Sunday, July 1, 2018
ယောနိသော မနသီကာရ
ယောနိသော မနသီကာရ ( အသင့်အတင့် နှလုံးသွင်းခြင်း ) .. တဲ့ ။
Myanmar Idol မှာ ခိုင်ထူး သီချင်းတွေနဲ့ ယှဉ်ပြိုင်စေတော့ ပွဲအပြီး ဝေဖန်သံတွေ လျှံထွက်လာတယ် ။ မမီလို့တဲ့ ၊ တစ်ချို့ကလည်း ဒါလောက် နာမည်ကြီးတဲ့ အဆိုတော်ရဲ့မူရင်း မကြားဖူးရကောင်းလား ဆိုတဲ့ ဒေါမနဿ တစ်ကယ်တော့ ပြိုင်ပွဲဝင် ကလေးတွေဟာ ဝါသနာရှင်မျှသာပါ ၊ ကြေးစားတွေ မဟုတ်ပါ ။
ဝါသနာနဲ့ ပါရမီ အရ သည်အဆင့်ထိ တက်လှမ်းလာတာ ၊ ပြီးတော့ ခိုင်ထူး နာမည်ကြီးတာ ၁၉၈၀ တစ်ဝိုက် ... ။ လွန်ခဲ့တဲ့နှစ် ၄၀ လောက်က ပရိသတ် အကြိုက်နဲ့ ဒီခေတ်လူငယ်တွေအကြိုက် တူချင်မှ တူနှိုင်မယ် ။
ကျနော်တို့ အသက် ၂၀ အရွယ်လောက်က စိန်လွင် ၊ သန်းနိုင် ၊ စိုးပိုင် .. ကြိုက်နေချိန်မှာ ပြည်လှဖေ ၊ ဥသြဘသောင် ၊ ခင်မောင်ရင့် သီချင်းတွေ လာဖွင့်ပြရင် ကြိုက်ချင်မှ ကြိုက်မိမှာ.. ။ မလွှဲသာလို့ ပြန်ဆိုပြရရင်လည်း ပြည်လှဖေ ၊ ဥသြဘသောင် ပရိသတ်က မူရင်း မမီဘူး ၊သီချင်း ပျက်တယ် ၊ လျှာဖျားနဲ့ ဆိုတယ် ၊ ရင်ဘတ်နဲ့ မဆိုဘူး ... ဘာညာ ဝေဖန်ကြမယ် ထင်တယ် ။
ပြီးတော့ ခိုင်ထူး သီချင်းတွေဟာ ခိုင်ထူး အာ ( ဆိုဟန် ) နဲ့ လိုက်ဖက်အောင် ရေးစပ်ထားတာမျိုး ဆိုရင်လည်း ခုခေတ် လူငယ်တွေ အာ ( ရေစီးကြောင်း ၊ အစားအစာ အာဟာရ ၊ သွေးနှောမှု ) နဲ့ ရာနှုန်းပြည့် လိုက်ဖက်မှာ မဟုတ်ဘူး ။ ရှေးတေးရေး ဆရာကြီးတွေဟာ ( စန္ဒယားချစ်ဆွေတို့ ခေတ်အထိ ) အဆိုတော် အာနဲ့ လိုက်ဖက်မယ့် တေးသွားမျိုး ၊ စာသားမျိုး တစ်မင် ဖန်တီးရေးဖွဲ့ပေးတယ် ကြားဖူးတယ် ။
ဥပမာ ... " သာစည်က မမြရင် " သီချင်းရေးတဲ့ ဆရာထာ ဆိုပါစို့ ၊ `` ... ဆရာထာ က သီချင်းရေးပေးတော့မယ် ဆိုရင် သီဆိုမယ့် လူရဲ့ ပါးစပ်ကို သေသေချာချာ ကြည့်တာပါ ။
နှုတ်ခမ်းပါးနဲ့ စကားသွက်မယ့်လူလား ၊ နှုတ်ခမ်း ထူသလား ၊ လျှာလေးသလား ၊ အားလုံး ချင့်ချိန်ပြီးမှ လိုက်ဖက်တဲ့စာသားကို ရေးပေးတာ ... ´´လို့ လူထုဒေါ်အမာ ဆောင်းပါးရေးဖူးပါတယ် ။ ရွှေမန်းတင်မောင်နဲ့ စိန်အောင်မင်း တို့ကို သီချင်းရေးပေးတဲ့အခါ ရွှေမန်း အတွက် စာသား စိပ်စိပ် ၊ စိန်အောင်မင်း အတွက် စာသား ကျဲကျဲ ရေးပေးရပါသတဲ့ ။
အာစ ၊ လျှာစ ကွာလို့ပါတဲ့ ။ တစ်ခါ သီချင်း တစ်ပုဒ်ထဲကိုပဲ ဝါရင့် အဆိုတော်ကြီးတွေ ပြန်ဆိုတာတောင် မူရင်း မမီတာတွေ ရှိတတ်ပါတယ် ။ ဥပမာ ... " မန်းရာပြည့် " သီချင်းဟာ မာမာအေး အဆိုပထမဆုရ သီချင်း ။ လှကျော်နေ ပြန်လည်စီစဉ်တဲ့ စီးရီး တစ်ခုမှာ ဒေါ်မာမာအေးပဲ ပြန်ဆိုတော့ မူရင်း မမီတဲ့အပြင် ပေါ့ရွှတ်ရွှတ်တောင် ဖြစ်နေသလိုပါ ။
Subscribe to:
Posts (Atom)