Tuesday, June 27, 2017

အသံသွင်း စတူဒီယို တစ်ခု တည်ဆောက်ခြင်း



(အပိုင်း ၁)
အသံလုံခန်း တည်ဆောက်ခြင်း နှင့် နည်းပညာများ

အခန်း တည်ဆောက်ခြင်းဟာ အဓိကကျတဲ့ အထဲမှာ ပါပါတယ် ။  နောက်ပိုင်း အသံချိန် mixing and mastering တဲ့ အခါမှာ အခန်း တည်ဆောက်ခြင်း လွဲမှားခဲ့လို့ရှိရင် ဖြေရှင်းရခက်တဲ့ ပြသာနာတွေတက်လာနိုင်ပါတယ်ခင်ဗျာ ။

ဟုတ်ပါပြီ အသံသွင်း စတူဒီယိုတစ်ခု အတွက် ပထမဆုံး လိုအပ်ချက်က ဘာလဲလို့မေးရင် အားလုံးအရင်ဆုံးစဉ်းစားမိမှာက အသံ လုံဖို့ပါ ။  အိုကေ ....အသံလုံအခန်း အရင်ဆုံး တည်ဆောက်ကြပါမယ် ။






သင့်မှာ တစ်ကယ်လို့များ ရွေးခြယ်စရာအခန်းတွေ ရှိမယ်ဆိုပါစို့ ။


နံပါတ် (၁) စဉ်းစားရမှာက ကျယ်နိုင်သမျှ ကျယ်တဲ့ အခန်းကိုရွေးပါ ။ အခန်းကျယ်လေ သင့် ဂီတ တူရိယာတွေ ပိုဆံ့ဝင်နိုင်သလို ပိုလွတ်လပ်တဲ့ ခံစားချက်လည်းရှိစေနိုင်ပါတယ် ။


နံပါတ်(၂) စဉ်းစားရမှာ ကတော့ ဆူညံသံ (ဘေးအိမ်က အသံ၊ ငှက်သံ၊ ခွေးသံ) နဲ့ ဝေးရာ အခန်းကိုရွေးချယ်သင့်ပါတယ် ။


နံပါတ် (၃) ဖြစ်နိုင်မယ်ဆိုရင် မြေညီထပ် အခန်းတွေက ပိုသင့်တော်ပါတယ် ။ အထပ်အိမ်တွေ ဆိုရင်တော့ လည်း တတ်နိုင်သလောက် ပါကေး ကော်ဇောတွေနဲ့ အသံ တုန်ခါမူနည်းနိုင် သမျှ နည်းအောင် လုပ်နိုင်ပါ တယ် ။


နံပါတ် (၄) ဒါကတော့ ကျွန်တော့် ကိုယ်ပိုင် ခံစားချက်လို့ ဆိုနိုင်မလားပဲဗျ ။
အလင်းရောင်ရှိတဲ့ အခန်း ပြောရရင် ပြတင်းပေါက် ရှိတဲ့ အခန်းကို ရွေးစေလိုပါတယ် ။
အပြင်မှာ မိုးရွာနေလား အပြင်မှာနေသာနေလား ဆိုတာ မြင်ရတာဟာ အနည်းနဲ့ အများ အထီးကျန်မူ ကို   ဖြေသိမ့်နိုင်ပါလိမ့်မယ် ။







ဟုတ်ပါပြီ ရလာတဲ့ အခန်းကို ကျွန်တော်တို့ အသံ လုံအောင် လုပ်ပါတော့မယ် ။ အသံလုံအောင် လုပ်တဲ့ ထဲမှာ နည်း၂ မျိုး ရှိပါတယ် ။

ပထမ တစ်နည်း ကတော့ အသံစုတ်တဲ့ ဖော့ပြားကဒ်တဲ့ နည်းပါ ။


ဒီနည်းဟာ သာမာန်ရိုးကျ မြင်နေတွေ့နေရပေမဲ့ တစ်ကယ်တန်းကျ ဖော့ပြားဈေးက မသတ်သာလှပါဘူး
ဘာလို့လည်း ဆိုတော့ တစ်ခန်းလုံး နီးပါး အပြည့်လုံး ဖော့ပြားတွေကပ်ရမှာပါ ။ ဒါ့အပြင် တစ်ခန်းလုံး နီးပါးကပ်ပေမဲ့လည်း အသံ လုံလား ဆိုတော့ အာမခံလို့ မရပြန်ပါဘူး ။


သုံးပေ ငါးပေခန့် အရှည် နဲ့ အထူ ၁ လက်မလောက် ရှိတဲ့ ဖော့ပြားဈေးက တစိသောင်းကျပ် ၀န်းကျင်ပါ တစ်ခန်းလုံး အပြည့်ဆိုရင် အနည်းဆုံး ၂ သိန်း ၀န်းကျင်ကနေ စတင် ကျသင့်မှာပါ ။


တစ်ခြား အစားထိုး အနေနဲ့တော့ စာအုပ်စင် ထားတာပါ ။ ဘာကြောင့်လည်း ဆိုတော့ စာအုပ်စင် ဟာ အသံ စုတ်တဲ့ ဖော့ပြားထပ်ကို ပိုပြီး အသံ စုတ်ယူနိုင်ပါတယ် ။


ဒါ့အပြင် ခန်းဆီး လိုက်ကာတွေ ကပ်တာလည်း ရပါတယ် ။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ တစ်ကိုယ်ရေ အမြင်နဲ့ပြောရမယ် ဆိုရင် ဒီဖော့ပြား အပြည့်ကပ်တဲ့ နည်းကို သဘောမတွေ့လှပါဘူး ။ ပိုက်ဆံ အကုန်အကျ များပြီး မသေချာတဲ့ ကိစ္စမို့လို့ပါ ။








ဒုတိယနည်းဟာ နံရံကို ထူအောင် လုပ်မဲ့နည်းပါ ။


ပြောရရင်တော့ ရှိပြီးသား နံရံကို ကျည်းခွေဘောင် ခံပြီး နောက်ထပ် နံရံနောက်တစ်ထပ် ထပ်ကပ်တာပါ
ဒီနည်းက အပေါ်က ဖော့ကပ်တာထက် အကုန်အကျ ပိုလျော့ချလို့ရနိုင်ပါတယ် ။ ဒါ့အပြင် အသံ လုံဖို့သေချာအောင် လုပ်လို့ရပါတယ် ။


ဘာလို့လည်း ဆိုတော့ နံရံနှစ်ထပ် ကြားထဲမှာ အသံ လုံချင်သလောက် လုံနိုင်အောင် ကြက်ဥဂတ်ခွံ့လိုမျိုး ပဲ ထည့်မလား တတ်နိုင်လို့ အသံစုတ်ဖော့ အထူကြီးတွေပဲ ထည့်မလား ဒါမှမဟုတ် ဂွမ်းစ အဟောင်းတွေပဲ ထည့်မလား ထည့်လို့ရပါတယ် ။


ဒါတင်ပဲလား ဆိုတော့ အဲ့ဒီလို လုပ်လို့မှ အသံ မလုံသေးဘူး ဆိုရင်တောင် အပြင်ကနေ ဖော့ ထပ်ကပ်လို့ရမယ် ။ အသံပြန်တာတွေ မကြိုက်ရင် bass trap လို ဖော့တွေထပ်ထည့်နိုင်မယ် ။ ဒီ ဒုတိယနည်းက ရွေး ချယ် စရာ ပိုများပါလိမ့်မယ် ။ 








ဟုတ်ပါပြီ အသံ လုံပြီပေါ့ ။ ဒါဆို ဘာဆက်လိုအုန်းမယ် ထင်ပါသလဲ ။
လိုအပ်တာ အသက် ရှုဖို့ပါ အသက်ရှုဖို့ အဲကွန်းပဲ တပ်မလား လေမှုတ်သွင်းတဲ့ ပန်ကာပဲ တပ်မလား
တစ်ခုတော့ ရှိပါတယ် အသံထွက် နည်းတဲ့ ပစ္စည်းကို ရွေးခြယ်သင့်ပါတယ် ။


ပန်ကာလိုမျိုး မော်တာ ပါသမျှ စက်ပစ္စည်းတိုင်းမှာ low frequency အနည်းနဲ့ အများရှိပါတယ် ။ တစ်ကယ်လို့ အသံဖမ်းနေချိန် ၀င်နေမှာ စိုးရင်လည်း ပိတ်ထားနိုင်ပါတယ် ။







အသံ လုံခြင်းနဲ့ နောက်ထပ် ရင်ဆိုင်ရမဲ့ ပြသာနာ တစ်ခုကတော့ အသံတွေ ထွက်နေခြင်းပါ ။ ဘယ်ကနေ ထွက်နေမလဲ ဆိုတော့ များသောအားဖြင့် ကွန်ပြူတာ ပန်ကာကနေ ထွက်နိုင်ပါတယ် ။ မော်နီတာ စပီကာ ၇ဲ့ ကြိုးတွေ မကောင်းလို့ပဲ ဖြစ်ဖြစ် တစ်နေရာရာ ကနေ တစ်ဂျစ်ဂျစ် နဲ့ ထွက်နေတာမျိုး လည်းဖြစ်တတ်ပါ တယ် ။


တစ်ချို့သော မီးသီး မီးချောင်းများက လည်း အသံ ထွက်တတ်ပါတယ် ။ အနည်းနဲ့ အများကတော့ ထွက်ကို ထွက်ပါတယ် ။ စိတ်မပူပါနဲ့ ဖြေရှင်းစရာ နည်းလမ်းကတော့ အသံသွင်းမဲ့  မိုက်ခရိုဖုန်းနဲ့ အသံဖမ်းတဲ့ အခန်းကို ခွဲထားလို့ရပါတယ် ။






နောက်တစ်နည်း ကတော့ vocal booth လိုမျိုးကိုသုံးပါ ။







အသံ လုံပြီဆိုရင် ထပ်ချိန်သင့်တာ ကတော့ အသံပြန်ကန်မူ (လှိုင်ခေါင်းသံ) ဖြစ်နိုင်မူပါ ။ 

သာမန် စကားပြောတဲ့  အချိန် တီးတဲ့ ဆိုတဲ့ အချိန်မှာ မသိသာပေမဲ့  တစ်ကယ်တန်း မော်နီတာ စပီကာရှေ့ ငုတ် တုတ်ထိုင်ပြီး အသံချိန်တဲ့ အခါမှာ ဘေ့စ် က အူနေလား အသံတွေက နှစ်ခါပြန်လာပြီး ရှုပ်နေလားဆိုတာကိုဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ အသံစုတ်ဖော့တွေကို နေရာတစ်ကျ ကပ်သင့်ပါတယ် ။

နေရာတိုင်း ကပ်တာကို မကြိုက်တာ ကတော့ အသံပျောက်သွားတတ် လို့ပါ ။ မော်နီတာက ထွက်သမျှ အသံတွေက ဖော့ထဲ ၀င်သွားသလို ခံစားရစေတတ်ပါတယ် ။  လိုအပ်သလောက်ပဲ ကပ်စေချင်ပါတယ် ။





နောက်ဆုံး အခန်းတည်ဆောက်မူမှာ စဉ်းစားရမှာကတော့ မီး အလင်းရောင် ပြင်ဆင်မူ ပါပဲ ။

ဒါကတော့ လိုအပ်သလို အဆင်ပြေသလို ဆင်နိုင်ပါတယ် ။ တစ်ခုပါပဲ ဗို့လ်အား အရမ်းပြင်းတဲ့ မီးတွေ နဲ့ သက် သာချောင်ချိရေး မီးသီးတွေကိုတော့ မသုံးစေချင်ပါဘူး ။ ဆူညံသံတွေ ထွက်တတ်လို့ပါ ။

ကျွန်တော် အခုပြောပြသွားတာတွေဟာ တစ်ကယ်တန်း အကြမ်းဖျင်းပဲ ရှိပါတယ် ။
အသေးစိတ် ချင်ရင် စိတ်ချင် သလောက်ရသလို ဓျေးလည်း ကွာဟသွားပါလိမ့်မယ် ။
နောက်နေ့မှာ အပိုင်း(၂) ကွန်ပြူတာ အခြေခံ အသံဖမ်း စတူဒီယိုတည်ဆောက်ခြင်း ကို ဆက်ရေးပေးသွားပါမယ်ခင်ဗျာ ။



အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ။


Blue Paradise




No comments:

Post a Comment