Thursday, April 20, 2017

အသံဖမ်း ဦးဘသိန်း နဲ့ တက္ကသိုလ်အေးမောင် တို့ တူဝရီး ရဲ့ ဂီတ သမိုင်းမှတ်တိုင်



သူ့ကို လူအေးလေးမို့ ချစ်စနိုးနဲ့ “ဘိုအေး” လို့ မိသားစုဆွေမျိုး သားချင်းတွေက ခေါ်ကြပါတယ်။ ဖေဖေ ရဲ့ တစ်ဦးတည်းသော အမကြီး၊ ကျွန်မတို့ကြီးတော် ဒေါ်မြခင် နဲ့ ဘကြီး ဦးဘဦး တို့ရဲ့သားသမီး ၇ ဦး အနက် ၆ ယောက်မြောက် သားထွေးဖြစ်ပြီး အမည်ရင်း ကတော့ “အေးမောင်” ဖြစ်ပါတယ်။

မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်သူ ကိုစောလှိုင် က ဆယ်ကျော်သက် အရွယ်၊ ရှင်ပြုခါနီး ဆဲဆဲ၊ ခြံထဲမှာကစားရင်း သစ်ပင်ပေါ်ကပြုတ်ကျပြီး ဆုံးပါးခဲ့ရပေမဲ့ ကျန်တဲ့ အကိုတွေဖြစ်တဲ့ - (ကျောင်းသွားဖေါ် သီချင်း သီဆို သူနဲ့ တစ်ပွင့် မာလာ သီချင်းရေးစပ်သီဆိုသူ) ကိုမြင့်လွင် (ခ) ကိုမြဦး၊ (ဘဝသခင် သီချင်း သီဆိုသူ) 

ကိုတင်ထွန်း (ခ) ကိုတင်ထွဋ်၊ (ဖေဖေပြောသောပုံပြင်) သီချင်း နဲ့ ဂီတလောကထဲ ဝင်ရောက်လာသူ ကိုတင်ဝင်း (ခ) ကိုတင်အောင်မိုး တို့ကို အားကျ အတုယူရင်း … ၁၉၆၈-၆၉ ခုနှစ် ၁၀ တန်းကျောင်းသား အရွယ်မှာ အထက်တန်းကျောင်းသုံးမြန်မာစာ ကဗျာတစ်ပုဒ်ဖြစ်တဲ့ ကဗျာဆရာ မျိုးမြင့်ဆွေ ရဲ့ “ဂျိန်းဖေါပွဲတော်” ကဗျာကို သံစဉ် သွင်းပြီး စာကျက်ခဲ့ရာက အစပြုလို့ ... မြန်မာ့ စတီရီယိုတေးဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

ကိုအေးမောင် ဟာ ဆယ်ကျော်သက် အရွယ် ကတည်းကစပြီး ဂစ်တာ ကို လေ့ကျင့် တီးခတ်ခဲ့တဲ့ အပြင် ဘီတီ ဘရားသား ဒုတိယ မျိုးဆက် ညီအကိုတွေ စုဖွဲ့ထားတဲ့ “Dream Makers” အဖွဲ့ရဲ့ အမာခံ ဂစ်တာ သမား အဖြစ်နဲ့ ဝါသနာပါရာ ဂီတ အနုပညာကို ပုံဖေါ်ခဲ့သူဖြစ်ပါတယ်။

ဂျိန်းဖေါပွဲတော် သီချင်း ကို ပထမဦးဆုံး သီဆိုသူက ကိုတင်အောင်မိုး (lead vocal) ဖြစ်ပြီး ကိုအေးမောင် က နောက်ခံ အသံ (second vocal) နဲ့ အားဖြည့် ကူညီရင်း ညီအကိုနှစ်ယောက်ရဲ့ ဟန်ချက် ညီညီ သီဆိုမှုကို ဦးလေးဖြစ်သူ ကျွန်မဖေဖေ ဦးဘသိန်း က “Ampex” Stereophonic tape recorder နဲ့ ၁၉၆၉ ခုနှစ်မှာ အသံဖမ်းပေးခဲ့ပါတယ်။ 

ဂျိန်းဖေါပွဲတော် အပါအဝင် တေးသီချင်း ၈ ပုဒ် ကို ဦးဘသိန်း က စတီရီယို စနစ်နဲ့ အသံ ဖမ်းပေး ခဲ့လို့ မြန်မာပြည် စတီရီယို လောကရဲ့ ပထမဆုံး စတီရီယို သီချင်းများ အဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။
(ဒီသီချင်းတွေထက် စောတဲ့ Stereo စနစ် နဲ့ ဦးဘသိန်း အသံဖမ်းပေးခဲ့တဲ့ သီချင်းတွေ ကတော့ ဦးအံ့ကြီး သီဆို ခဲ့တဲ့ ကျေးရွာဝါဒ ၊ မြိုင်ဟေမဝန်မြိုင်ထ ၊ ရန်ကုန်သူ စတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ 

၁၉၆၃ ခုနှစ် နှောင်း ပိုင်း “Ampex” recorder လက်ဝယ်သို့ ရောက်ရှိလာချိန်မှာ ပွဲဦးထွက် အသံ သွင်းခဲ့ လို့ မြန်မာပြည်မှာ စတီရီယို စနစ်နဲ့ အသံဖမ်းယူခြင်းကို ကျွန်မတို့ဖေဖေ ဦးဘသိန်း က စတင်ခဲ့ကြောင်း မိသားစု မှတ်တမ်းများရှိပါတယ်။)

လူငယ်တွေ ဆံပင်ရှည်ထား၊ ခေါင်းလောင်းဘောင်းဘီဝတ်၊ ဂစ်တာ ကိုင်ရင် လမ်းသရဲ လို့ သိမ်းကျုံး သမုတ် ကြတဲ့ခေတ် … လူငယ်ထု ကြားမှာ ဆေးခြောက်၊ ဘိန်းဖြူ၊ နံပါတ်ဖိုး တို့ အရမ်းခေတ်စားတဲ့ ကာလ … ဒီလို အချိန်မှာ ဖေဖေ က သူရဲ့ တူတွေ တူမတွေ လမ်းမှားပေါ် မရောက်အောင် ထိန်းကျောင်းပေးရင်း၊ သူတို့ ဝါသနာပါတဲ့ ဂီတ အလုပ်ကိုလည်း ကျောင်းတက်ရင်း တစ်ဖက်နဲ့ လုပ်နိုင်ကြအောင်၊ ဖေဖေ ကိုယ်တိုင်လဲ ဂီတ နဲ့ အသံဖမ်းခြင်းကို ဝါသနာကြီးလေတော့ အားလုံးကို အိမ်မှာ စုဝေးစေပြီး တီးကြ ဆိုကြဖို့ ခွင့်ပြုပေးခဲ့သူဖြစ်ပြီး ဥယျာဉ်မှုးကြီးလို မြေတောင်မြှောက်ပေးခဲ့တဲ့ အထဲမှာ ပထမဦးဆုံး ကတော့ သူ့တူလေး မောင်အေးမောင် ဘဲ ဖြစ်ပါတယ်။

ကိုအေးမောင် က နေ့ခင်း ဆိုရင် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်၊ ကျောင်းချိန်ပြီးတဲ့ ညနေဆိုရင် ကျွန်မတို့ အိမ်ကို ရောက်လာပြီး သူရေးထားတဲ့ သီချင်းတွေကို ဆိုပြတတ်ပါတယ်။ သူလာရင် ရယ်စရာတွေပြော၊ အရွှန်းအဖေါက် ရောက်တတ်ရာရာ စာသားတွေကို သူ့ဟာသူ သံစဉ်ထည့်၊ ဂစ်တာ တီးပြီး ဆိုပြ တတ်တော့ ကျွန်မတို့မောင်နှမတွေကလည်း သူဆိုပြတဲ့ သီချင်းတွေကို အောက်မေးပြုတ် ငေးမောရင်း နားထောင်ကြတာပေါ့။

(အဲဒီအချိန်က နာမည်ကြီး နိုင်ငံခြား တီးဝိုင်းတွေဖြစ်တဲ့ The Shadows, The Ventures တို့ရဲ့ သီချင်းတွေကို ကိုအေးမောင် က ဆိုပြ တီးပြလေ့ ရှိတော့ အဲဒီ သီချင်းတွေကို မှတ်ထားပြီး ကျွန်မ တို့ ငယ်ငယ် က တံမျက် စည်းကို ဂစ်တာလုပ်၊ ပါးစပ်က ဂီတာသံ ထွက်လို့ သီချင်း ဆိုတမ်း ကစားခဲ့ကြတာကို ငယ်ဘ၀ အမှတ်တစ်ရ တစ်ခု အဖြစ်နဲ့ ပြန်လည် မြင်ယောင်မိပါတယ်။)

တနေ့မှာတော့ ကျွန်မတို့ အိမ်ကို အလည်ရောက်နေတဲ့ ဘကြီးသိန်း (ဂီတစာဆို မန္တလေး-ဦးဘသိန်း) နဲ့ ကိုအေးမောင် တို့ စကားရည်လုကြပါတယ်။ ကိုအေးမောင် က သူရေးထားတဲ့ ကော်ပီ သံစဉ်သီချင်းတွေဖြစ်တဲ့ မာယာချစ်သည်း (Lodi – CCR) နဲ့ ချောနှမ မာယာ (Di Tong Jun Ka Tang – Indonesian song) တို့ကို ဆိုပြရင်း … ”ဘကြီးသိန်း က ဦးလေးအံ့ကြီး ဆိုဖို့ own tune သီချင်းတွေဘဲ ရေးပေးတယ်၊ ကျွန်တော့် အတွက် ကော်ပီ သီချင်း ရေးတတ်ရင် ရေးပေးပါဗျာ” လို့ စကားနာ ထိုးပါလေရော။ 







                                                     ဦးအံ့ကြီး နှင့် တက္ကသိုလ် အေးမောင်

ဘကြီးသိန်း ကလည်း အားကျမခံ “ကျုပ် တစ်သက်လုံး own tune သီချင်းတွေဘဲ ရေးလာတာ ဘဦးသား ဘိုအေးနဲ့ ကျမှ ဘာလို့ ကော်ပီသီချင်း မရေးတတ်ရမှာလဲ … ကော်ပီ သီချင်းရေးရတာ ဘာခက်တာမှတ်လို့” ဆိုပြီး အဲဒီခေတ်က အတော် လူကြိုက်များတဲ့ Venus တေးသွား သံစဉ်မှာ မြန်မာ စာသား ထည့်ရေးပေး လိုက် တာ “သက်ဆိုင်သူသို့“ အမည်ရတဲ့ အလန်းစား သီချင်းတစ်ပုဒ်ဖြစ်လာပါတယ်။ 

နိုင်ငံကျော် ဂီတ စာဆိုကြီး တစ်ဦးက တူသား မောင်ဘိုအေး ကို မေတ္တာရှေ့ထား၍ ချီးမြှင့်တဲ့ ဂီတအနုပညာလက်ဆောင်လို့ ဆိုရင်လည်း မှန်ပါတယ်။ (တစ်ကယ်တော့ ကိုအေးမောင် အတွက် ဘကြီးသိန်း ရေးပေးခဲ့တာ ကော်ပီ သီချင်း ၂ ပုဒ်လို့ ထင်ပါတယ်။ ကျန် ၁ ပုဒ် ကို ကျွန်မ မသေချာလို့ အကို အမတွေကို ပြန်မေးပြီး နောက်မှ ဖေါ်ပြပေးပါမယ်။)

ဒီလိုနဲ့ … ၁၉၇၁ ခုနှစ် မေလ … မုတ်သုန် အ၀င် မိုးရွာပြီးခါစ မြေရနံ့ သင်းပျံ့နေတဲ့ နေ့တနေ့မှာ ကိုအေးမောင် တစ်ကိုယ်တော် တီးခတ်မှု (Lead, Bass & Rhythm guitar, Clarophone/Gretsch home organ, Harmonica) နဲ့ သီဆိုမှု (Lead & Second vocal) တို့ကို ဖေဖေ ဦးဘသိန်း က Stereo Multiple recording technic နဲ့ စတင် အသံဖမ်းပေးခဲ့ပါတယ်။




Multiple recording နည်းပညာ အတွက် ဖေဖေ ရဲ့ သင်ဆရာတွေ ကတော့ အချိန်အား ရတိုင်း ကြိုးစားပြီး သူ ဖတ် မှတ် လေ့လာခဲ့တဲ့ နိုင်ငံရပ်ခြားမှ အသံပိုင်း ဆိုင်ရာ စာအုပ် စာပေတွေဘဲဖြစ်ပါတယ်။

ထိုစဉ်က Ampex recorder ဟာ 2 track stereo recorder ဖြစ်လို့ သီချင်းတစ်ပုဒ်ရဲ့ အခြေခံ အတီးပိုင်း ဆိုင်ရာကို အသံသွင်းတဲ့ အခါ ကိုအေးမောင် တစ်ယာက်ထဲ Drums တီးတာကို ၁ ခါ အသံ ဖမ်းယူထား၊ နောက် Bass guitar တီးတာကို ၁ ခါ အသံ ဖမ်းယူထား၊ အဲဒီ ၂ သံ ကို ၁ သံတည်းဖြစ်အောင် ပေါင်းပြီးတော့မှ နောက်တစ်ပြန် Lead guitar သံကို ထပ်ဖြည့်၊ ၂ သံကို ၁ သံတည်းဖြစ်အောင် ပြန်ပေါင်း၊ Rhythm guitar နဲ့ Home organ အတီး သံတွေ အားလုံး စုံပြီဆိုမှ အဆို သံကို ထပ်ပြီး အသံဖမ်း၊ အတီး အဆို ၂ သံ ရုပ်လုံးပေါ်လာရင် ဟာမိုနီ အဆိုသံ ထပ်ရောစပ် … စသဖြင့် ထပ်ပြန် တစ်လဲလဲ အသံ ၁ သံချင်း စီကို စိတ်ရှည် လက်ရှည် အသံ ဖမ်းယူခဲ့ရလို့ ၃ မိနစ်ခန့် ရှည်တဲ့ သီချင်း တစ်ပုဒ်ဖြစ်လာဖို့ ၃ နာရီထက် မနည်း အချိန်ယူ အချိန်ပေးခဲ့ရပါတယ်။

အဲဒီ အချိန်တုန်းက ကိုအေးမောင် က နေ့ခင်းပိုင်းမှာ ကျောင်းတက်၊ ဖေဖေ ကလည်း သူတို့မောင်နှမတစ်စု ပိုင်တဲ့ ဘီတီ ဘရားသားကော်ဖီ လုပ်ငန်းကို ပြည်သူပိုင် အသိမ်း ခံရပြီးတဲ့နောက် သာကေတ ရွှေခြင်္သေ့ကော်ဖီ စက်ရုံမှာ မန်နေဂျာ ရာထူး နည်းပြ အဖြစ် နဲ့ (၁၉၆၉ မှ ၁၉၇၂ အထိ) အစိုးရ ၀န်ထမ်းဘ၀ ရောက်ခဲ့ရတော့ တနေကုန် (နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အထိ) တာဝန် ထမ်းဆောင်ရလို့ ညနေ အလုပ် ကပြန်ရောက်တဲ့ အချိန်ကျမှ တူဝရီးနှစ်ယောက် ၀ါသနာပါရာ ဂီတ လုပ်ငန်းတွေကို ညမိုးချုပ် သန်းခေါင်တိုင်အောင် လုပ်ကြရပါတယ်။



                                              စန္ဒယားမျိုးနိုင် . သိန်းတန် . အေးမောင်


ကိုအေးမောင် က စီးပွားရေး တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်လို့ သူ့အမည်ရင်း အေးမောင် ရဲ့ အရှေ့မှာ “တက္ကသိုလ်” ဆိုတာ ထည့်ဖို့ ကျွန်မ မေမေ ဒေါ်တင်တင်ကြည် က အကြံပေးခဲ့ တာကြောင့် “တက္ကသိုလ်အေးမောင်” ရယ်လို့ အမည်တွင် လူသိများလာခဲ့ရပါတယ်။

သီချင်း ၁၀ ပုဒ် ကို အသံသွင်းပြီး သွားတော့ ပရိသတ်နား ပေါက်ရောက်စေဖို့ ဖေဖေ့ ခမျာ မနေသာဘဲ အ လုပ်နားတဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ အိုပယ်လ်ကားထဲ ဓါတ်ဆီ အပြည့်ထည့်ပြီး ရန်ကုန်မြို့လည်ခေါင်မှာရှိတဲ့ တေးသံသွင်း ဆိုင်တွေကို တစ်ဆိုင် တက်ဆင်း တူဝရီးနှစ်ယောက်ရဲ့ ကြိုးပမ်း အားထုတ်မှု တိတ်ခွေလေး ကိုင်ပြီး ၀ယ်ယူ အားပေးဖို့ အောက်ကျို့ တောင်းပန်ခဲ့ရပြန်ပါတယ်။

တစ်ချို့ဆိုင်တွေက ဖေဖေ အာပေါက်အောင် ပြောပေမဲ့ သီချင်းကို နားတောင် မထောင်ဘဲ မ၀ယ်လိုလို့ ငြင်းဆို လွှတ်ကြသလို တစ်ချို့ဆိုင်တွေ ကျတော့လည်း ဖေဖေ့ ရဲ့ စကား အပြောကောင်းတာရယ်၊ ပုဂ္ဂိုလ်ရေးအရ လေးစား ခင်မင်မှု ရှိတာရယ်ကြောင့် သီချင်း တစ်ခွေစာကို ဆုံးအောင် နားထောင်ပြီး ၀ယ်ယူဖို့ ဈေးစကားဆက်ပြောကြပါတယ်။

ဦးဘသိန်း ဟာ ဒီလို အပင်ပမ်းခံပြီး သူ့အချစ်ဆုံး တူတော်မောင် တက္ကသိုလ်အေးမောင် ရဲ့ ဂီတ အနုပညာ သစ်ပင်ကို မျိုးစေ့ချ စိုက်ပျိုး ရေလောင်း ပေါင်းသင်ပေးခဲ့တဲ့ အပြင် ကိုအေးမောင် ရဲ့ ပင်ကိုယ် ဂီတ အနုပညာပါရမီ ထူးခြားမှုကြောင့်လည်း ယနေ့တိုင်အောင် သူ့ သီချင်းတွေကို ကျွန်မ အပါအ၀င် တေးချစ် ပရိ သတ်တွေ ခံစား နားဆင်နေရဆဲဖြစ်ပါတယ်ရှင်။

ရေးရရင် စာရှည်ပါမယ်။ (အခုတောင် စာက အတော်ရှည်နေပါပြီ။) ပြောမဆုံးပေါင် -တောသုံးတောင် မကရှိတာမို့ စာမျက်နှာတွေ များ … ဖတ်တဲ့သူတွေလည်း အချိန်ပေး ဖတ်ကြရမှာဖြစ်လို့ ကျွန်မ စာကို ဒီနေရာမှာဘဲ အဆုံးသတ်ရင်း …





ဦးဘသိန်း နဲ့ တက္ကသိုလ်အေးမောင် တို့ တူဝရီး ရဲ့ ပထမဦးဆုံး ဗွေဆော်ဦး ကြိုးပမ်း အားထုပ်မှုဖြစ်တဲ့ ချောနှမ မာယာ အပါအ၀င် စတီရီယို တေးသီချင်း ၁၀ ပုဒ်ကို နားဆင်ကြည့်ကြပါစို့ရှင်။


နှင်းနှင်းအေးဘသိန်း
22 March, 2017
Hyderabad, India


ချောနှမမာယာ အပါအ၀င် တေးသီချင်း ၁၀ ပုဒ်
တေးဆို - တက္ကသိုလ်အေးမောင်
တေးဂီတ - တက္ကသိုလ်အေးမောင် တစ်ကိုယ်တော်
အသံဖမ်း - ဦးဘသိန်း (Multiple Recording)
Audio converting from Master Reel tape to CD - ကိုရေအေး (U BaThein Studio)
Released Year – 1971, May 24
၀၁။ မာယာချစ်သည်း (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…
၀၂။ သက်ဆိုင်သူသို့ (ရေး-မန္တလေးဦးဘသိန်း)
https://my.pcloud.com/publink/show…
၀၃။ အပျံသင်စ (ရေး-ကိုကျော်တင့်)
https://my.pcloud.com/publink/show…
၀၄။ ဒီအချိန်နဲ့ဒီနာရီ (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…
၀၅။ ချစ်သူနဲ့ရယ် (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…
၀၆။ ဖော်ကွာဝေး (ရေး-မန္တလေးဦးဘသိန်း)
https://my.pcloud.com/publink/show…
၀၇။ တိတ်တခိုးချစ်ရသူ (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…
၀၈။ ဘယ်မပြေလွမ်းတယ် (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…
၀၉။ တူနှစ်ကိုယ် (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…
၁၀။ ချောနှမမာယာ (ရေး-တက္ကသိုလ်အေးမောင်)
https://my.pcloud.com/publink/show…


crd ; မနှင်းနှင်း​အေး

1 comment:

  1. ဖတ်ရ/မှတ်ရ/သိရ ခြင်းများအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
    ပြန်လည်မျှဝေခွင့်ပြုပါလို့လည်းမေတ္တာရပ်ခံပါတယ် ။
    နေခြည်တင်ဦး(မန္တလေး)
    နေခြည် Studio

    ReplyDelete