Saturday, December 29, 2018

စာ ဘာ့ကြောင့်ရေး



1948 မှာ ဆရာသော်တာဆွေတို့ ပဒေသာမဂ္ဂဇင်း ထုတ်ဖူးတယ် ။ ရှုမဝ မဂ္ဂဇင်းနဲ့အပြိုင် သဘောမျိုး ထုတ် တာပါ ။ ဦးစီး ဦးကိုင်က ဆရာတင့်တယ် ။ ဆရာသော်တာဆွေက မဂ္ဂဇင်းကိစ္စအဝဝ အောက်ခြေသိမ်း တစ်ကိုယ်တော် လုပ်ရတယ် ။ ( ဆရာတင့်တယ်က ရုံးသမားမို့ ညွှန်ကြားရုံသာ တတ်နှိုင်ပါတယ် ) ။ 

သရုပ်ဖေါ်ပုံ အတွက် ကာတွန်း ဦးဗဂျမ်းဆီ မကြာမကြာ ရောက်တယ် ။ ခေါင်းရင်းခန်းမှာ ကတုံးဆံတောက်နဲ့ အဖိုးကြီး တစ်ယောက် စာထိုင်ရေးနေတာ အမြဲတမ်းလို တွေ့နေတော့ အဲဒါ ဘယ်သူလဲလို့ ဦးဗဂျမ်းကို မေး တယ် ၊ " သဘင်ဝန် ဦးနု ဆိုတာ သူပေါ့ " တဲ့ ။ ဒါနဲ့ သူ့ဆီ စာမူတောင်းရင် ရမလားမေးတော့ " ကိုရင် တောင်းကြည့်ပေါ့ " တဲ့ ။ 

သဘင်ဝန် ဦးနု စာရေးစားပွဲနား သော်တာဆွေ ရောက်သွားတယ် ။
" ဆရာကြီး ၊ ဘာတွေရေးနေပါသလဲ " 
" စာတွေ ရေးနေတာပေါ့ကွ " 
" ဘယ်မဂ္ဂဇင်းမှ မပို့ဘူးလား " 
" မင်းတို့ မဂ္ဂဇင်းတွေရှိမှ ငါက စာရေးရမှာလား " 
" ဒါဖြင့် ဘာလို့ ဆရာကြီး စာရေးနေလဲ " 
" ဟ - မရေးရ မနေနှိုင်လို့ ရေးတာပေါ့ကွ " တဲ့ ။ 

သဘင်ဝန် ဦးနု ရဲ့အဖြေဟာ အဲသလို ဘုဂလန့်ချည့်ပါပဲ ။ သော်တာဆွေကိုမှ မဟုတ် ၊ ဦးဗဂျမ်းဆီ လာတဲ့ စာအုပ်ထုတ်ဝေသူ မှန်သမျှ သူ့ဆီ စာမူတောင်းရင် အဲလို ဘုဂလန့်ချည်း ပြောလွှတ်တာမို့ သော်တာဆွေ ခပ်ကုတ်ကုတ် တပ်ဆုတ်လာတော့ ဦးဗဂျမ်း က ရယ်ပါတယ် ။ ဟိုပုဂ္ဂိုလ်ကြီးကတော့ အမြဲတမ်း ရေးမြဲ ရေးလျှက်သာ... ။

Sunday, December 9, 2018

သင့်ဘဝ အောင်မြင်ရေး




ဆရာ တင်မောင်သန်းကို ပြောတာ မဟုတ် ။ ( သူက သင့်ဘဝမဂ္ဂဇင်း ထုတ်ခဲ့ဖူးလို့ ) ။
လွန်ခဲ့တဲ့ ၅ နှစ် ၊ fb သုံးကာစက ဆရာ ဆူးငှက်နဲ့ cb မှာ စကားစမြည် ပြောဖူးပါတယ် ။ သိချင်တာလေးတွေ မေးတာပါ ။ ဆရာသမားကလည်း စိတ်ရှည်လက်ရှည် ဖြေပေးပါတယ် ။

မေးဖြစ်တာတွေ တော်တော်များပါတယ် ။ စာပေ ၊ ဂီတ နဲ့ ပတ်သက်တဲ့ points တွေချည်းပါ ။ အချက် အလက်တွေ တော်တော်များများ စုမိလာလို့ စာတစ်ပုဒ်ရေးဖို့တောင် ပြင်ဆင်နေတုန်းမှာ အချက် အလက်တွေ ကူးယူထားတဲ့ စာအုပ်လည်း ပျောက် ၊ ဖုန်းအစုတ်လည်း ပျက်... ။
 
လူထုဦးလှ ၊ လူထုဒေါ်အမာတို့ ကွန်မြူနစ်တွေလား လို့လည်း မေးတဲ့အထဲ ပါပါတယ် ။ မန်းသင်္ကြန်မှာ ဝင်းဦးနေရာ ဘယ်သူမှ အစားမဝင်နှိုင်တာ ဘာ့ကြောင့်လဲလို့လည်း မေးတာပါပဲ ။

လူထုမောင်နှံ ကွန်မြူနစ် မဟုတ်ပါဘူး ၊ အဖိနှိပ်ခံ ပြည်သူ့ ဘက်တော်သားပါလို့ ဖြေတာ မှတ်မိပါတယ် ။ ဝင်းဦးနေရာ အစားမဝင်နှိုင်တဲ့ ကိစ္စတော့ သူဘယ်လိုဖြေသလဲ မမှတ်မိတော့ပါ ။ ဒါပေမယ့် ဆရာဆူးငှက် အဖြေကိုတော့ သိပ် ဘဝင်မကျခဲ့တာ မှတ်မိနေပါတယ် ။
 
မကြာသေးခင်က ဝင်းဦး ရဲ့ ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန် မမျှော်လင့်ပဲ ပြန်ဖတ်မိပါတယ် ။
အမှန် ကတော့ မန်းတောင်ရိပ်ခို သီချင်းနဲ့ ပတ်သက်တဲ့ ဝင်းဦး ရဲ့အယူအဆ ရှာကြည့်တာပါ ။

ဒါပေမယ့် ဦးဝင်းဦး ရဲ့ အရေးအသားနဲ့ အကြောင်းအရာက ဆွဲခေါ်သွားလို့ စဆုံး နီးပါး ပြန်ဖတ်ဖြစ်မိလိုက် ပါတယ် ။