Sunday, December 25, 2016

ထူးအိမ်သင် (ကိုငှက်) ရဲ့  အငွေ့ အသက်တွေ ခံစားနိုင်တဲ့ အလင်းဆိုင်



ဂီတ အနုပညာ ရပ်ဝန်းမှာ မှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော် ထူးအိမ်သင် ရဲ့ တေးသံ က အခန်းငယ် ထဲမှ ပျံ့လွှင့်နေပါတယ်။ ပန်းရောင် နံရံတွေပေါ်မှာတော့ ထူးအိမ်သင် ရဲ့ ရုပ်ပုံ ပန်းချီကားချပ် တွေ၊ မြန်မာမှု့ အငွေ့အသက် ရရှိ စေတဲ့ ဆေး ရေးပန်းချီတွေ ချိတ်ဆွဲထားပါတယ်။ 

ပန်းချီကားတွေ ကြားမှာတော့ ကဗျာဆရာတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတဲ့ လက်မှတ်နဲ့ အတူ မှန်ဘောင် ချိတ်သွင်းထားတဲ့ ကဗျာ စာရွက်ဖြူတွေကိုလည်း မြင်တွေ့ခံစားနိုင်ပါသေး တယ်။ မတူကွဲပြားတဲ့ ပန်းချီကားတွေ၊ ကဗျာတွေ၊ လက်မှု ပစ္စည်းတွေစတဲ့ အနုပညာ ပစ္စည်းတွေကြားမှာ ထိုင်ပြီး ချို ပေါ့ကျ ကော်ဖီ တစ်ခွက်ကို သောက်ရင်း ဆောင်းဘောက်ခ် ငယ်မှ ငြိမ့်ညောင်းစွာထွက်ပေါ် နေတဲ့ ထူးအိမ်သင် ရဲ့ တေးသွားလေးတွေကို နားထောင်ရတာ လည်း သည်နေရာရဲ့ ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ 

“အိုး တိတ်ဆိတ် ည… အလင်းဆိုင်လေး တစ်ခုရဲ့ ည… တေးတစ်ပုဒ် ကို ညည်းဆို ရင်း ဟိုး အတိတ်ကို သိပ် သတိရ… ”

သည်နေရာ ကတော့ ထူးအိမ်သင် ကို ရူးရူး သွပ်သွပ်နှစ်သက်တဲ့ မိသားစုက ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ လယ်ကနေ တစ်နာရီကြာလောက် ကားစီးရင် ရောက်ရှိနိုင်တဲ့ မြောက်ဒဂုံမြို့နယ် က အလင်းဆိုင် Gallery Cafe ဖြစ်ပါတယ်။
အမြင်ဆန်း အေးချမ်း
“မြန်မာမှုလေးတွေပေါ့၊ တစ်ခြားဆိုင်တွေ ဆိုရင် နိုင်ငံခြား ရဲ့ အငွေ့အသက်တွေ အများကြီး ပါတယ်လေ၊ ကြည်နူးမှု လဲရတယ်၊ တော်တော် အမြင်ဆန်းတယ်ပေါ့ နော်၊ အမြင်လေးတစ်ခု ဆန်းတယ်၊ နောက်ပြီးတော့ ကိုယ့်ရဲ့ရပ်ရွာမှာ ပေါ့၊ ဒီ ဒဂုံမြောက်ပိုင်းလိုနေရာမျိုးမှာ ဒီလို ဆိုင်လေးကို တွေ့ရတော့လဲ တော်တော်ဝမ်းသာတယ်၊ များ သောအားဖြင့် မရှိဘူးလေ၊ မရှိတဲ့ အတွက် ကိုယ့် ဒီနေရာ လေးမှာ မြို့ထဲကို သွားစရာမလိုဘဲ၊ အချိန်လဲ အများကြီးပေးစရာမလိုဘဲ ရောက်တာနဲ့ တစ်ပြိုင်နက် တည်း မိသားစုကိုလဲ သူတို့ကိုလဲ ထူးထူး ဆန်းဆန်းလေးတွေ ပြလို့ရတာပေါ့” လို့ အလင်းဆိုင် ရဲ့ စားသုံးသူ တစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်း ညွန့် က ကော်ဖီသောက်ရင်း ပြောပါတယ်။
မြောက်ဒဂုံမှာ နေထိုင်ပြီး ထူးအိမ်သင်သီချင်းကို တစ်မိသားစုလုံး က ကြိုက်ကြတယ် ဆိုတဲ့ ဒေါ်သန်းသန်းညွန့် က အလင်းဆိုင် ကို သွားရင်း လာရင်း မြင်တွေ့တာကြာ ပြီ ဖြစ်ပါတယ်။ ပန်းချီတွေ၊ အနုပညာတွေ ဝါသနာပါတဲ့ ဒေါ်သန်း သန်းညွန့် အနေနဲ့ ပထမဆုံး အကြိမ် ရောက်ရှိ လာတာဖြစ်ပါတယ်။ ဆိုင် အပြင်အဆင် တစ်ခုတည်းနဲ့တင် နောက်တစ်ကြိမ် လာဖို့ ဒေါ် သန်းသန်းညွန့် စိတ်ကူးနေပြီ ဖြစ်ပါတယ်။
ဒေါ်သန်းသန်းညွန့် က “ ဒီ အပြင်အဆင်လေးကိုလဲ တော်တော် သဘောကျပါတယ်၊ ပထမတော့ ခဏလေး ထိုင်ပြီး ပြန်မယ်ပေါ့နော်၊ ဒါပေမဲ့ ဆိုင်ထဲ ဝင်ပြီးတဲ့ အချိန်မှာ မပြန်ချင်တော့ဘူး၊ အေးအေးဆေး ဆေးနေ ချင်တယ်ပေါ့နော်၊ အေး အေးဆေးဆေးလေးနေပြီးတော့ မိသားစုတွေလဲ ခေါ်လာချင်စိတ် ပေါက်တယ်၊ အဲဒါ အေးအေးဆေး ဆေးနေပြီးတော့ လျှောက်ကြည့်နေတာ”လို့ ပြောပါတယ်။
အလင်းဆိုင် ရဲ့ အစ
“စီးပွားရေး အကျိုးအမြတ် အ နေနဲ့ ဆိုရင်တော့ တစ်ခြား လုပ်ငန်းတွေလဲ လုပ်တတ်ပါတယ်၊ ဒါက ဝါ သနာပါတာရယ်၊ သမီး စုထားတာတွေ ပြချင်တာရယ်၊ အခင်း အကျင်း အလှအပလေးတွေက မာမီ သိမ်းရ တာ ခေါင်းမူး ပါတယ်၊ သမီး က ခရီးသွားတိုင်းကြုံရတဲ့နေရာတိုင်းက ဝယ်လာတဲ့ Hand Made အဲဒါလေးတွေ ချပြချင်တာ၊ ဆိုင် နာမည်တွေရွေးတုန်းကလဲ အမေ့ အိမ် ထမင်းဆိုင်လေး ဖွင့်မလို့ပေါ့၊ Gallery နဲ့ တွဲလိုက်တော့ မလိုက်ဘူး ဝိုင်းစဉ်းစားကြတော့ နောက်ဆုံး အလင်းဆိုင် လို့ ထူးအိမ်သင် သီချင်းခေါင်းစဉ်လေး ယူပြီးတော့ ဖွင့်လိုက်တာ” လို့ အလင်းဆိုင် ကို တည်ထောင်သူ တစ် ဦးဖြစ်တဲ့ ဒေါ်တင့်တင့်လှိုင် က ပြောပါ တယ်။


သမီးဖြစ်သူ မအိ နဲ့ အတူ အလင်းဆိုင်လေး ကို ဖွင့်လိုက်တာ သုံးလကြာပြီ ဖြစ်ပါတယ်။ အရင်တုန်းက ဒေါ် တင့်တင့်လှိုင် နဲ့ သမီး ဖြစ်သူက အိမ်ခြံမြေ လုပ်ငန်း လုပ် ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ် ပေါင်းများစွာ လုပ်ကိုင်လာတဲ့ မအိ အိမ်ခြံမြေလုပ်ငန်း က အိမ်ခြံမြေ ဈေးနှုန်း ထိုးကျသွားတာကြောင့် ရပ်တန့်သလို ဖြစ်သွားပြီး အလုပ် မရှိသလောက် ဖြစ်သွားပါတယ်။
“အိမ်ခြံမြေနဲ့ လဲကျသွားတယ်၊ သမီးကိုပြောတယ်၊ လဲကျသွားရင် ကျုံးထ၊ အခါ ၁၀ဝ လဲရင် အခါ ၁၀ဝ ကျုံးထ၊ အသက် မထွက် မချင်း ဒီနည်းနဲ့ မဟုတ် နောက်နည်းနဲ့ ကျုံးထ၊ သမီး ကို အားပေးရင်း နဲ့ ဝိုင်းကူလုပ်တာ”လို့ ဒေါ်တင့်တင့် လှိုင်က ပြောပါတယ်။
သူက “ ဒုက္ခဟာ ပျားရည်စက် လို ချိုတယ် ဆိုတဲ့ သီချင်လေး လို ပေါ့၊ ထူးအိမ်သင် သီချင်း လူဆိုတာ မွေးတကည်းက ဒုက္ခရှိမှာလေ၊ အဲ ဒါလေးတွေကို ဖြေရှင်းရင်း နဲ့ မပျင်း ရတော့ဘူးပေါ့” လို့ အသက် ၇၄ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်တင့်တင့် လှိုင် က ပေါ့ပါးစွာ ပြောပါတယ်။
နှစ်ရှည် လများ စုဆောင်းထား တဲ့ ပန်းချီ ကားတွေ၊ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်ရင်း ကျန်ရှိ ခဲ့တဲ့ ပုံစံ မျိုးစုံ စားပွဲဝိုင်းတွေ၊ ပုဂံ အစ ရှိတဲ့ မြို့တွေမှ ထွက်ရှိတဲ့ လက်မှု ပစ္စည်းလေးတွေနဲ့ ဖွင့်လှစ်ထားတဲ့ အလင်းဆိုင်ကဖေး က အနုပညာ မြတ်နိုးသူတွေရဲ့ ဆုံရပ်လေး တစ်ခု ဖြစ်ဖို့ ကြိုးစားနေဆဲကာလဖြစ်ပါ တယ်။ 
လက်ရှိ မှာတော့ နေရာ အရပ်ရပ်က ထူးအိမ်သင် ရဲ့ ပရိသတ်တွေ ဆုံရာ အရပ်လည်း ဖြစ်နေပါ ပြီ။ ဆိုင်ဖွင့် ခါစ ကနေပြီး နေ့စဉ် လိုလို လာရောက် စားသောက်တဲ့ စားသုံးသူတွေ အလင်းဆိုင် မှာ ရှိနေပါပြီ။ စားသုံး သူ မှာယူတဲ့ မြန်မာ အစား အစာတွေကို ချက်ချင်း ချက်ပြုတ်ပေးဖို့ လည်း အဆင်သင့် ဖြစ်အောင် ပြု လုပ် ထားတယ်လို့ ဒေါ်တင့်တင့်လှိုင် က ပြောပါတယ်။
သုံးလကြာ သက်တမ်း အတွင်း မှာ လူသိများလာပြီး ရန်ကုန်မြို့က မဟုတ်တဲ့ သူတွေလည်း အထူးတလည် စီစဉ်ပြီး လာရောက်တာ မျိုးတွေ ရှိနေတယ်လို့ ဆိုင်ရှင်ဖြစ်သူ ဒေါ်တင့်တင့်လှိုင် က ဆိုပါတယ်။
အပတ်စဉ် ဖျော်ဖြေပေးတဲ့ စင်တင် ဂီတမှာ လာရောက် သူတွေက အနုပညာ သမားတွေဖြစ်တာကြောင့် ကိုယ်တိုင် သီဆိုသွားကြတာမျိုးလည်း ရှိပါတယ်။ လာရောက် စားသောက်သူတွေလည်း ကိုယ်တိုင် သီဆိုနိုင်ပါ တယ်။
အနုပညာ နာမည်တွေ
စားပွဲဝိုင်းတွေ ရဲ့အမည် ကို ကဗျာဆရာတွေ နာမည်ဖြစ်တဲ့ “နေညိုညို”  “ညိုပြာပိုင်” စတဲ့ ဆန်း ပြားတဲ့ အမည်တွေ ပေးထားပါတယ်။ ဒါကြောင့် ကတ္ထူ စာရွက်ပေါ်မှာ တွေ့တဲ့ နာမည် လှလှလေးတွေက ကဗျာဆရာရဲ့ နာမည်ဖြစ်သလို စားပွဲ နံပါတ်တွေလည်း ဖြစ်ပါတယ်။
အစားအသောက် တည်ခင်းရာမှာ အသုံးပြုတဲ့ ဖန်ခွက်တွေကို ကြိမ်ထည် ခွက်ငယ် ထဲမှာ ထည့်သွင်းပြီး သုံးဆောင်နိုင်ပါတယ်။ ရေနွေး ကရားအိုး၊ ပန်းကန်လုံးတွေ ကလည်း ကနုတ်ပန်းလေးတွေ စီခြယ်ထားတဲ့ ကြွေထည် ပစ္စည်းတွေ အသုံးပြုထားပါတယ်။ အလင်းဆိုင် လို့ နာမည်ပေးထားပေမဲ့ ဆိုင်ခန်း အတွင်းမှာ ထွန်းညှိ အလှဆင်ထားတဲ့ မီးအပြင် အဆင် က သက်သောင့် သက်သာဖြစ်စေပါတယ်။
“ ပန်းချီကားတွေကို တစ်လပြီးရင်၊ တစ်ချို့ဟာတွေ ဖြုတ်ရောင်းပြီးရင် အသစ်ပြန်တပ်တယ်၊ လာနေကျသူတွေက ထပ်ခါ ထပ်ခါ အမြဲ လာနေတာ၊ ကြာရင် ဒီပုံတွေဆို အမြင်ရိုးလာမယ်၊ ကဗျာတွေ ကလဲ ဆရာကြီးတွေ၊ ဆရာမကြီးတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတာကို ဘောင်ခတ်ပြီး ချိတ်ထားတာပေါ့၊ အများကြီးတော့ အ များကြီး၊ အားမနာတမ်း လိုက်ကြည့်လို့ရတယ် ။
 ပစ္စည်းတွေ ကတော့ မြန်မာနိုင်ငံ အနယ်နယ် အ ရပ်ရပ်ကို သွားတိုင်း သွားတိုင်း ပစ္စည်းတွေ ဝယ်ဝယ်လာတာ၊ ဆိုင် ထွက်မယ် လို့လဲ မရည်ရွယ်ပါဘူး၊ စားပွဲ ကုလားထိုင်တွေလဲ မာမီ တို့ အိမ်က ပစ္စည်းတွေပဲလေ သည်မှာ အဆင်ပြေသလို သုံးနေတာပါ၊ အော်ဒါ မှာထားတာတွေလဲ မဟုတ် ဘူး၊ အဲဒါကြောင့် ခုံတွေ စားပွဲတွေက အမျိုးမျိုး ဖြစ်နေတာပေါ့”လို့ ဒေါ်တင့်တင့်လှိုင် က ပြောပါတယ်။
အလင်းဆိုင် ဖြစ်တည်လာဖို့ ငွေကြေး အရင်းအနှီး အများကြီး မစိုက်ထုတ်နိုင်တာကြောင့် စိတ်ရှိ သလို ပြင်ဆင်နိုင်ခြင်း မရှိသေးလို့ ဆိုပါတယ်။
၂၅ ရက်နေ့ရောက်တိုင်း ဆိုင်ဖွင့်တဲ့ အထိမ်းအမှတ် အဖြစ် ဆိုင်မှာ ပန်းချီကားတွေ မဲဖောက်ပေးပါတယ်။ လာစားသုံးသူတွေရဲ့ ဖုန်းနံပါတ် ကို ယူထားပြီး ည ၁၁းဝ၀ နာရီမှာ မဲဖောက်ပေးပါတယ်။

မြန်မာ အငွေ့အသက်
တည်ခင်းရောင်းချတဲ့ အစားအသောက်တွေ ကလည်း မြန်မာ မိသားစုတွေ စားလေ့ရှိတဲ့ ငါးရံ့ ခြောက်၊ ခရမ်း သီးဖုတ် လိုမျိုး အစားအသောက် ပုံစံမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ မြို့ပြရဲ့ နေထိုင် ပြောင်းလဲမှုနဲ့ အတူ လျှပ်စစ် မီးဖို၊ ဂက်စ် မီးဖို အသုံးများလာတာ ကြောင့် အဲသည်လို အစားအသောက်တွေက အချိန်ယူ စီစဉ်ပြီး မလုပ်ချင်သူတွေ အတွက်လည်း အဆင်ပြေစေပါတယ်။
စာအုပ် အဟောင်းစင်လေးမှာ ရှိတဲ့ စာအုပ် အစုံတွေကိုလည်း မြည်စမ်း ဖတ်ကြည့်နိုင်သလို၊ သ ဘာဝဆန်တဲ့ အနုပညာ ပစ္စည်းတွေကြားက ကဗျာတွေကိုလည်း ဖတ်ရှုံနိုင်ပါတယ်။
“ မာမီတို့ ဆိုင်မှာ ရောင်းတာက ရပ်ကွက်က အိမ်မှာ ချက်စားနိုင် တဲ့ ဟာတွေလေ ဟင်းရံ ဟင်းခတ် ပေါ့၊ အဲဒါမျိုးကို တစ်မင်တစ်ကာ တစ်ခုတ်တစ်ရ  လာစားတယ် ဆိုတာက အမေတို့ရဲ့ မေတ္တာစေတနာနဲ့ ကောင်းကောင်း မွန်မွန် စားကြပါ စေဆိုတဲ့ စေတနာထားတဲ့ အတွက်ကြောင့် လာစာရင်းနဲ့ အဆင်ပြေသွားတော့ နောက်လာ စားဖြစ်ကြတာပေါ့” လို့ ဒေါ်တင့်တင့်လှိုင် က ပြောပါတယ်။
တစ်နေ့တာ မွန်းကျပ်မှုတွေ အတွက် အနားယူနိုင်တဲ့ ကဖေးဆိုင်လေးထဲ မှာတော့ ထူးအိမ်သင် သီချင်းတွေ ပျံ့လွင့်နေဆဲ ဖြစ်ပါ တယ်။
Author ကိုသက်ဖြိုး၊ အောင်လေး
Credit:Kumudra



1 comment:

  1. လိပ်စာလေးပြောပြပေးပါ

    ReplyDelete