Sunday, December 27, 2015

အသက်အရွယ်က ဘ၀ အတွက် အရမ်းကြီး လွှမ်းမိုးမှု မပြဌာန်း ပါဘူး လို့ဆိုလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်



Together Fastival ပွဲကို သူငယ်ချင်းတွေနဲ့အတူ ပရိသတ် အနေ နဲ့ သွားရောက် အားပေးမယ်လို့ပြောပြ လာတဲ့ စိုင်းစိုင်းခမ်းလှိုင် က ၂၅ ရက်နေ့မှာလဲ မေမြို့ ပန်းပွဲတော်ပွဲမှာ ဖျော်ဖြေဖို့ရှိသလို ၃၁ ရက်နေ့မှာလဲ New Year show ကို ပရိသတ်တွေ နဲ့အတူ ပျော်ပျော်ပါးပါး ဆင်နွဲဖို့ရှိနေပါတယ်။

 လက်ရှိမှာလဲ နေကာ ဆိုတဲ့ ကားလေး ကို သဉ္ဖာနွယ်ဝင်း နဲ့အတူရိုက်ကူးနေတာကြောင့် သူနဲ့တွေ့ဆုံခိုက်မေးမြန်းဖြစ်သမျှကတော့........

-အခု ရိုက်နေတဲ့ ကားလေး အကြောင်း ကို အရင်ပြောပြပေးပါဦး။
အခု ရိုက်နေတဲ့ ကားလေးက နေကာ လို့ခေါ်ပါတယ်။ ဆောင်းညပြာသို ထုတ်လုပ်ရေး အတွက် ရိုက်တာ ပါ။ ဒါရိုက်တာ က ကိုဂျိုး၊ မင်းသမီးက သင်ဉ္ဖာနွယ်ဝင်း ပါ။ ကျွန်တော့ ကာရိုက်တာ က သူငယ်ချင်း ကို ငယ်ငယ်လေး ကတည်းက လိုက်စောင့်ရှောက်ပြီး တစ်ဖက်သတ် ချစ်နေတဲ့ ဇာတ်လမ်း ပုံစံမျိုး ကာရိုက် တာကလဲ အဲ့ဒီ ကာရိုက်တာပါပဲ။

-Together Fastival ကိုလဲ ပရိသတ် တစ်ယောက်အနေ နဲ့ သွား အားပေးမယ်လို့သိရတယ်။ ဘယ်သူတွေ ကို ကြိုက်တာလဲ။
ကျွန်တော် Dj တွေ သိပ်မသိပါဘူး။ ကျွန်တော့ သူငယ်ချင်းတွေ အားလုံးလဲ သွားကြမယ်။ ကျွန်တော် ကိုယ်တိုင်လဲ International Dj show တွေလဲ တစ်ခါမှ မရောက်ဖူး ပါဘူးခင်ဗျာ။ အဲ့ဒီတော့ အခု Experience ပေါ့။ သွားကြည့်မယ်။ သူငယ်ချင်းတွေလဲ အကုန်သွားမှာဖြစ်တဲ့အတွက် ပျော်ပျော် ပါးပါး သွားကြပါမယ်။


-Frenzo Production ကနေပြီးတော့ တက်သစ်စ လူငယ်တွေ ကို အသစ်တင်ဖို့ရော ရှိဦးမလား။
ကျွန်တော်တို့လာမဲ့ ၂၀၁၆ ထဲမှာတော့ လူငယ်တွေ ကို ထပ်ပြီးတော့ ထုတ်ဖို့အစီအစဉ် ရှိပါတယ်။ ကျွန်တော်ရွေးချယ် ထားပြီးသား New Artist တွေလဲ ရှိပါတယ်။

ပြီးတော့ ဟိုး အရင်တုန်းက ကျွန်တော်တို့ ပျော်စရာကြီး တို့ဘာတို့ က လူငယ် အဆိုတော်တွေကိုလဲ အဖွဲ့လိုက်တွေရွေးချယ်ပြီးတော့ ထုတ်ခဲ့တဲ့ အစီ အစဉ်မျိုးတွေ ရှိခဲ့ဖူးတယ်။ အဲ့လိုမျိုးကိုလဲ ၂၀၁၆ မှာ Frenzo Production အနေနဲ့ ထပ်ပြီး စီစဉ် တင်ဆက်ဖို့ရှိပါတယ်။

-Frenzo က လူရွေးပြီး တင်ရင် အောင်မြင်တာ များတယ်။ အဲ့ဒီ အပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ရွေး ချယ်ဖြစ်တယ်ဆိုတာကိုလဲ သိချင်ပါတယ်။
တင်တယ်ရယ်လို့လဲ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အနုပညာရှင်တွေ နဲ့ကြားထဲမှာ တင်တယ်တို့လုပ်ပေး တယ် တို့ကို မသုံးကြဘူး။ ကျွန်တော်တို့ အလုပ် တစ်ခုကို အတူတူ လက်တွဲပြီး လုပ်တယ်။

ပြီးတော့ ကျွန်တော်တို့နဲ့ အတူ လက်တွဲမဲ့ အနုပညာရှင် ကို ကျွန်တော်တို့ စဉ်းစားတဲ့ထောင့်က ကျတော့ အဆိုတော်ဆိုရင်လဲ သီချင်းဆိုနိုင်ရမယ်။ သီချင်းရေးနိုင်ရမယ်။ သူ့ အနုပညာကို သူဖန်တီးနိုင်စွမ်း ရှိရ မယ်။ အဲ့ဒီလိုလူတွေနဲ့လက်တွဲပါတယ်။

ကျွန်တော်တို့ သွားချင်တဲ့ လမ်းကြောင်း ကျွန်တော်တို့လျှောက်ချင် တဲ့ လမ်းကြောင်းက ကြီးကြီးမားမား များများ စားစားကြီးတော့ မဟုတ်ပါဘူး။ ကွာလတီကောင်းကောင်း တစ်ခု ကျွန်တော်တို့ ထုတ်ချင်တယ်။ ပြီးတော့ ရေရှည် မှာ လက်တွဲနိုင်မဲ့သူများလဲဖြစ်ရမယ် ။

အထူးသဖြင့် တကယ်တမ်း အလုပ်လုပ်ဖြစ်နေတာ ကတော့ သူငယ်ချင်းတွေနဲ့ပါပဲ။ သူငယ်ချင်းတွေ လိုပဲပေါင်းကြတယ်။ အားလုံး လက်တွဲပြီးတော့ သူ့ အလုပ်လဲကိုယ်လုပ်၊ ကိုယ့် အလုပ်လဲသူလုပ် တိုင် တိုင်ပင်ပင်စည်းစည်းလုံးလုံး လုပ်ကြပါတယ်။

-အဆိုတော်တွေ အပြင် အတီး သမား၊ Dj သမားတွေရော ပါဦးမလား။
လက်တွဲပြီး အလုပ်လုပ်မဲ့သူ အများကြီး ရှိပါတယ်။ တင်တယ်လို့တော့မဟုတ်ပါဘူး။ အနုပညာသမား တစ်ယောက် ကိုအောင်မြင်အောင် လုပ်ပေးနိုင်တဲ့ အစွမ်း မျိုးတော့ ကျွန်တော်တို့မှာမရှိဘူး။ ကျွန်တော်တို့ ထုတ်လုပ်ရေးလုပ်မယ်။ အနုပညာရှင်တွေ နဲ့အတူ လက်တွဲပြီးကြိုးစားကြမယ်။

-အခု လက်ရှိမှာ စိုင်းစိုင်း အနေနဲ့ အသက်အရွယ်ကလဲ ရလာတဲ့ အခါကျတော့ နောက်ပိုင်းမှာ ထုတ် လုပ်ရေး နဲ့ပဲ ဦးစားပေး ရပ်တည်ဖြစ်မလား။ အဆိုတော် တစ်ယောက် ရဲ့ ရပ်တည်မှု၊ သရုပ်ဆောင်တစ်ယောက် ရဲ့ ရပ်တည်မှုတွေ ဘယ်လိုပြောင်းလဲဖို့ ရှိမလဲ။
အခုလောလောဆယ် မှာတော့ ပြီးခဲ့တဲ့ စနေ ကလဲ ပွဲတစ်ပွဲဆိုခဲ့ပါတယ်။ နောက် ဒီလထဲမှာ ပဲ မေမြို့မှာ ထပ်ဆိုမယ်။ New Year မှာ ထပ်ဆိုပါမယ်။ သီချင်း က ဆိုနိုင် သလောက်ထိ၊ ပရိသတ်လဲအားပေးနိုင် သလောက်ထိ၊ သီချင်းတွေလဲရေးနိုင်တဲ့ အသက်အရွယ်လောက်ထိရေးပါမယ်။ ဆိုပါမယ်။

အသက်အရွယ် ရလာပြီ ဆိုတာလဲ မှန်ပါတယ်။ ကျွန်တော် ဂီတလောက မှာ နည်းနည်း အချိန်ကြာ ကြာလေး လဲဖြတ်သန်း လာပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်ငယ်ငယ် ကတည်းက လေးစား အားကျခဲ့ ရတဲ့ အဆိုတော်ကြီးတွေ အကုန်လုံး လဲ သီချင်း ဆိုနေတာပဲ ဆိုတော့ အခုချိန် မှာတော့ အနားယူလိုက်ဖို့အစီ အစဉ်မျိုးတော့ လုံးဝ မရှိပါဘူး။

-၂၀၁၆ မှာ အယ်လ်ဘမ်သစ် ထွက်မယ်လို့လဲ သိရတယ်။ အဲ့ဒီ အပိုင်းလေးကိုလဲ ပြောပြပေးပါဦး။
လောလောဆယ်တော့ ဂေါ်တယ် မိုက်တယ် ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ကို စပြီး ဖြန့်ချိပါမယ်။ ပြီးရင် will you marry me ဆိုတဲ့ နောက်တစ်ပုဒ် ထပ်ထွက်မယ်။ နောက် အဲ့ဒီလို Single သုံးပုဒ်လေးပုဒ်လောက်ထွက်ပြီးမှပဲ ကျွန်တော့် Single album ထွက်ပါမယ်။

-၂၀၁၆ မှာ ထွက်မဲ့ အခွေထဲက သီချင်းတွေ ကရော အစ်ကို ကိုယ်တိုင်ပဲရေးတာလား။
များသော အားဖြင့် ကျွန်တော်ရေးပါတယ်။ ပေါင်းရေးတာတွေလဲ ရှိပါတယ်။

-သီချင်းရေးတဲ့အခါ စာသားတွေ က အသက်အရွယ်အရ ပြောင်းလဲသွားတာမျိုး ရှိလား။
အဲ့ဒီ အသက်က အနုပညာအပေါ်မှာရော ဘ၀ အပေါ်မှာရော ဘာများ အရေးတကြီးဖြစ်နေလို့လဲပေါ့။ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော့်အတွက်ကတော့ ဆယ်တန်း တုန်းကလဲ ဒီ ခံစားမှု၊ ဒီmood ပဲ၊ ဒီ ရည်မှန်းချက်တွေရှိတယ်။ ဒီ ၀ါသနာပါတာကို ကျွန်တော်ကြိုးစားတယ်။

အသက်၂၀ နားရောက်လာတယ်။ ဒီ ၀ါသနာပဲ။ ဒီ ခံယူချက်ပဲ။ ဒီ အလုပ်တွေပဲကြိုးစားတာပဲ။ အခု ကျွန်တော် အသက် ၃၀ နားရောက်လာတယ်။ ကျွန်တော်ဒီလိုပဲကြိုးစားတယ်။ ကျွန်တော်ရေးချင်သေး တယ်။ ဆိုချင်သေးတယ်။ ဒါ ကျွန်တော်မွေးကတည်း က ပါလာတဲ့ ၀ါသနာဖြစ်တယ်။

ကျွန်တော်လုပ်ချင်တာ လုပ်ခွင့်ရအောင် ထပ်ပြီးကြိုးစားနေတယ်။ အကယ်၍ တစ်ချိန်မှာ ကျွန်တော် အသက်၄၀ ရောက်လာမယ်။ အသက် ၅၀ရောက်လာမယ်။ ကျွန်တော်ဆိုခွင့်ရတဲ့ အထိဆိုမယ်။ ရေးခွင့်ရတဲ့ အထိ ကျွန်တော်ရေးမယ်။ ကျွန်တော်ရေးတဲ့ အကြောင်းအရာ ကလဲ အဲ့ဒီ အချိန်မှာဖြစ်နေတဲ့ခံစားမှု အတိုင်းဖြစ်မယ်။

အဲ့ဒီတော့ လောလောဆယ်မှာ ဒီနေ့ ကျွန်တော်ဒေါသထွက်နေရင် ဒေါသ ပါတဲ့သီချင်းတွေရေးရင်ရေး မယ်။ အသည်းကွဲနေရင် အသည်းကွဲတဲ့ သီချင်းတွေရေးရင်ရေးဖြစ်မယ်။

အသက် ၅၀ နားရောက်လာလို့ အသည်း ကွဲရင်လဲ ကွဲမှာပေါ့။ ချစ်ရင်လဲ ချစ်မှာပေါ့။ ကျွန်တော့ ဘ၀အတွက် အသက်အရွယ် က ကျွန်တော့ အပေါ်မှာ အရမ်းကြီး လွှမ်းမိုးမှု မပြဌာန်းဘူး။

-ဆိုလိုတာက ဥပမာ နှလုံးသားရေးရာ နဲ့ပတ်သက်ပြီး သီချင်းရေးတဲ့အခါ အသက်အရွယ် အပိုင်းအခြားအရ ပြောင်းလဲမှုရှိလားဆိုတာကို သိချင်တာပါ။
-ကျွန်တော် အခုချိန်ထိတော့ ငယ်တဲ့ အတွက် ငယ်တဲ့သီချင်းတို့၊ ကြီးတဲ့ အတွက်ကြီးတဲ့ သီချင်းတို့မခံ ယူ ထားဘူး။ လူကြီးတွေလဲအချစ်သီချင်းရေးသလို လူငယ်တွေ လဲ ဒသနတွေရေးတယ်။

အဲ့ဒီတော့ ကျွန်တော် ငယ်ငယ်လေး ကတည်းကလဲ အတွေးအခေါ် ပါတဲ့ သီချင်းတွေရေးခဲ့တာ ရှိမယ်။ အချစ် သီချင်းတွေရေးခဲ့တာ ရှိမယ်။ အသက်၆၀ရောက်သွားတဲ့ အခါကျရင်လဲ အတွေး အခေါ်ပါတဲ့ သီချင်းတွေရေးမိတာလဲ ရှိမယ်။ အချစ် သီချင်းတွေရေးမိတာလဲ ရှိမယ်။

ကျွန်တော် နားလည်တာ ကတော့ အနုပညာ ဆိုတာ လွတ်လပ် ပါတယ်။ အသက် ကန့်သတ်ချက်တွေ မရှိပါဘူး။ ကျွန်တော် ကတော့ ဒီ အရှိန်အတိုင်းပဲ လှိမ့်နေမှာပါပဲ။ နောက်လဲ ဒီအရှိန် အတိုင်းပဲ လှိမ့်နေ မှာပါပဲ။ ရပ်မှာ မဟုတ်ဘူးထင်တယ်။

-ကိုယ့်ဟာကိုယ်ပြောင်းလဲ လာတယ်လို့ထင်တဲ့ အရာတွေက ဘာတွေများဖြစ်မလဲ။
ကျွန်တော်နည်းနည်း ၀လာတယ်။ အရပ်တော့ ပိုမရှည်လာဘူး။ အရပ်နည်းနည်း ရှည်ချင်တာ ဘေးကိုပဲ ထွက်လာတယ်။ နည်းနည်း အစားပိုပုပ် လာတယ်။ ဒီလောက်ပါပဲ။

-ဖေ့စ်ဘုတ်မှာ စာတွေ တင်ရင် ပရိသတ်တော်တော် များများ share ကြတယ်။ တင်သမျှ စာတွေက ခံစားချက် အစစ်တွေလား။ ပတ်ဝန်းကျင် ရဲ့ အမြင် ကို ခံစားချက်ယူပြီးရေးထားတာလား။ သိချင်ပါတယ်။
ကျွန်တော် စာရေးတာ ၀ါသနာ ပါပါတယ်။ ကျွန်တော်ရေးပါတယ်။ တွေ့တာရေးပါတယ်။ မြင်တာရေးပါတယ်။ ကျွန်တော်ခံစားရတာလဲရေးပါတယ်။

တခါ တလေမှာ ကျွန်တော့်စိတ်မှာ ခံစားရတာ ကျွန်တော်ရေးတယ်။ တခါ တလေမှာ ကျွန်တော်တွေး မိတာလေးတွေကျွန်တော်ရေးမယ်။ တခါတလေ မှာ ကျွန်တော့ သူငယ်ချင်းတွေ ခံစားနေရတာ ကိုရေး ရင်ရေးမယ်။ ကျွန်တော် ၀ါသနာပါလို့ရေးတာပါ။


ခင်ဆွေသက်
http://www.searchmyanmar.com/link/frame/cid/55999

 

No comments:

Post a Comment