Friday, April 21, 2017

တေးသီချင်းခွေကို ဖန်တီး အသံဖမ်းယူတဲ့အခါ ..



အသံဖမ်း စတူဒီယိုမှာ အသံဖမ်းခြင်းဆိုတဲ့ အတွေအ့ကြုံ မရှိသေးတဲ့ ဂီတ အနုပညာရှင် အဆိုတော် များနှင့် အတီးသမားတွေ အားလုံး ကိုယ်ရဲ့ ပထမဆုံးသော တေးသီချင်းခွေကို ဖန်တီး အသံဖမ်းယူတဲ့ အခါမှာ ကုန်ကျစားရိတ် နည်းပြီး အဆင်ပြေ ထိရောက်အောင် အကြံပေး လမ်းညွန်လေးကို နည်းနည်း မျှဝေပေးလိုက်ပါတယ်။ 

အနုပညာရှင် ဂီတသမား အများစုဟာ ငွေအထုတ်လိုက် ပိုက်ပြီး တေးသီချင်းခွေ ထုတ်ဖို့ အခြေနေမျိုး မရှိကြပါဘူး။ အသံဖမ်း စတူဒီယို ငှားရမ်းခ ဆိုတဲ့ ကုန်ကျစရိတ်ဟာ အခွေ တစ်ခွေလုံး အတွက် ငှားမယ် ဆိုရင် တော်တော်ပေးရပါတယ်။ 


ဒါကြောင့် အားလုံးကို မကုန်သင့်တာတွေ မကုန်အောင် တေးသီချင်းခွေ ဖန်တီးတဲ့ အခါမှာလည်း အဆင်အပြင် ချောမွေ့အောင် ဒီ post လေးကိုရေးပြီး မျှဝေပေးလိုက်ပါတယ်။ ပြီးတော့လည်း အတွေ့ကြုံ မရှိသေးတဲ့ ဂီတ အနုပညာရှင်များကိုလည်း စတူဒီယို မသွားခင် မငှားခင် ကြိုတင်ပြီး လုပ်ရမယ့် အရေးကြီးသော အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
အသံဖမ်း စတူဒီယို မငှားခင် (သို့) မသွားခင် လုပ်ရမယ့် အရေးကြီးဆုံး အချက်က အသံဖမ်းတဲ့ အခါမှာ လုပ်ရမယ့်ဖြစ်စဉ်တွေကို ကြိုတင်ပြီး အစီအစဉ် ရေးဆွဲထားသင့်တယ်။ ပြီးတော့ကိုယ်နှင့် အတူ အလုပ်လုပ်မယ့် အင်ဂျင်နီယာ (သို့) Producer ကို ကြိုတင်တွေ့ဆုံပြီး လုပ်မယ့် အကြောင်းအရာ အားလုံးကို တိုင်ပင် သင့်တယ်။

ဘယ်သီချင်းကို ဘယ်လို တီးမယ် ဆိုမယ်၊ ဘယ်လို ဖန်တီးမယ် စသည်ဖြင့် ကြိုတင် တိုင်ပင်ထားမယ်ဆိုရင် စတူဒီယိုမှာ ဒါတွေ လုပ်စရာမလိုတဲ့ အတွက်ကြောင့် လျင်မြန် ထိရောက်ပြီး အချိန် အများကြီး သက်သာစေနိုင်တယ်။

အသံဖမ်းချင်တဲ့ သီချင်းများကိုလည်း အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်သင့်တယ်။ ဒီလိုကြိုတင်ပြီး လုပ်ထား တဲ့ အတွက်ကြောင့် စတူဒီယိုမှာ အထပ်ထပ် အခါခါ အသံ ဖမ်းစရာမလိုတဲ့အတွက် အချိန်တို အတွင်း ပြီးမြောက်စေနိုင်တယ်။ 









ဒီအတွက်ကြောင့် ကိုယ့်ရဲ့ ဖန်တီးမှုကို အမျိုးမျိုး စမ်းသပ်ရန် အတွက်လည်း အချိန်ပို ရနိုင်တယ်။ ဒါကြောင့် ကိုယ်အသံဖမ်းမယ့် သီချင်းတွေ အားလုံးကို သေချာ ပိုင်နိုင်အောင် ထပ်ကာ တစ်လဲလဲ အမှား မရှိအောင် လေ့ကျင့်ထားသင့်တယ်။

 ပြီးတော့ စတူဒီယိုမှာ ကိုယ်သုံးမယ့် စက်ပစ္စည်း ကိရိယာ အားလုံးကိုလည်း သေချာ စစ်ဆေးထား သင့် တယ်။ နောက်တစ်ချက် ကတော့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ အသုံးစရိတ်ကို ပိုပြီး မသုံးမိရန် သတိထားဖို့ လိုအပ်ပါတယ်။ 

တစ်ခါ တစ်လေမှာ တစ်ချို့ အတွေ့ကြုံမရှိသေးတဲ့ ဂီတ အနုပညာရှင်တွေဟာ ကိုယ့်ရဲ့ ပထမဆုံးခွေ ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့ စိတ်နှင့် လုပ်လိုက်တာ ကုန်ကျစရိတ်တွေဟာ ထင်ထားသည်ထက် ကို ပို ကုန်ပြီး၊ နောက်ဆုံးတော့ အကြွေးပါ တင်သွားကြပါတယ်။ ဒါကလည်း ကောင်းတဲ့အလေ့ကျင့်မျိုး မဟုတ်တဲ့အတွက် ရှောင်သင့်ပါတယ်။



တစ်ချို့ အသံလှိုင်းတွေကို ကိုယ့်ရဲ့နေအိမ်မှာပဲ ကြိုတင်ပြီး အသံ ဖမ်းလိုရမယ်ဆိုရင် ဖမ်းယူ ထားသင့် တယ်။ စတူဒီယိုရောက်မှ ဖွင့်ပြီးနားထောင်ကြည့်လို့ ရပါတယ်။ အရည်သွေးကောင်းတယ် ကြိုက်တယ် ဆို ရင် အဲဒီ အသံလှိုင်းတွေကို ထပ်ဖမ်းစရာ မလိုတဲ့ အတွက်ကြောင့် အချိန်ကုန် သက်သာစေမယ်။

ခုအချက်ကတော့ နည်းနည်း သတိထားစေချင်တယ်၊ အရက် ဘီယာ မူးပြီးတော့ စတူဒီယို မသွားသင့်ပါ။ ဒါဟာ Professional မဆန်ဘူး၊ ပြီးတော့လည်း ကိုယ့်အတွက် အကျိုးမရှိဘူး အများကြီး နစ်နာမှုရှိတယ်။ ကမ္ဘာကျော်တဲ့ Rocker တွေ့ကို အတုမယူပါနဲ့ သင်ဟာ အဲဒီ အဆင့်မရောက်သေးဘူး ဆိုတာကို ခေါင်းထဲမှာအမြဲ သတိရသင့်တယ်။

 ဖြစ်နိုင်ရင် မလိုအပ်တဲ့ သူငယ်ချင်း အပေါင်း အဖော်တွေကို စတူဒီယိုထဲသို့ မခေါ်သွားသင့်ဘူး။ ဂီတ ဖန်တီးတာ၊ အခွေ ထုတ်လုပ်တာဟာ အာရုံ စူးစိုက်မှု အများကြီး လိုအပ်ပါတယ်။ မလိုအပ်တဲ့ အနှောက်ယှက်တွေ ကို မဖန်တီးမိဖို့ သတိထားသင့်တယ်။ ပြီးတော့ အခြား တီးဝိုင်း ဆရာတွေကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်တယ်။ အခြား ပါဝင် ပတ်သတ်နေသော အနုပညာရှင်တွေရဲ့ အချိန် ကိုလည်း လေးစားသင့်တယ်။
အသံဖမ်း စတူဒီယိုထဲရောက်ရင် အစစ အရာရာ အဆင်ပြေမယ်လို့ တွေးမထားပါနဲ့ ၊ ပြဿနာပေါင်း များစွာ ကြုံတွေ့နိုင်တယ် ဆိုတာကိုလည်း ခေါင်းထဲမှာ ထည့်ထားသင့်တယ်။ အဲဒီဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမယ် ဆိုတာကို ကြိုတင်တွေးတောထားသင့်တယ်။ စိတ်ဓာတ်ကျအောင် ပြောနေတာတော့ မဟုတ်ဘူး၊ လက်တွေ့ ကျကျ ကြိုတင်တွေးနိုင်အောင် အကြံပေးတာပါ။

ကိုယ်နှင့် အလုပ် အတူတူ တွဲလုပ်မယ့် ဂီတ အနုပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ Producer စသည့်လူတွေနှင့် ပြေလည်အောင် ဘယ်လို ဆက်ဆံရမယ် ဆိုတာကို နည်းနည်းတော့ ပြင်ဆင်သင့်တယ်။ အလုပ်အတူတူ လုပ်မယ့် လူတွေရဲ့ အကြံဥာဏ်ကို များများ နားထောင်သင့်တယ်။ ကိုယ့်ရဲ့ အတ္တ မာနကို စတူဒီယိုထဲ သယ်မသွားသင့်ဘူး၊ ဘာကြောင့်လည်း ဆိုတော့ တေးသီချင်းခွေ ထုတ်လုပ် ဖန်တီးတဲ့ဖြစ်စဉ်ဟာ team work အများကြီး လိုအပ်တယ်၊ ကိုယ်တစ်ယောက်ထဲ လုပ်လို့ရတဲ့အရာမဟုတ်ဘူး။

အမြဲတမ်း စိတ်ကို ပွင့်ထားပြီး ကောင်းတဲ့ ဖက်ကပဲတွေးမယ်ဆိုရင် အခက် အခဲ သိပ်မရှိနိုင်ဘူး။ ဒီ အချက်လေးတွေကို ကြိုတင်ပြင်ဆင်ပြီး ကျင့်ကြံထားမယ် ဆိုရင် ကိုယ် ငှားထားတဲ့ စတူဒီယို အချိန်ကို ထိရောက်စွာသုံးနိုင်ပြီး ကုန်ကျစရိတ်လည်းလျော့နည်းနိုင်စေမယ်။

No comments:

Post a Comment