Wednesday, March 1, 2017

ကိုယ့်ဟာကိုယ် လုပ်စားတတ်နေတဲ့ အတွက် သူများကို သိပ် အားကိုးချင်စိတ်မရှိဘူး ဆိုတဲ့ မေကဗျာ


အနုပညာလောကထဲကို ၀ါသနာ မပါပဲ ၀င်ရောက် လာခဲ့တဲ့ မေကဗျာ ဟာ အခု လက်ရှိမှာတော့ အောင်မြင် လူသိများတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေခဲ့ပါပြီ။ 

သူမဟာ သရုပ်ဆောင် အလုပ်ကို ၀ါသနာ မပါခဲ့ပေမဲ့ ကြိုးစားပြီး တန်ဖိုးထားကာ လုပ်ကိုင်သောကြောင့် နေရာတစ်နေရာကို ရရှိခဲ့ပေမဲ့လဲ အသက်အရွယ် ရလာတဲ့အခါ စီးပွားရေးပိုင်းကို စတင်ခြေလှမ်းကြည့်ရင်း အနေအထားလေး တစ်ခုဖြစ် လာတဲ့ အတွက် အနုပညာပိုင်းနဲ့အနည်းငယ် အလှမ်းဝေးကွာခဲ့ပါတယ်။ အခုဆို ကားမရိုက်တာ ၇လ၊ ၈လ လောက်ရှိနေပြီဖြစ်တဲ့ မေကဗျာ နဲ့တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့

-အစ်မ ကား မရိုက်တာအတော်ကြာပြီနော်။
ဟုတ်တယ်။ ၇လ၊ ၈လ လောက်တော့ရှိပြီ။ ကားမရိုက်ဖြစ်ဘူး။ လုံးလုံးကြီး မရိုက်တာတော့ မဟုတ်ဘူး။ ကြားထဲမှာ ကြိုကြားကြိုကြားတော့ ရိုက်ဖြစ်တယ်။ ဒါပေမဲ့လို့ ကဗျာက ကားကြီး အရိုက် လုံးဝကို နည်း ပါတယ်။ 

ကားမရိုက်တဲ့အချိန်မှာ  ကဗျာ သီချင်းတွေ ဆိုဖြစ်တယ်။ နောက် စက်ဆိုင်ရှိတယ်။ နောက်ပြီးတော့ ကဗျာ အွန်လိုင်းမှာ အထည်လေးတွေရောင်းဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒါက စီးပွားဖြစ်တော့ မဟုတ်ပါဘူး။ ၀ယ်တဲ့ သူတွေကို ပစ္စည်းကောင်းကောင်းလေးတွေ၊ ဈေးသက်သက် သာသာလေးတွေနဲ့ရစေချင်တယ်။ လှစေချင်တယ်။ အဲ့ဒါကြောင့် အပျော်လုပ်တာပါ။

 နောက်မေမေ က ကွန်ပျူတာ ပန်းထိုး စက်ရုံ လုပ်ထားတဲ့ အတွက်ကြောင့် အဲ့ဒီ စက်ရုံမှာပဲ ကဗျာ လုပ်ဖြစ်နေ ပါတယ်။ မေမေ ကတော့ ကိုယ့်ကိုနောက်ပိုင်း ကားမရိုက်စေချင်တော့ဘူး။ စက်ရုံမှာ ပဲဦးစီးပြီး လုပ်စေချင်တယ် ။

-ကဗျာ့ အနေနဲ့ရော နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးမှုတွေကို လက်ခံဖြစ်ဦးမလား။
သိပ်မလုပ်ဖြစ်လောက်ဘူး။ အခုတောင် ကဗျာ ဒီကား ၀င်နေလို့သင်တန်းတွေလဲ ပျက်တယ်။ အိမ်က အမေကပြောနေပြီ။ နင့်ကိုငါ မရိုက်ပါနဲ့ပြောတာကို ရိုက်တယ်ပေါ့။ အင်းပါ သင်တန်းလဲ တက်ပါ့မယ်။ ဒါလဲ ဆက်ရိုက်ပ့ါမယ်ဆိုပြီး လုပ်ကာမှ ကားရိုက်တွေက တောက်လျှောက်ကို လာနေတယ်။ 

ကဗျာ ဟိုဖက်နဲ့ဒီဖက်ကို မျှပြီး ရိုက်မှာပါ။ ဒါပြီးရင် ကဗျာမြင့်မြတ် နဲ့အိချောပို နဲ့တစ်ကားလုံး အပြည့်တော့ မပါဘူး။ ဒါပေမဲ့ သုံးရက်လောက် သွားကူညီပေးဖို့ ရှိတယ်။ အဲ့ဒါပြီးရင်တော့ ကဗျာ ဇာတ်လမ်းတွဲ တစ်ခု လက်ခံထားပါတယ်။

-အနုပညာ နဲ့စီးပွားရေးဆို ဘယ်ဟာက ကဗျာ ရဲ့အဓိက ၀ါသနာဖြစ်မလဲ။
ကဗျာ မင်းသမီး အလုပ်ကို ၀ါသနာ မပါပဲနဲ့ ဒီလောကထဲကိုရောက်လာခဲ့တာပေါ့။ တစ်ကယ် ၀ါသနာ ပါတာ က အက၊ ကဗျာ လုပ်ချင်တာက ကျောင်းဆရာမ။ ဒါပေမဲ့ ကဗျာ အမေက ဒီအလုပ်ကို အရမ်း လုပ်စေချင်တော့ တင်ပေးရင်း တင်ပေးရင်းနဲ့ရောက်လာခဲ့တာပေါ့။ 

 ကဗျာက လုပ်လို့ပြောတဲ့ အရာမှန်သမျှကို တန်ဖိုးထားပြီးကြိုးစားပြီး လုပ်တယ်။ အဲ့ဒါကြောင့် အခုချိန်ထိ ဆက်လုပ်ဖြစ်သွားတာပေါ့။ အဲ့ဒီလို လုပ်နေရင်းနဲ့မှ စီးပွားရေးကို လုပ်ကြည့်လိုက်တဲ့အခါ စီးပွားရေး လုပ် ရတာကို ပိုပျော်သွားတယ်။ အသက်အရွယ်ကြောင့်လဲ ပါမှာပေါ့။ အခု အသက်အရွယ်မှာဆို စီးပွားရေး လုပ်ရတာကို ပိုပျော်တယ်။


 
-သမီးလေးလဲ တော်တော်ကြီးလာပြီနော်။ သူက အသက်ဘယ်လောက် ရှိသွားပြီလဲ။
၇ တန်းပါ။ သမီးလေး ကိုတော့ ကဗျာ့ အမေရော၊ ကဗျာ့ စိတ်ကူး ကရော ပညာတတ်စေချင်တယ်။ ပညာ နဲ့လုပ်စားရတဲ့ အလုပ်ကိုပဲ လုပ်စေချင်တယ်။ အခုချိန်မှာတော့ ပညာသင်ရမဲ့ အရွယ်ဖြစ်တဲ့အတွက် အနုပညာ လမ်းကြောင်းမှာ ဘာမှမတင်ဘူး။ ဘာအကူအညီပဲတောင်းတောင်း လုံးဝပေးမလုပ်ဘူး။ 

ဒီအချိန်မှာက သူ့အတွက်ဖြည့်ပေးနေရတဲ့ အချိန်ဆိုတော့ ကဗျာတို့ဘေးကနေ လိုက်လုပ်ပေးနေတယ်။ သူ့ဟာသူ စဉ်းစားဆုံးဖြတ်တတ်တဲ့ အရွယ်ရောက်သွားပြီ ဆိုရင်တော့ ကဗျာတို့က သူ့ဖြစ်ချင်တာကို ဦးစားပေးမှာပါ။ ပညာတတ်ပြီးမှပဲ ကျန်တာကို လုပ်စေချင်တယ်။ 

သူရေကူးတတ်တယ်။ ပီယာနို တီးတတ်တယ်။ ဂစ်တာ သင်နေတယ်။ စက်ချုပ်တတ်တယ်။ ဒီဇိုင်းဆွဲ တတ် တယ်။ ဒီအချိန်မှာသူ သရုပ်ဆောင် ဘက်ကိုတော့ ၀ါသနာ ပါတာမျိုးမတွေ့ရဘူး။ ဒါပေမဲ့ ပြောလို့လဲ မရ ဘူး။ ဖြစ်ချင်လဲဖြစ်မှာပေါ့။ ကိုယ်တွေလဲ ၀ါသနာပါခဲ့တာမှ မဟုတ်တာ ဒါပေမဲ့လဲဖြစ်ခဲ့တာပဲဆိုတော့လေ။

-သမီးလေးနဲ့နှစ်ယောက်ထဲပဲ ဘ၀ကိုဖြတ်သန်းတော့မှာလား။
ပြောလို့တော့မရဘူး။ စကားတော့ အကုန်မပြောချင်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ သမီးလေး ရယ်၊ ကဗျာ့မေမေရယ် ၊ ကဗျာ ရယ် အိမ်မှာ အတူတူနေကြပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးကံ ဆိုတာ ဘယ်လိုဖြစ်လာဦးမလဲ မသိသေးတဲ့ အတွက် အဲ့ဒီဖက် ကိုတော့ ဘာကိုမှ အသေအချာမပြောရဲပါဘူး။

-အဲ့ဒီဖက် အပိုင်းကို စဉ်းရော စဉ်းစားဖြစ်လား။
တစ်ခါတစ်လေကျရင်လဲ စဉ်းစားဖြစ်တယ်။ သြော် ငါအားကိုးလေး ရှာရင်ကောင်းမလား ဆိုပြီး စဉ်းစားကြည့်တယ်။ ဒါပေမဲ့ အခု အသက်အရွယ်ထိဖြတ်သန်းလာတဲ့ အချိန်မှာတော့ သူများကို အားကိုး ရမဲ့ကံ မပါဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်ခဲ့ရတာမျိုးဆိုတော့လေ။ 

 သြော်သူများကို အားကိုးပြီးမှ အားကိုးလို့ ရရင်ကောင်းတယ်။ အားမကိုးရရင် တစ်ခါ စိတ်ညစ် ရဦး မယ်လေ ဆိုပြီး အခုချိန်ထိ ကတော့ အသက်က စကားပြောလာလို့လားမသိဘူး။ ကိုယ်လဲ ကိုယ့်ဟာ ကိုယ် လုပ်စားတတ်နေတဲ့ အခါကျတော့ သူများကို အားကိုးချင်စိတ် သိပ် မရှိဘူးဖြစ်နေတယ် ။

-အစ်မကို အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
ကဗျာပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာတော့ ကားရိုက်တွေတော်တော် ကျဲသွားပါတယ်။ ဒါပေမဲ့ အခုတော့ စီးပွားရေးနဲ့ကားရိုက်ပိုင်းကို မျှပြီးလုပ်နေပါတယ်လို့အခုချိန်ထိ အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်လို့။ 

ဒါပေမဲ့ အရင်လိုတော့ အရမ်းလုပ်နိုင်တော့မှာ မဟုတ်ဘူး။ ပရိသတ်ကြိုက်နိုင်မဲ့ ကားလေးတွေ၊ ပရိသတ် အတွက် ဇာတ်ကားကောင်းလေးတွေ ကိုတော့ ကဗျာ ရိုက်ကူးပေးမှာပါ။ နောက်ပြီးတော့ ကဗျာ့ ရဲ့ အခု မှခြေလှမ်းနေတဲ့ စီးပွားရေး နဲ့ပတ်သက်ပြီးတော့ လာအားပေးလို့ ရပါတယ်လို့ပြောချင်ပါတယ်။

 ခင်ဆွေသက် 
http://www.trend.com.mm/2017/02/28/interviews-11756


No comments:

Post a Comment