Wednesday, March 8, 2017

နှစ် ၂၀ ကြာ ဂီတ ခရီးကို လျှောက်လှမ်းလာခဲ့သူ တေးသံရှင် R ဇာနည် ရဲ့ ငယ်ဘ၀ဖြတ်သန်းရာ



ဂီတ ကို နှစ်သက်မြတ်နိုးကြသူတွေရဲ့ ရင်ထဲကို နှစ် ၂၀ ကြာသည့် တိုင်အောင် တိုးဝင် ရိုက်ခတ်နိုင်ဆဲ ဂီတ အနုပညာရှင် တစ်ယောက်က တေးသံရှင် R ဇာနည် ဖြစ်ပါတယ်။ လျှောက်လှမ်း ခဲ့တဲ့ အနုပညာ ခရီးလမ်းမှာ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသလို လောကဓံ လှိုင်းလုံးရဲ့ ရိုက်ပုတ်မှုကို လည်းကျော်ဖြတ်ခဲ့ရသူ တစ်ဦးပါ။ သုညဘ၀ ကနေ စတင် ကြိုးစားခဲ့ရတာပါလို့ ဖွင့်ဟပြောပြခဲ့တဲ့ တေးသံရှင် R ဇာနည် ရဲ့ ဘ၀ဖြတ်သန်းမှု စာမျက်နှာ အချို့ကို လှစ်ဟဖော်ပြပေးချင်ပါတယ်။
ဂီတ ကို ၀ါသနာကြီးခဲ့တဲ့ ငယ်ဘဝ
တေးသံရှင် R ဇာနည်က ဖေဖော်ဝါရီ ၆ ရက်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အမည်ရင်းက ဇာနည်မျိုးညွန့် ဖြစ်ပါ တယ်။ ဂီတ ကို ငယ်စဉ် ကလေးဘ၀ ကတည်းက ၀ါသနာ ပါခဲ့တယ်လို့ ဆိုပါတယ်။ သုံးတန်း ကျောင်းသားအရွယ်လောက် ကတည်းက သီချင်းတွေဆို တတ်နေပြီဖြစ်တဲ့ တေးသံရှင် Rဇာနည် ကလေးတန်းကျောင်းသား အရွယ်မှာတော့ အစ်ကို တစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ ပါဝင် သီဆိုခဲ့ပါတယ်။ ခြောက်တန်းကျောင်း သား အရွယ်မှာတော့ ဂီတာတီး သင်ယူ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ဂီတ ကို အာရုံစိုက်နေဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
ဂီတ လောက အတွက် ပထမဆုံးခြေလှမ်း
ဂီတ ကို ၀ါသနာကြီးလွန်းလှသူ တေးသံရှင် Rဇာနည် ရဲ့ ဂီတလောက အတွက် ပထမ ဆုံး ခြေလှမ်း ကတော့ ဆိုကြမယ်ပျော်ကြမယ် သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းပါ။ ဒီနောက်မှာတော့ ရပ်ကွက် တွေမှာ ကျင်းပတဲ့ ပွဲတွေ အပါအ၀င် ပါဝင်ခွင့် ရသလောက် ပွဲတွေမှာ လိုက်ပါ သီဆိုဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီနောက်တော့ တေးသံရှင် R ဇာနည်က သူ့ရဲ့ ပထမ ဆုံး အယ်လ်ဘမ် ‘ ငါ့ကို ချစ်တဲ့သူ ’ ကို ထွက်ရှိနိုင်အောင် အခက်အခဲ များစွာကြားက ကြိုးစားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဂီတ လောက မှာ နောက်ထပ် အမှတ်တစ်ရ တစ်ခု အနေနဲ့ လမ်းကြောင်းသစ် တစ်ခုဖောက်ဖို့ ကြိုးစားနေတဲ့ Acid အဖွဲ့က အဖွဲ့ ၀င်တွေနဲ့ ပူးပေါင်းပြီး Featuring တွေ ပါဝင် သီဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမှတ်မထင် ကြုံခဲ့ရတဲ့ပြဿ      နာ
တေးသံရှင် Rဇာနည် က အဆိုတော်တစ်ဦး အနေနဲ့ စတင်အောင်မြင်စဉ်မှာပဲ ထင်မှတ် မထားတဲ့ အခက်အခဲတွေကို ကြုံခဲ့ရပါတယ်။ ကလပ်တစ်ခုကို သွားတဲ့ အချိန်မှာ လူချင်း တိုက်မိတဲ့ အခြေအနေတစ်ခု ကနေ ရန်ပွဲ အကြီးအကျယ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ များစွာ ရရှိခဲ့တယ်လို့ အမှတ်တရ ဆိုပါတယ်။ 

ဒီလို ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်လို့ တေးသံရှင် R ဇာနည်က “ လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပြဿ       နာလေး  ကနေ ကြီးထွား သွားခဲ့တာပါ။ ဒီပြဿ       နာ  ကနေ ဘာကို  သတိထားမိလဲ ဆိုရင် လူငယ်တွေ အပျော် မလွန်ဖို့ပေါ့။ အပျော် နဲ့ အပျက်က တွဲနေတာဆိုတော့ အပျော်တွေ များပြီးရင် အပျက်က လာတာပဲလေ။ ဘာပဲဖြစ်ဖြစ် Limit လေးတစ်ခု ထားဖို့ အဲဒါလေးတော့ တိုက်တွန်းချင်ပါတယ်” လို့ ဘ၀နဲ့ ရင်း ပြီး ရခဲ့တဲ့ သင်ခန်းစာကို ပြောပြခဲ့ပါတယ်။



အခက်အခဲ များစွာနဲ့ အိမ်ထောင်ဦး  ဘဝ

တေးသံရှင် R ဇာနည် နဲ့ ၀မ်း တို့က သူငယ်ချင်း ဘ၀သုံးနှစ် ၊ ချစ်သူဘ၀ သုံးနှစ်ကြာ ဖြတ်သန်းပြီးမှ သာ အိမ်ထောင်သည်ဘ၀ အဖြစ် လက်တွဲခဲ့ကြတာပါ။ ဒီလို လက်တွဲချိန်မှာတော့ သုညဘ၀က စတင်ခဲ့ရပြီး အခက်အခဲ များစွာကို ကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အိမ်ထောင်ဦး ဘ၀မှာ ငွေကြေး အပါအ၀င် အခက်အခဲတွေ ရှိတာကြောင့် ရင်သွေးရတနာ ကိုလည်း အိမ်ထောင်သက်တမ်း ငါးနှစ်ကြာမှသာ ယူခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ အိမ်ထောင်သက် ၁၃ နှစ်ကျော် ကြာလာတဲ့ အချိန်မှာတော့ သားဖြစ်သူ ဖစ်ဖစ်တုန် နဲ့ အတူ ပျော်ရွှင်ချမ်းမြေ့စရာ မိသားစု ဘ၀လေးကို တည်ထောင် ထားပါတယ်လို့ ပြောပြခဲ့ပါတယ်။
တစ်ကိုယ်တော် တေးစီးရီးလေးခွေ နဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲများ
တေးသံရှင် R ဇာနည် က လက်ရှိ အချိန်မှာတော့ တစ်ကိုယ်တော် တေးစီးရီး လေးခွေ ထွက်ရှိထားပြီးပါပြီ။ ‘ငါ့ကိုချစ်တဲ့သူ’ ၊ ‘စည်းတစ်ဖက်ခြား’ ၊ ‘အဆိပ်တက်အိပ်မက်’ နဲ့ ‘ကမ္ဘာသား’ တေးစီးရီးတွေကို ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင်တေးသံရှင် Rဇာနည်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၁ ခုနှစ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ စင်ကာပူ တို့မှာ ကျင်းပခဲ့တာပါ။ ငါးနှစ်တာကြာမြင့်ပြီး ချိန်မှာတော့ တေးသံ ရှင် Rဇာနည် က ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဒုတိယအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲ တွေကို အောင်မြင်စွာ ထပ်မံကျင်းပနိုင်ခဲ့ပြန်ပါတယ်။ 

တစ်ကျော့ပြန် ပြုလုပ်နိုင်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေမှာ အနုပညာအရ အောင်မြင်ခဲ့တဲ့အပြင် ရရှိလာတဲ့ အကျိုးအမြတ်တွေထဲက ခွဲဝေပြီး အသည်းဖောင်ဒေးရှင်း အတွက် လှူဒါန်းနိုင်ခဲ့ပြန်ပါတယ်။ တေးသံရှင် Rဇာနည်က တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို အခြားမြို့ကြီးတွေမှာ ထပ်မံပြုလုပ်သွားဖို့ အစီအစဉ်ရှိ တယ်လို့ ဆိုပါတယ်။
ပြန်ဆိုတေးတွေအပေါ် ဖွင့်ဟ ၀န်ခံမှု
“ပြန်ဆိုတေး နဲ့ ပတ်သက်လို့ ပြောပြချင်တာလေးရှိပါတယ်။ ကျွန်တော်တို့ ပြန်ဆိုတေးတွေ ဆိုတယ် ဆိုတာက မူရင်း သီချင်းရဲ့ အရသာကို မပျက်စီးရအောင် ဆိုရတာဖြစ်လို့ ပိုပြီး တာဝန်ကြီးပါတယ်။ မူရင်း အဆိုရှင်တွေ ထက် ပိုပြီးကောင်းအောင်သာအောင် ဆိုမယ်လို့ ရည်ရွယ်ချက်လည်း မဟုတ်ပါဘူး။ မူရင်း အဆိုရှင်ကို ဂုဏ်ပြုချင်တဲ့စိတ်၊ ချစ်ခင်လေးစားစိတ် နဲ့သာ သီဆိုတာဖြစ်ပါတယ်။ 

ဟိုဘက်ခေတ်က သီချင်းတွေကို ဒီဘက်ခေတ်ကို သယ်ဆောင်လာပေးခြင်းသာ ဖြစ်ပါတယ်။ ဒါမှလည်း အရင်ခေတ်က အောင်မြင်ပြီးသားသီချင်းတွေက ပျောက်ပျက် မသွားဘဲ လက်ဆင့်ကမ်းနိုင်တယ်လို့ ယူဆပါ တယ်” လို့ တေးသံရှင် R ဇာနည်က ရှင်းပြခဲ့ပါတယ်။
ဂီတလောကမှာ နှစ် ၂၀ ၀န်းကျင် ဖြတ်သန်းလာခဲ့ပြီးဖြစ်တဲ့ တေးသံရှင် R ဇာနည်က ၀ါသနာပါရာ ဂီတလုပ်ငန်းတွေကို လုပ်ဆောင်ရင်း တစ်ဖက်တစ်လမ်းမှာလည်း ပရဟိတ လုပ်ငန်းတွေကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေပါတယ်။ မေတ္တာ သင်္ဂဟ အဖွဲ့ဝင် တစ်ဦး အနေနဲ့ လစဉ် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းကူညီလျက် ရှိတဲ့အပြင် အသစ်ထွက်ရှိထားတဲ့ ‘ကမ္ဘာသား’ တေးစီးရီးရောင်းချရ ငွေတွေနဲ့လည်း သီလရှင် စာသင်တိုက် ဆောက်လုပ် လှူဒါန်းလျက် ရှိနေပါတယ်။ 

‘ကမ္ဘာသား’ အမ် တီဗွီ ရိုက်ကူးပြီးသွားရင်လည်း ရောင်းချရငွေတွေထဲက ထပ်မံ လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ Rဇာနည်က ဘ၀ဖြတ်သန်းမှု ခရီးလမ်းမှာ လက်ကိုင်ထားတဲ့ ခံယူချက် အနေနဲ့ကတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးလို့ ခံယူထားပြီး ကြုံလာတဲ့ပြဿ       နာတွေကို အရိုးသားဆုံးနည်း နဲ့ သေချာစွာ စဉ်းစားဖြေရှင်းပါတယ် လို့လည်း ဆိုခဲ့ပါသေးတယ်။
ဒီတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတဲ့ တေးသံ ရှင် Rဇာနည် ရဲ့ ဘ၀ စာမျက်နှာတစ်ချို့က အောင်မြင်သူတွေ ကြုံခဲ့ရတဲ့အခက်အခဲတွေ၊ ဘ၀လောကဓံတွေကို တွေ့မြင်နိုင်မယ့် အပြင် လူငယ် ဘ၀ကနေ လူလတ်ပိုင်း အရွယ်ကို ကူးပြောင်းလာတဲ့ အချိန်မှာ ပြောင်းလဲခံယူလာတဲ့ စိတ်ထားသဘောထားတွေ ကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment