြုခဲ့ တာ ပါ။

 နောက်ပိုင်း မှာ Single Effects တွေနဲ့ အတူ Multi-Effects Processor ကိုပါ ပူးတွဲသုံးစွဲ လာခဲ့ပါ တယ်။ သူ့ရဲ့ နောက်ဆုံး DVD Live Show ခွေမှာ Single Effects တွေနဲ့အတူ Zoom Multi-Effects Processor ကြီးကို Expression Pedal တွေ အများကြီးနဲ့ တွဲသုံးပြသွား ခဲ့ပါတယ်။ နမူနာ ဗီဒီယိုဖြစ်တဲ့ Now We Run ဂစ်တာဆိုလို ကို ဒီမှာ ကြည့်နိုင်ပါတယ်။

ကို Steve Vai ကြီး ကြိုက်တဲ့ Boss Single Effect Pedal ကတော့ လိမ္မော်ရောင် DS-1 ပါ။ ဒီ Boss DS-1 Distortion Pedal ကို သူ့ စိတ်ကြိုက် အခြား အမေရိကန် ဂစ်တာအက်ဖက် အချို့နဲ့ Expression Pedal တွေနဲ့ သူအမြဲဘဲ တွဲအသုံးပြုခဲ့တာပါ။


ကို Steve Vai ကြီးကြိုက်သော Boss DS-1 Distortion Single Guitar Effect Pedal



ကို Steve Vai ကြီးနဲ့ သူ့ Guitar Effects Network



နောက်ပိုင်းမှာ ကို Steve Vai ကြီးဟာ Ibanez ဂစ်တာ ကုမ္ပဏီကြီးနဲ့ သူ့ရဲ့ ရိုက်စား အစီအစဉ်ကြီးမှာ JEM ဂစ်တာတွေသာ မကတော့ဘဲ Steve Vai မူပိုင် Distortion Pedal ဆိုပြီး ထုတ်လုပ် လာပြန်ပါ တယ်။

 ပြီးတော့ အခြား Single Effects Pedal တွေ နဲ့ ပူးတွဲ အသုံးပြုရာမှာ သူရဲ့ မူပိုင် Ibanez Distortion Pedal- Jemini မှာ သူရဲ့ Personal ဆက်တင် ကို အောက် ပါအတိုင်း  ဖေါ်ပြပေး လိုက်ပါ တယ်။ 

အဲဒီ့ Distortion Effect မှာ ပုံမှာ ပြထားတဲ့ အတိုင်းဘဲ Green Channel နဲ့ Red Channel ဆိုပြီး ၂ မျိုး  ပါပြီး ။ အဲဒီ့ချန်နယ် ၂ ခု မှာ ကို Steve Vai ကြီး ချိန်ထားတာကို နာရီ နဲ့ဖေါ်ပြထားတာကို ရှုစားလေ့ လာ ပါ။ ကို Steve Vai ကြီးဟာ Level ကို အမြဲ တမ်း ၁၃း၀၀ နာရီမှာ ထားလေ့ ရှိတာကိုလေ့လာ မှတ်သား မိပါတယ်။




ကို Vai ကြီးရဲ့ Jemini Pedal ကို အခြား ဂစ်တာသမားတွေကို ဒီလိုချိန်ထားပါတယ်။



 ဒီလိုလေးလည်းချိန် ထားတတ်ပါသေးတယ် ။





  Herman Li ချိန်ညှိသော ဂစ်တာ အက်ဖက်ဆက်တင် 
နောက်တစ်ခု ကတော့ ကမ္ဘာကျော် ဂစ်တာသမားတစ်ဦးဖြစ်တဲ့ အင်္ဂလိပ် DragonFocre တီးဝိုင်းရဲ့ လိဒ်ဂစ်တာရစ်ဇ် Herman Li ရဲ့ဂစ်တာ အက်ဖက်ချိန်တဲ့ ဆက်တင်လေးတစ်ခုပါ

Li 
ဟာ သူ့ မူပိုင် ဂစ်တာ အက်ဖက်ဆက်တင် မှာ Reverb ကို အမြဲသတ်ထားလေ့ ရှိပါတယ်တဲ့။
Overdrive နဲ့ Treble ကိုတော့ ကိုစတိဗေ တို့လို မချိုထားဘဲ တော်တော်လေး တင်ထားပါတယ်။
အောက်မှာလေ့လာကြည့်လိုက်ပါခင်ဗျာ။








Roland Boss ME-50 မယ်လ်တယ်လ် ဂစ်တာအက်ဖက် ၏ စံပြ ဆက်တင်များ 

 နောက်ထပ် တင်ပြလိုက်ချင်တာကတော့.. Lazy Club က ကိုနိုင်ဇော် Lady Rock Live Show မှာ တီးခဲ့တဲ့ Boss ME-50 Multi-Guitar Effects Settings များ စုဆောင်းတင်ပြချက်ပါ။

Band တစ်ခု ချင်း အလိုက်၊ နံမည်ကျော် သီချင်း တစ်ပုဒ်ချင်းအလိုက် Boss ME-50 Multi-Guitar Effects ကို ချိန်ထားတဲ့ အဖိုးတန် Setting တွေကို စုဆောင်း ဖေါ်ပြထားတာပါ။ ရှားရှားပါးပါးလေးရရှိထားတာပါ။ 

အောက်ဖေါ်ပြပါ Boss ME-50 Multi-Guitar Effects Processor ဓါတ်ပုံ ကို Click လုပ်ပြီး ဂစ်တာ အက်ဖက် Setting Chart ကို Download ရယူနိုင်ပါတယ် ခင်ဗျာ။







 Eric Clapton နှင့် ZZ Top...တို့ ချိန်ညှိသော ဂစ်တာအက်ဖက် ဆက်တင်များ (၉-၁၀-၂၀၁၀)

မြန်မာ့ Guitarist ရပ်ဝန်းမှာ ကိုညီညီထွေး ဆိုတာရှိပါတယ်။ ဂစ်တာပညာရှင် တစ်ဦးပါ။ ဂစ်တာစာအုပ် များ စွာလည်း ရေးခဲ့ပါတယ်။ ဂစ်တာသင်တန်းတွေလဲ ဖွင့်ခဲ့ပါတယ်။ ဘာလို့လဲတော့မသိပါဘူး။ လက်ရှိ အနေ အထား အရတော့ နံမည်ကြီး Band တစ်ခုခုရဲ့ Player တစ်ယောက်အနေနဲ့တော့သူ ရပ်တည်မှု ရှိ မနေပါ ဘူး။ 

ကိုညီထွေး တပည့် ဂစ်တာသမားတွေ အများကြီးပါ။ City FM မှာတောင် ကိုညီထွေး နဲ့ တွေ့ဆုံခန်း လေး နားထောင်ခဲ့ဖူးပါတယ်။ သူ့မှာ ကိုငြိမ်းဦး ဆိုတဲ့ အကို တစ်ယောက်ရှိပါတယ်။ လွန်ခဲ့ တဲ့ ၁၀ စုနှစ်ကျော် က ကိုငြိမ်းဦး မဂ္ဂဇင်းတစ်စောင်မှာ ရေးခဲ့တဲ့ ကမ္ဘာကျော် ဂစ်တာသမား အချို့ရဲ့ ဂစ်တာ အက်ဖက်ချိန်နည်း  ဆောင်း ပါး တွေဟာ စင်ပေါ်က မြန်မာဆောလစ် ဂစ်တာသမားတွေ အတွက် တစ်ကယ့် အဖိုးတန် ကိုးကား စရာတွေဖြစ်ပါ တယ်။ 

ကိုငြိမ်းဦး ဂစ်တာအက်ဖက် ချိန်နည်းဆောင်းပါး ဘယ်နှစ် ပုဒ် လောက်ရေးခဲ့ သလဲ တော့မသိပါဘူး။ ရှားရှားပါးပါး ဆောင်းပါးဟောင်းလေး ၂ ပုဒ် ကိုဘဲ ရရှိစုဆောင်း ထားတာ ၁၀ နှစ်တောင် ကျော်ခဲ့ပါပြီ။ ထင်းရူးသေတ္တာထဲက အဲဒီ့ မဂ္ဂဇင်းထဲက စုတ်ဖြဲ စုဆောင်း ထား တဲ့ဆောင်းပါးလေး ၂ ပုဒ်ကို ပြန် ထုတ်ပြီး စကန် တင်ပေး လိုက်ပါတယ်။


 ပထမဆောင်းပါးက ၁၉၉၀ လောက် ကကိုငြိမ်းဦးရေးခဲ့တာပါ။ Single Coiled Pick-Up ၃လုံးနဲ့ Fender ဂစ်တာကို ဘဲ တစ်စိုက်မက်မက် စွဲကိုင်တီးခတ်ခဲ့တဲ့ ကမ္ဘာကျော် အ၈င်္လိပ် ဂစ်တာသမားကြီး Eric Clapton ရဲ့ ဂစ်တာအက်ဖက်ချိန်တဲ့ Setting နဲ့ Texas တီးဝိုင်း အိုကြီးဖြစ်တဲ့ ကမ္ဘာကျော် ZZ Top တီးဝိုင်းက ဂစ်တာသမား ကြီး တွေ ချိန်တဲ့ ဂစ်တာအက်ဖက် Setting ၂ မျိုးအကြောင်း ရေးသားထားတာပါ။ သူတို့ ဘယ်လိုချိန်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ အထူးတစ်လည်ရှင်းလင်း ရေးသားခြင်းပြုတော့မှာ မဟုတ် ပါ ဘူး။ ပုံတွေနဲ့တကွ စနစ်တကျ ပြည့်ပြည့်စုံစုံလေး ရေးသား ဖေါ်ပြထားတဲ့ကိုငြိမ်းဦး ရေးသားထားတဲ့ ဆောင်းပါး အပြည့်အစုံကိုဘဲ Download ဖတ်ရှုခံစားလိုက်ကြပါ။


                                                      Eric Clapton








  Kirk Hammett (Metallica) နှင့် Nuno Bettnuncourt - (Extreme) ... တို့ ချိန်ညှိသော ဂစ်တာအက်ဖက် ဆက်တင်များ      (၉-၁၀-၂၀၁၀)

 ဒုတိယ ဂစ်တာအက်ဖက် ချိန်ခြင်း ဆောင်းပါးက လည်း ကိုငြိမ်းဦး ရေးခဲ့တာပါဘဲ။ ကမ္ဘာကျော် ဂစ်တာ သမား ၂ ဦးဖြစ်တဲ့ Metallica Band က လိဒ်ဂစ်တာသမား Kirk Hammett ရဲ့ စင်တင် Live Show တွေ တီး ရင် ချိန်တဲ့ ဂစ်တာအက်ဖက် ဆက်တင်နဲ့ Extreme Band ရဲ့ လိဒ်ဂစ်တာသမား Nuno တို့ရဲ့ ဂစ်တာ အက်ဖက် ချိန်တဲ့ ဆက်တင်တွေကို ပုံ တွေနဲ့တစ်ကွ စနစ်တစ်ကျ ရှင်းလင်း ရေးသားထားလို့ ဖတ်ရတဲ့ ညီအကို တွေ အတွက် အရမ်းအကျိုးရှိကြ ပျော်ရွှင် ကျေနပ်ကြ လိမ့်မယ်လို့ လုံးဝမျှော်လင့်ထား ပါ တယ်။

ဆောင်းပါး ပါ Content တွေ ကို တော့ ဖွင့်ဆို ရှင်းလင်းမှု အထူး မလုပ်လိုတော့ပါ ဘူး။ ဆောင်းပါးလေးဘဲ ဒေါင်းဖတ် လိုက်ပါ။ လန်းသွား ပါ လိမ့်မယ်။






အထက်ပါ အတိုင်း ဂစ်တာ အက်ဖက်များကို ချိန်ညှိခြင်းနဲ့ ပတ် သက်လို့ ကျွန်တော်တို့ရဲ့ လေ့လာ စုဆောင်းတင်ပြချက် များဟာ အလွတ်သဘော ခပ်ပါးပါးလေးမျှသာဖြစ်ပါတယ်။ 

ဝါသနာတူ သူငယ်ချင်းများအနေနဲ့က ဒါလေး အချို့ ကိုလေ့လာ မှီငြမ်း ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ဂစ်တာ အက်ဖက်ဆက်တင်များကို စိတ်ကြိုက် ချိန်တွယ်ပြီး၊ ဂစ်တာသံ ကာလာ လှလှလေးတွေ ကို ဖန်တီးဖေါ်ကျူးနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျား။

ကဲ....နောက်အကြောင်းအရာ..ဆက်သွားမယ်နော်














ကျွန်တော် တင်ဆက်နေခြင်းဟာ ဂစ်တာ အက်ဖက်ဆက်တင်တွေ ချိန်ညှိတဲ့ အကြောင်း ပေမဲ့ ဆက်စပ် အကျိုး ရှိစေမဲ့ အကြောင်း အရာ တစ်ခုကို  ကြားဖြတ် တင်ပြချင်ပါတယ်။ အဲဒါ က တော့ ဂစ်တာ အက်ဖက်  တွေ နဲ့ မလွဲမသွေ ချိတ်ဆက် ရပြီး၊ Final Output Sound ကို ထုတ် လွှတ်ပေမဲ့၊ ဂစ်တာ အက်ဖက်တွေရဲ့ ဖွားဘက်တော်ဖြစ်တဲ့ Guitar Amplifier တွေကို စတိဗိုင်တို့၊ပေါလ်ဂီဘတ်တို့ စတဲ့ ကမ္ဘာ့အကောင်းဆုံး Guitarist တွေ အပါအ၀င်  ဂစ်တာ အကျော် အမော် တွေ ဘယ်လို ချိန်ညှိတယ်ဆိုတဲ့ အကြောင်းခြင်းရာပါ။ 

ဂစ်တာအက်ဖက်တွေ ကိုတော့ ရှယ် ချိန်ညှိ ထား ပါရဲ့၊ Guitar Amp က Button တွေ ကိုကြုံသ လို လျှောက် ထားရင် အသံဗြဲကြီးတွေနဲ့ ညားပြီး စင်ပေါ် ကို ခဲလုံးပျံတွေ ရောက်ရှိလာမှာဖြစ်ပါတယ်။ အဲဒီတော့ Guitar Amp ကို အက်ဖက် နဲ့လိုက်ဖက်ညီညီ သေချာ ချိန် ညှိပေး ရအုံးမှာပါ။  

ဗဟုသုတ အနေနဲ့....တစ်လောကဘဲ သြစတြေးလျား က ကမ္ဘာကျော် တီးဝိုင်း Air-Supply မြန်မာပြည်ကို ကြွမြန်း လာပြီး ၊ ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဆောင် IC Band နဲ့တွဲဖက်ဖျော်ဖြေပါတယ်။ ဆရာချစ်တို့ လက် ကို ပြောစရာ သိပ်မရှိပါဘူး။ သို့သော် စင်အောက်က စက် အကြောင်း သာမာန်လောက်တောင် မသိတဲ့ ပရိတ်သတ်တောင် သတိထားမိသလို၊ စာစောင်တစ်ခုက ဆောင်းပါးရှင် တစ်ဦးရေးထားတာလေးလည်းဖတ်ရှု လိုက်ရပါတယ်။ 

အဲဒါကတော့...IC တီးတဲ့ အသံတွေက လုံးထွေး ဆူညံနေတာဘဲတဲ့။ သို့သော် Air Supply Band တက်လာတော့ IC အတွက် ချိန်ထားတဲ့ စက် Setting တွေသူတို့ ပြန်ချိန်ပြီး တီးတော့ ကောင်းလိုက် တဲ့ အသံတွေ တဲ့။ ဘယ်ဖက်ဒေါင့်က ပြေးနားထောင်ထောင် အသံက ပုံသေ ကြည်မြနေတာဘဲတဲ့။ 

ဂစ်တာ သံတွေကလည်း သတ်သတ်၊ အဆိုသံက သတ်သတ်၊ ဒရမ်၊ ကီးဘုတ် ၊ဘေ့စ်သံတွေက သတ်သတ် ၊ အဲ့ဒီ Instrument တစ်ခုစီ ရဲ့ ကြည်မြတဲ့ အသံ သတ်သတ်စီ အားလုံးတို့ Gain ညီပြီး တစ်စု တစ် စည်း တည်းပေါင်း စည်း ထွက်ပေါ်လာတဲ့  Stereo သံ စစ်စစ်ကို အရသာရှိစွာ နားသောတ ဆင်ခဲ့ရပါ တယ်တဲ့။  

ဆရာချစ်တို့ အုပ်စုကို အပြစ်ဆိုခြင်းမဟုတ်ပါ။ mixer ကိုင်တဲ့ သူတွေရဲ့ ပညာသဘာ လည်းပါမှာပါ။ Mixer Setting, Effects Settings တွေ၊ Amp settings တွေ အားလုံးကို ဟန်ချက် ညီညီ အသေးစိတ် အကောင်းဆုံး ချိန်ညှိနိုင်ခြင်းကဘဲ.. Band ၂ ဖွဲ့ရဲ့ အသံထွက် သုခုမ ကွာခြားမှုကို အဆုံးအဖြတ်ပေးသွားခဲ့တဲ့ သဘောပါ။  

ဆရာချစ်တို့ မြန်မာ ဂစ်တာသမားတွေရဲ့လက်တွေဟာ Air Supply က ဂစ်တာသမားတွေ လက်ထက် ပို မသာတောင် လုံးဝ အဆင့်မနိမ့်ပါဘူး။ မြန်မာစိတ်နဲ့ ပိုသာတယ်လို့်တောင် ဆိုလိုက်ချင်ပါသေး တယ်။ သို့သော် Live Sound အတွက် စက်ချိန်တာ  Air Supply လို မကောင်းဘဲ အသံတွေ လုံးထွေးနေ တာ လူတွေ တစ်ကယ်ပြောခဲ့ကြတာပါ ။ ၂ ဖွဲ့ ယှဉ် တီးလိုက်တော့မှ သိသာသွားခဲ့တာပါ။ တစ်ဖွဲ့ချင်း စီ ခွဲကြည့်ဖြစ်ခဲ့ရင် လူတွေ သတိမထားမိနိုင်ပါဘူး။ 

ထားလိုက်ပါတော့၊ ဆောင်းပါးလေး ဆက်ပါရစေနော်။ ဒီတော့ မြန်မာနုတ် ညီအကိုတွေ အတွက်ကျွန်တော် တို့ စုဆောင်းထားတဲ့ ကမ္ဘာ့ ဂစ်တာ အကျော်အမော်တွေ၊ ကမ္ဘာကျော် Band တွေ Guitar Amplifier တွေကို ချိန်တဲ့ Settings တွေကို Quote လုပ်နိုင်အောင်၊ ကိုယ့်အိမ်က တစ်ကိုယ်တော် Mini Amp လေးဘဲ သုံးသုံး၊ စင်ပေါ်မှာ ဖြဲတော့မယ် ဆိုရင်ဘဲဖြစ်ဖြစ် အကောင်းဆုံး ချိန်ညှိနိုင်အောင် တင်ဆက် ပေးလိုက်ပါရစေ။






အောက်ပါပုံက ကမ္ဘာ့ အကောင်းဆုံး ဂစ်တာသမားဆိုတဲ့ ကို Steve Vai ကြီးရဲ့ မာရှယ် Amplifier မှာ  L3 Demo Setting ချိန်ထားတာပါ။




အောက်က ဆက်တင်က Mike အမည်ရှိ ဂစ်တာသမား က ချိန်ထားတာပါ ။ အပေါ်က ကို စတိဗိုင်းကြီး  ဆက်တင်လည်း သူပုံဆွဲထားတာပါ ။





ကမ္ဘာ့ ဂစ်တာ အကျော်အမော်တွေ သူတို့ Guitar Amplifier တွေကို ချိန်ညှိတဲ့ Settings တွေ အားလုံး ကို သက်ဆိုင်ရာ Guitar Amplifier အမျိုးအစားတွေ အလိုက် စနစ်တစ်ကျ ဖွယ်ဖွယ်ရာရာလေး စုစည်းပြီး စာမျက်နှာ (၁၉) မျက်နှာ ပါ PDF ဖိုင်နဲ့ တင်ပေးလိုက်ပါတယ်။ ကြားထဲမှာ ဂစ်တာ အက်ဖက် ဆက်တင် လေး အချို့လည်း ညှပ်ပါလာအုံးမှာပါ။ ဘယ်လိုပြောရမလည်း- Very Good ပေါ့ခင်ဗျာ။ အခုဘဲ Download ရှုစား၊ ကိုးကား ချိန်ညှိ ခံစား နိုင်ကြောင်းပါ................................




  





အထက်ဖေါ်ပြပါ ဂစ်တာ အက်ဖက် ဆက်တင်တွေကို Manual Handbook စာအုပ်လေး ကို ဒီမှာ ကလစ်လုပ်ပြီး PDF ဖိုင်ကို ဒေါင်းလုပ် ရယူလိုက်ပါ။ 

www.myanmarmusicnotes.blogspot.com   မှ တစ်ဆင့် ကူးယူ ဖော်ပြပါသည်။



No comments:

Post a Comment