Sunday, December 27, 2015

ဖေဖော်ဝါရီလ ထဲမှာ အခွေနှစ်ခွေ ဆက်တိုက် ထွက်ဖို့ရှိတဲ့အကြောင်း ဖွင့်ဟ လိုက်တဲ့ ဖြိုးပြည့်စုံ

                        

Melody World ၂၀၁၀ မှာ ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲ ကို စတင် ၀င်ရောက်လာ ခဲ့တဲ့ ဖြိုးပြည့်စုံ က ၂၀၁၃ ခုနှစ်မှာ ပထမဆုံး တစ်ကိုယ်တော်တေးအယ်လ်ဘမ် ကို စတင်ကြိုးစားခဲ့ပြီး ၂၀၁၅ မှာမျှော်နိုင်သမျှ ဆိုတဲ့ နာမည် နဲ့ ထွက်ရှိကာ ၂၀၁၅ ခုနှစ် မှာပဲ ရွှေ FM ရဲ့ တစ်နှစ်တာလုံးတေးသီချင်းတောင်းဆို ခံရဆုံး ဆု ကိုလဲ ရရှိပိုင်ဆိုင်ခဲ့တာမို့ ဖြိုးပြည့်စုံ နဲ့တွေ့ဆုံခိုက် သူ့ရဲ့ ဂီတရေးရာများကို မေးမြန်းဖြစ်တဲ့အခါ.....

-အခုလက်ရှိ ဂီတ လှုပ်ရှားမှု အနေ နဲ့ ဘာတွေ လုပ်ဖြစ်နေလဲ။
ကိုယ်က အခု မျှော်နိုင်သမျှတော့ ထွက်ထားတယ်။ ငါးလလောက် ရှိပြီ။  အဲ့ဒီမျှော်နိုင်သမျှ ကိုပဲ Audio ကနေ အမ်တီဗီ ထွက်ဖို့ကြိုးစားနေတယ်။ ၂၀၁၆ တစ်လပိုင်း မှာ အမ်တီဗီ စရိုက်ဖြစ်မယ်။

ဒီကြားထဲ မှာ အယ်လ်ဘမ်လေးနှစ်ခု ထွက်ဖို့ရှိတယ်။ တစ်ခု က ကိုယ် နဲ့ Melody World က ညီမလေး ၀တ်ရည်ထက် နဲ့အတွဲလေးထွက်ဖို့ရှိတယ်။ ဖေဖော်ဝါရီ အမှီပေါ့။ ဒါပေမဲ့ ချစ်သူများနေ့အတွက် သီးသန့်တော့ မဟုတ်ဘူး။ Mini အတွဲခွေလေးပေါ့။ ခြောက်ပုဒ်လောက် ပဲပါမယ်။

နောက်တစ်ခု က ဆရာ မင်းချစ်သူ စီစဉ်ပြီးတော့ ကျော်သီဟ၊ နီနီခင်ဇော်၊ ရွှေရည်ဖြိုးမောင်၊ အားမာန် ၊ ၀တ်ရည်ထက်၊ အစ်ကို ခြောက်ယောက် ပါတဲ့ Group album လေး တစ်ခု ထွက်ဖို့ရှိတယ်။ အဲ့ဒီ အခွေလေး ကိုလဲ ဖေဖော်ဝါရီလောက် ထွက်နိုင်အောင်ကြိုးစားနေပါတယ်။

-မျှော်နိုင်သမျှ က ဆုလဲ ရခဲ့တော့ ဒီအပေါ် မှာ အားရကျေနပ်မှု က ဘယ်လိုရှိလဲ။
အဓိက ကတော့ FM တွေ က လွှင့်ပေးတယ်ပေါ့။ ဒီဖက်ခေတ် မှာ ပရိသတ် နဲ့ဆက်ဆံရေး က အစ်ကိုတို့အတွက်အွန်လိုင်းဖေ့စ်ဘုတ်ရှိမယ်။ Page ရှိမယ်။ အဲ့ဒီ ကနေ Feedback ကို အဓိကကြားရတယ်။


ကျန်တာ ကတော့ ရှိုးဆို မှ သိရတာ ဆိုတော့လေ ရှိုးကနေ ရတဲ့ Feedback ထက်စာရင် ပထမဦးဆုံး နဲ့လက်လှမ်း အမှီဆုံး ရတဲ့ Feedback က ဘာလဲ ဆိုရင် ဒီဖေ့စ်ဘုတ် Page တွေပဲပေါ့။

 ပရိသတ် ဆီကပြန်ကြားရတာ ကတော့ လရိပ် နဲ့မျှော်နိုင်သမျှ နှစ်ပုဒ် ကိုတော့ သူတို့ကြိုက်ကြတယ်။ ပိုပြီးတော့ကောင်းသွားတာ ကတော့ ရွှေ FM ကနေချီးမြှင့်တဲ့ ဆု ကို ရခဲ့တယ်ပေါ့။ အစ်ကို ထွက်တာ ငါးလလောက်ပဲရှိသေးပေမဲ့ အွန်လိုင်း ကနေ တစ်နှစ်တာလုံး မှာ ပရိသတ်တောင်းဆို မှု အများဆုံးဆု ကိုရခဲ့တယ်။ အစ်ကို ပိုပြီးတော့ကျေနပ်တယ်။

-မျှော်နိုင်သမျှ တစ်ခွေလုံး က သီချင်းအေးအေးလေးတွေ များတယ်နော်။
ဟုတ်တယ်။ ကိုးဆယ်ရာခိုင်နှုန်းလောက် က သီချင်းအေးအေးလေးတွေကြီးပဲဖြစ်သွားတယ်။ အဲ့ဒါ ကလဲ အေးပါစေ ဆိုပြီး လုပ်တာတော့ မဟုတ်ဘူး။ အစ်ကို စပြီး အခွေ လုပ်တော့ ရွေးထားတဲ့ သီချင်း က အပုဒ်နှစ်ဆယ်ကျော်လောက် ရှိတယ်။

ပြီးတော့ တီးတာ ကလဲ Iron Cross နဲ့တီးတော့ တခြား ကဏ္ဍတွေ မှာ ပင်ပန်း စရာတွေ အများကြီး ရှိတယ်။ ပြန်ရွေးတဲ့ အခါမှာ အခွေလုပ်တဲ့ အချိန်က သုံးနှစ်လောက်ကြာတဲ့ အတွက်ကြောင့် ပြန်ရွေးတဲ့ သီချင်းတွေ က အအေးတွေ များသွားတယ်။ အခွေထွက်မှလဲကိုယ့်ကိုကိုယ် သတိထားမိတာ။

-၀တ်ရည်ထက်နဲ့လုပ်မဲ့ အခွေမှာရော မြူးဇစ်ပုံစံတွေပြောင်းလဲဖို့ ရှိဦးမလား။
ပေါ့ပ် ကိုမှ ပေါ့ပ်ချိုချိုလေးပဲ။ မြူးရင်တောင်မှ ဟဲဗီး ကြမ်းတာမျိုးကြီးတွေ မြူးတာမျိုးကြီးတွေ ပါမှာ မဟုတ် ဘူး။ ဘာကြောင့်လဲ ဆိုတော့ အစ်ကိုတို့က အချစ် သီချင်း၊ စုံတွဲ သီချင်း၊ အလွမ်း သီချင်း၊ ဒါမျိုးတွေ ကို အဓိက အခြေခံ သွားမှာပါ။

စုံတွဲ ဆိုတော့ ချစ်တာရှိမယ်။ လွမ်းတာရှိမယ်။ ဒီနှစ်မျိုးကိုပဲ အဓိက သွားမှာပါ။ ပြီးတော့ သီချင်းဟောင်းလေးတွေ လဲပါမယ်။ ဖန်တီးမှု ကတော့ မြူးဇစ်တောင်မှတော်တော်လေးပြင်ထားတယ်။ Full band မဟုတ်ဘူး။ player နှစ်ယောက်နဲ့ပဲဖြစ်အောင် တည်ဆောက်ထားတာ မျိုးလေးတွေ ပါတယ်။ ညိမ့်ညိမ့်ညောင်းညောင်း မျိုးလေးတွေပါမယ်။

-တေးရေးတွေကရော ဘယ်သူတွေ ပါမလဲ။
ဆရာကေအေတီ၊ ဆရာမြင့်မိုးအောင်၊ ဆရာမင်းချစ်သူ၊ နောက် အစ်ကို ကိုယ်တိုင်ရေးထား တာပါမယ်။ ပြီးတော့ ကိုမိုးမင်းအိမ် ပါမယ်။ နောက် လရိပ်ရေးပေးထားတဲ့ စည်သူမင်း ပါမယ်။

-ဆရာမင်းချစ်သူ စီစဉ်တဲ့ အခွေကျတော့ ဘယ်တော့လောက်ဖြစ်မလဲ။
အခုတော့ အားလုံး အချောသတ်ပြီးနေပြီ။ Final Master Mixing အတွက် အစ်ကိုတို့စောင့်ဆိုင်းနေတယ်။ အဲ့ဒီအတွက် တိုင်ပင်နေကြတယ်။ ဖေဖော်ဝါရီ ထွက်ဖို့ကိုကြိုးစားနေတယ်။ မတ်လ နဲ့ဧပြီလ ဆို သင်္ကြန် ရှိတဲ့ အတွက် ဘယ်လိုမှ ထွက်ဖို့အဆင်မပြေနိုင်ဘူး။

-တစ်ယောက်ကို ဘယ်နှစ်ပုဒ်စီလောက် ပါမလဲ။
ပျမ်းမျှ ကတော့ တစ်ယောက်ကို နှစ်ပုဒ်စီပေါ့။ ဒါပေမဲ့ နီနီခင်ဇော် ကတော့ တစ်ပုဒ်ပဲ ရတယ်။ Group Sound လေး တစ်ပုဒ်ပါမယ်။ အဲ့ဒီမှာတော့ နီနီပြန်ပါမယ်။ အဖွဲ့လိုက် ဆိုမဲ့ သီချင်းလေး က အတ္တနဲ့ယာယြီပတ်စဲခြင်း  ပေါ့။ ရေဘေး ပြီးတုန်းက တစ်ခါ ထွက်ဖူးတယ်။ အခု အမှတ်တရ အနေနဲ့ပြန်ထည့် ထားတာပေါ့။

-မျှော်နိုင်သမျှ အခွေ ကိုရော အပုဒ် အားလုံး ကို အမ်တီဗီ ရိုက်မှာလား။ လျှော့မဲ့ အပုဒ်တွေရောပါဦးမလား။
အစ်ကိုက အခုလောလောဆယ် အစ်ကို လုပ်နေတာက မျှော်နိုင်သမျှပါ ပါမယ် ဆိုရင် အခွေက သုံးခုဖြစ်နေ တယ်။ ပြီးတော့ ဒုတိယ အယ်လ်ဘမ် အတွက်လဲ စဉ်းစားနေရတယ်။ အခုက ၄ခွေစာခေါင်းထဲ ထည့်နေရတဲ့အတွက်မျှော်နိုင်သမျှ အတွက်ကို နံပတ် တစ်က စပွန်ဆာ နဲ့ညှိနေတယ်။

အားလုံး အဆင်ပြေရင် မျှော်နိုင်သမျှကိုအကုန်ရိုက်မယ်။ စပွန်ဆာ မရှိဘူး ဆိုရင်တော့ အစ်ကိုအားလုံးကိုမရိုက်ဘူး။ လျှော့မယ်ပေါ့။

-အခုဆိုဂီတ သက်တမ်းဘယ်လောက်ရှိသွားပြီလဲ။
Melody World မှာ ၀င်ပြိုင်တာ က ၂၀၁၀ တကယ် ပရိသတ်ရှေ့ကိုသီချင်း ချပြတာက ၂၀၁၂ အဲ့ဒီ ကနေ မယ်လိုဒီဝေါထွက်ပြီး အချစ်ဦး သီချင်းလေး ထွက်လာတယ်။ နောက် ပိုပိုအခွေ ထွက်လာတော့ စုံတွဲ သီချင်းလေးတွေ ဆိုဖြစ်တယ်။

ဒါလေးတွေ နဲ့လူက နည်းနည်းလေး သတိထားမိတယ်လို့အစ်ကို ခံယူတယ်။ ပထမဦးဆုံး အခွေ ထွက် တာက ကျတော့ ၂၀၁၅ မှ ထွက်တော့ သုံးနှစ်ကြာတယ်။

-ပရိသတ် ကိုပြောပြချင်တာများ ရှိသေးရင်။
ဒီကာလ ကတော့ အားလုံး ကလဲပြောင်းလဲချိန်တန်ပြီ လို့ပြောနေကြတဲ့ အချိန်ပေါ့။ ပြောင်းလဲတဲ့နေရာမှာ အကုန် လုံးပြောင်းလဲ ရမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အားလုံးပေါ့။ အဲ့ဒီထဲမှာ ဒီ အင်တာတိန်းမန့်ဆိုတဲ့ အရာက တစ်ခန်း တစ်ကဏ္ဍ ကနေပါဝင်တယ်။ အနုပညာရှင် ဖက်ကလဲပြောင်းလဲရမယ်။ ပရိသတ် ဖက်ကလဲပြောင်းလဲရမယ်။

ကိုယ်တို့နိုင်ငံမှာ လိုအပ်တဲ့လိုအပ်ချက်တွေ ကို အနုပညာရှင်တွေကဖြည့်ဆည်း ပေးမယ်။ ပရိသတ် ဖက် ကလဲဖြည့်ဆည်းပေးမယ်ဆိုရင် ဂီတလောက တစ်ခုမှာ တင် တိုးတက်ပြောင်းလဲမှု တစ်ခုဖြစ် လာနိုင် တယ် လို့ မျိုးဆက်သစ် တစ်ယောက်အနေ နဲ့အစ်ကို ကတော့ ယုံကြည်တယ်။

အစ်ကို့ကို ဒီအတိုင်းအတာလေး မှာ အသိအမှတ်ပြုပေးတာ ကို အစ်ကို ကတော့ ကျေးဇူးတင်တယ်။ ပြီးတော့ မသိသေးတဲ့ သူတွေကိုလဲ သိလာအောင် အစ်ကိုဆက်ကြိုးစားမယ်။ ကြိုးစားတာ ကိုလဲ အားလုံး က မျှဝေ ခံစားပေးဖို့အစ်ကို ဆန္ဒပြုပါတယ်။


ခင်ဆွေသက်
http://www.searchmyanmar.com/link/frame/cid/55999

 

No comments:

Post a Comment