Sunday, May 21, 2017

မန္တလေး Shells တီးဝိုင်း



မြို့တိုင်းမှာ ဂစ်တာ ဝါသနာရှင်တွေ ရှိကြစမြဲပါ ။ ရွက်ပုန်းသီးလေးတွေပေါ့ ။ လေ့လာအား လေ့ကျင့်အား ကောင်းလေ ၊ လက်တက်လေ လက်သံစွာလေ ပါပဲ ။ ကိုယ့်ဖာသာ အပျင်းပြေ တီးတာနဲ့ ဖျော်ဖြေရေး တီးတာကလည်း ကွာပါတယ် ။

ရန်ကုန်က လေမှုတ် ဝိုင်းတွေမှာ လေမှုတ် ၃ လက်လောက် နဲ့ အသံ သွင်းကြ တာ မြင်ဖူးပါတယ် ။ မြိုင်ဆိုင်နေတာပါပဲ ။ မန်းလေး က မြို့မ တီးဝိုင်း ကျတော့ တူရိယာ အတော်များများ အသုံးပြုပါတယ် ။ အားရစရာကောင်းတာပေါ့ ။ ( ပြောလို့သာပြောတာ ၊ မြို့မတီးဝိုင်း တစ်ခါမှ မကြုံဖူးသေးဘူး ၊ အလွန်ကြည့်ချင်ပါတယ် ။)

ရန်ကုန်က မောင်ကိုကို ၊ အေဝမ်း စိုးမြင့် ဝိုင်းတွေ ကောင်းသလို မြို့မက လည်း ကိုယ်ပိုင် မူနဲ့ တစ်မျိုးကောင်းတာပါပဲ ။ ဂစ်တာ ဝိုင်းမှာလည်း သည်သဘောမျိုးတွေ တွေ့ရပါတယ် ။ Playboys , Aces , E.Machine တို့ တစ်ချိန်က ကောင်းခဲ့သလို ၊ မန်းလေး Shells ကလည်း တစ်ဘာသာ ထူးပါတယ် ။

ဝိုင်း ပိုင်ရှင် ကိုရှဲ က ကိုယ်တိုင် အတီးသမား မဟုတ်ပေမယ့် ဂီတ အရည်အသွေး အကဲဖြတ်ရာမှာတော့ ပါရမီ့ရှင်လို့ မန်းလေး မိတ်ဆွေတွေက ပြောဖူးပါတယ် ။ ဂီတ နားရှိတယ် ၊ အကင်းအညှာ ပါးတယ် … ပေါ့ ။ ဟုတ်လောက်ပါတယ် ။ သူ စုစည်းထားသူတွေက တစ်ကယ် လက်သံပြောင်တဲ့ အတီးသမားတွေချည်းပါ ။

ဝိုင်းခေါင်းဆောင် ကိုဂျယ်ရီ ဆိုရင် စတီရီယို ခေတ်ဦးကတည်းက လက်စွမ်းပြ လာသူပါ ။ ဂျယ်ရီ ယက္ခ ဆိုပြီး သီချင်းရေးပါတယ် ။ ဟန်တင် တို့နဲ့ ခေတ်ပြိုင် ထင်ပါတယ် ။ သူ့ ဥပဓိရုပ် ကိုက အသွေးအသားထဲမှာ ဂီတပိုးတွေ ပြည့်လျှံနေတဲ့ စူးစူးစိုက်စိုက် ရုပ်မျိုး ။

မှတ်မိပါသေးတယ် ။ နာရီစင် အနီးက မြို့တော်ခန်းမ မှာ မင်္ဂလာဧည့်ခံပွဲတီးတော့ ကြုံတာနဲ့ ဝရန်တာ ကနေ နားထောင်ဖူးပါတယ် ။ ကိုဂျယ်ရီ က announcer ကြေညာမယ့် သီချင်း ကို ဂစ်တာလွယ်ရင်း ပြုံးပြုံးကြီး စောင့်နေ ပါတယ် ။ စီးကရက်ကြိုက်ဟန် တူပါရဲ့ ၊ ရသမျှ စက္ကန့်ပိုင်းလေးမှာ တစ်ဖွာ နှစ်ဖွာ ဖွာလိုက်ပါသေးတယ် ။

ဖျော်ဖြေရမယ့် သီချင်းက Discobeatlemania ပါ ။ Beatle ရဲ့တေးဟောင်း တစ်ချို့ကို စုစည်းပြီး disco ပုံစံ တီးထားတဲ့သီချင်း…။ ဒစ္စကိုခေတ် လည်း ဖြစ်နေချိန် … ။ သူတို့အစား ကျနော် လန့်သွားပါတယ် ။ ဟ… သူတို့ တီးနှိုင်ပါ့မလား ပေါ့ ။ အဆိုကျော်က နာမည် မကျော်သေးတဲ့ J မောင်မောင် ။

မဆိုမှီ သူ့ သမီးပေါက်စလေး ပေါင်ပေါ်တင် လို့ ။ အောင်မလေးဗျာ … တကယ်လည်း ဖျော်ဖြေရော … အဆိုရော ၊ အတီးရော ကွက်တိ ။ အဆိုက လည်း အတတ်နှိုင်ဆုံး မူရင်းနဲ့ တူအောင် ကြိုးကြိုး စားစား ဆိုသလို ၊ ကို ဂျယ် ရီ တို့ အဖွဲ့ကလည်း သပ်သပ်ရပ်ရပ် တီးသွားကြသဗျ …။

Bass စိန်သန်း လည်း လက်သံပြောင်ပါ့ ။ သူက Bass ကို ခိုတီး ၊ ဖေါ့တီးတာမျိုး လုံးဝ မရှိပဲ ၊ note အသံတစ်သံချင်း မိမိရ တီးနှိုင်သူပါ ။ အဖြတ် အရပ်တွေ တိကျပါတယ် ။ သည်တော့ နားထောင်ရတာ လေးလေးပင်ပင် ရှိလှပါတယ် ။
                                 



                                

ဒရမ်မာ ခင်မောင်ကြည် က လက်သံပြင်းတယ် ။ ပြင်းပေမယ့် အကြောင်းမဲ့ အသားကုန် ထု ရိုက် နေတာမျိုး မဟုတ်ပဲ ၊ ရိုက်ချက် တစ်ခုချင်း အဖိအဖေါ့ ညီမျှအောင် ထိန်းထားနှိုင်စွမ်း ရှိသူဆိုတော့ ကြားရသူ နားမကလောဘူး ။ သူ့ရိုက်ချက် တစ်ချက်ချငိးစီကို တာဝန်ယူနှိုင်တဲ့ အတီးသမားမျိုး… ပါ ၊ မလိုအပ်ပဲ ရိုက်ချက် အပိုတွေ မထည့်မိအောင် သတိထားသူပေါ့ ။ ( သူက တိုက် ထဲမှာ drum set ဆင်ထားပြီး ၊ တစ်နေကုန်လေ့ကျင့်နေသူ လို့ မန်းသားသူငယ်ချင်းက ပြောပါတယ် ၊ ဟုတ် မဟုတ် မသိပါဘူး ။ )

K B က သည်တုန်းက သော်ဇင် ပါ ။ သူတို့ အဖွဲ့ စုစည်းမှုက ရန်ကုန်က Super srar အဖွဲ့ နဲ့ ခပ်ဆင်ဆင် ။ စန္ဒယားမောင်လှအေး က အဲသည်ဝိုင်းမှာ KB တီးပေးရာက ၊ နောင်မှာ မြန်မာသံ ကိုယ်ပိုင် ဝိုင်း ထောင်ပါတယ် ။ ( ကို ) သော်ဇင် လည်း ကိုယ်ပိုင် ဝိုင်း ထောင်နှိုင်ပြီ လို့ သတင်းကြားပါ တယ် ၊ မကြည့်ဖူးသေးပါ ။
j မောင်မောင် ရဲ့အချစ်ရေ့" မှာတော့ သူတို့ ပါရမီတွေ တက်စုံ ရွက်ကုန်ပြလိုက်ပါပြီ ။ တစ်ပြည်လုံး သည်သီချင်းတွေနဲ့ ပဲ့တင်ထပ် သွားခဲ့တာပါပဲ ။

Llead တီးကွက်တွေ ၊ ဒရမ် လှိမ့်လုံးတွေ ၊ Bass အပို့ အကြိုတွေ အားလုံး ကိုယ့်အပိုင်းနဲ့ ကိုယ် လက်စွမ်းပြနှိုင်ခဲ့ကြပါတယ် ။ အတီးသမားတွေ တစ်ယောက်နဲ့ တစ်ယောက် အနိုင်မခံ အရှုံးမပေး စတမ်း ပြုံးပြုံးကြီး ပြိုင်နေကြသလား လို့တောင် သီချင်းတွေ နားထောင်ရင်း တွေးမိပါသေးရဲ့ ။

သူတို့ လက်သံတွေ သက်ရှိ ထင်ရှား နားထောင်ချင်လို့ ဟိုတလောက စုံ စမ်းတော့ … ခင်မောင်ကြည် ၊ စိန်သန်း တို့ ဆုံးရှာပြီ တဲ့ ။

ဓါတ်ပုံလေးတွေ လိုချင်ပြန်လို့ မရင်ရင်ထွေး ( ရီမြင့် ရုပ်ရှင် ) ဆီ အကြံဥာဏ်တောင်းတော့ မ Juliana sao ဆီ ညွှန်းပေးပါတယ် ။ ကိုဂျယ် ရီ့ ဇနီးပါ ။

သူ့ ခင်ပွန်းလည်း လွန်ခဲ့တဲ့ ၂ နှစ်ခွဲ က ဆုံးရှာပြီ … တဲ့ ။ သွားရော … ။ ကိုဂျယ်ရီ တို့ပုံ တင်ချင်တာ ၊ လိုင်းမကောင်းလို့ ပုံတွေက save လုပ် မရဘဲ ဖြစ်နေပါတယ် ။ တင်ထားတဲ့ ပုံတွေက ကိုရှဲ ကူညီပေးတဲ့ ပုံတွေ ပါ ။ ။


Myint Soe Hnit



No comments:

Post a Comment