Sunday, December 25, 2016

ဖြစ်ရပ်မှန် လူသိနည်းသော ဂျက်ကီချန်း (JACKIE CHAN) ရဲ့ ရာဇဝင်



ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာနဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန် သိပြီးဖြစ်မှာပါ။ သိုင်း ပညာမှာ ထူးချွန် သလို စတန့်ပြကွက်များကို ဟာသနှောပြီး ရိုက်ကူးတတ်လို့ ကမ္ဘာ့ အအောင်မြင်ဆုံး အက်ရှင် မင်းသားတွေထဲမှာ ထိပ်ဆုံးမှာ ရှိနေတဲ့သူ တစ်ယောက်ပါ။ 

မိခင်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မကြီးမှာသာ မက ဟောလီးဝုဒ် မှာပါ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ် ။ ဖြစ်ရပ်မှန် လူသိနည်း ဂျက်ကီချန်း (Jackie Chan) ရဲ့ အကြောင်းများ ကို ဖော်ပြ လိုက်ပါတယ်။ အချက်အလက်များကို သင်သိရဲ့လား? မှ ကူးယူဖော်ပြပါတယ်။


ဂျက်ကီချန်း ၏ မိခင် သည် ဘိန်း ကုန်သည်၊ လောင်းကစားဒိုင် စသည့် အလုပ်များ လုပ်ကိုင်ခဲ့ ဖူးပြီး တရုတ်မြေအောက် ဒုစရိုက်လောက ၏ နာမည်ကြီး ဂိုဏ်းစတား တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ ချန်း ၏ ဖခင် သည် တရုတ်အမျိုးသား အစိုးရ၏ သူလျှို တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မြေအောက် ဒုစရိုက်လောက၌ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ့ အမေ ဘိန်းမှောင်ခို ကူးခြင်း ကို ၄င်း ၏ အဖေ က ဖမ်းဆီးခဲ့သည့် အချိန်တွင် သူတို့ ၂ ဦး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည် ။

ဂျက်ကီချန်း ၏ မိဘ များသည် တရုတ်ပြည်မကြီး မှ ဟောင်ကောင် သို့ ပြောင်းရွှေ့နေထိုင်ချိန် တွင် အလွန် ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဟောင်ကောင် ၌ ဂျက်ကီချန်း အား မွေးသည့် အချိန်တွင် ဆေးရုံ စရိတ်ပေးရန် မတတ်နိုင်ခဲ့သောကြာင့် မွေးကင်းစ ဂျက်ကီ အား ချမ်းသာသော ဗြိတိသျှ ဆရာဝန် လင်မယားထံသို့ ရောင်းချ ခဲ့ပြီး ဆေးရုံ စရိတ်ကို ဖြေရှင်းခဲ့သည်။


ဂျက်ကီချန်း ၏ နာမည် အရင်းမှာ Chan Kong-Sang ဖြစ်သည်။ လူငယ် စတန့် သရုပ်ဆောင် အဖြစ် ရုပ်ရှင်ကား အချို့တွင် ဝင်ရောက် သရုပ်ဆောင် ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့် ဂျက်ကီချန်းသည် ၁၉၇၀ ပြည့်လွန် အစောပိုင်း ကာလများတွင် မိဘများ ရှိရာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ သို့ သွားရောက် ခဲ့ပြီး ဆောက်လုပ်ရေး အလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

 ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သမားခေါင်း Jack ၏ လက်အောက်တွင် လုပ်ခဲ့ပြီး Little Jack ဟု နာမည် ရလာခဲ့သည် ။ အတိုကောက် အနေဖြင့် Jackie ဟုခေါ်ဆိုကြပြီး နောက်ပိုင်း တွင် ရုပ်ရှင် ရိုက်ရာ၌ Jackie Chan ဟူသော အမည်ကို သုံးစွဲခဲ့သည်။





ဂျက်ကီချန်း သည် အသက် ၁၇ နှစ် အရွယ်တွင် Bruce Lee ၏ Fist of Fury နှင့် Enter the Dragon ဇာတ်ကား များတွင် စတန့် သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သည်။ အတိုက်အခိုက် စတန့် ရိုက်ကွင်း တစ်ခုတွင် Bruce Lee သည် ဂျက်ကီချန်း ၏ ခေါင်းကို မတော်တဆ ပြင်းပြင်း ထန်ထန် ကန်မိခဲ့သဖြင့် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ အဆိုပါဖြစ်ရပ် အတွက် Bruce Lee က တောင်းပန် ခဲ့ပြီး ယင်းဖြစ်ရပ်သည် သူ့ဘဝ ၏ အကောင်းဆုံး အဖြစ် အပျက်ဖြစ်ကြောင်း ဂျက်ကီချန်း က ပြောကြားခဲ့သည်။

ဂျက်ကီချန်း သည် သရုပ်ဆောင် မင်းသား အနေဖြင့်သာမက အဆိုတော် တစ်ဦး အဖြစ်လည်း အောင်မြင်ခဲ့သည်။ အင်္ဂလိပ် ဘာသာ၊ ကန်တံ ဘာသာ၊ မန်ဒရင်း ဘာသာ၊ ဂျပန် ဘာသာ၊ ထိုင်ဝမ် ဘာသာ စသည့် ဘာသာစကား (၅) မျိုးဖြင့် သီချင်းခွေပေါင်း ၂၀ ကို သီဆို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ 
ဂျက်ကီချန်း သည် ငယ်စဉ် က ပီကင်းအော်ပရာကျောင်းတွင် ကွန်ဖူး ပညာနှင့် အဆိုပညာ ကို တစ်ပြိုင်နက်တည်း သင်ယူခဲ့သည်။ ဂျက်ကီချန်း သည် တစ်ခါတစ်ရံ တွင် ၄င်း ရိုက်ကူးသော ရုပ်ရှင် ၏ အပိတ်စာတန်းထိုး သီချင်းများ ကို ကိုယ်တိုင် သီဆိုခဲ့သည်။
၁၉၈၂ ခုနှစ်တွင် ရိုက်ကူး ခဲ့သည့် Dragon Lord ရုပ်ရှင် ကားတွင် ကြက်တောင် ခတ်သော ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သည်။ ဂျက်ကီချန်း သည် လေထဲတွင် ပျံဝဲနေသော ကြက်တောင် ကို acrobatic လှုပ်ရှားမှုဖြင့် ကန်သွင်း ရသည့် အခန်းအား တည်းဖြတ်မှု မလုပ်ဘဲ တစ်ဆက်တည်း ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဇာတ်ဝင်ခန်း တစ်ခုထဲ ကို ပီပြင်စေရန် အကြိမ်ပေါင်း ၂၉၀၀ ခန့်နှင့် ရက်ပေါင်း ၄၀ ကြာ ရိုက်ကူးခဲ့ရသည်။
သူ ၏ သိုင်းပညာ သည် အခြားသူများကို ထိခိုက်ဒဏ်ရာ ရစေခဲ့သောကြောင့် ဂျက်ကီချန်း အနေဖြင့် နိုက်ကလပ် လုံခြုံရေး အလုပ် ကို စွန့်လွှတ်ခဲ့ရသည်။ နိုက်ကလပ် ရန်ပွဲ တစ်ခုတွင် လူတစ်ဦးအား အလဲထိုး ခဲ့ပြီးနောက် သူ၏ လက်ဆစ် မှ အရိုး တစ်ခု ငေါထွက်နေကြောင်း တွေ့ရှိခဲ့ရသည်။ အမှုအခင်း ဖြစ်မည် စိုးရိမ်သောကြောင့် ဆေးရုံသို့ မသွားဘဲ အရိုး ကို အတွင်းသို့ ဖိသွင်းခဲ့သည်။ ၂ ရက် အကြာတွင် ငေါထွက်နေသော အရိုး သည် သူ၏ အရိုး မဟုတ်ဘဲ သူ အလဲထိုး ခဲ့သောလူ ၏ သွားဖြစ်နေကြောင်း သိရှိခဲ့သည်။
၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များ ဝန်းကျင်တွင် ဟောင်ကောင် ရုပ်ရှင်လောက အား The Triad ဟု အမည် ရသည့် ဒုစရိုက် ဂိုဏ်းတစ်ခုက ချုပ်ကိုင် လွှမ်းမိုးထားသည်။ ယင်းဂိုဏ်းသည် ဟောင်ကောင် ရုပ်ရှင်လောက အား ငွေကြေး ခဝါချရန် အသုံးပြုခဲ့သည်။ ရုပ်ရှင် ကုမ္ပဏီများသည် ဆက်လက်ရှင်သန်နိုင်ရေး အတွက် အဆိုပါ ဂိုဏ်းကို ဆက်ကြေးများ ပေးဆောင်နေရသည်။ 
ဂျက်ကီချန်းသည် ယင်းဂိုဏ်းကို ဆန့်ကျင်ခြင်းကြောင့် နောက်ယောင်ခံလိုက်မှုများ၊ နှောင့်ယှက်ခြင်းများ ကြုံတွေ့ ခဲ့ရသည်။ ထို့ကြောင့် ဂျက်ကီချန်းနှင့် သူ၏ အဖွဲ့သားများသည် မိမိလုံခြုံရေး အတွက် သေနတ်များ၊ လက် ပစ်ဗုံးများ ဆောင်ထားခဲ့ရသည်။
ဂျက်ကီချန်း သည် အသက် အန္တရာယ်နှင့် အလွန် နီးကပ်သော စတန့်များကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သော်လည်း ၁၉၈၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Armour of God ရုပ်ရှင် ရိုက်ကွင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ရိုက်ကွင်းတွင် သာမန် စတန့်ပြကွက်ဖြစ်သည့် သစ်ကိုင်းစွန်းပေါ်သို့ တွဲလောင်း ခိုသည့် အခန်း ကို ရိုက်ကူးစဉ် သစ်ကိုင်း ကျိုးကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သည်။
 ပြုတ်ကျသည့် အရှိန်ပြင်းထန်သောကြောင့် ဂျက်ကီချန်း ၏ ဦးခေါင်းခွံ ကွဲသွားခဲ့ပြီး ဦးနှောက် ထိခိုက်ခဲ့ သည်။ အဆိုပါ ဒဏ်ရာကြောင့် အပေါက်ဖြစ်သွားသော ဦးခေါင်းခွံ တွင် ပလပ်စတစ်ဖြင့် အစားထိုး ခဲ့ရပြီး အကြားအာရုံ အနည်းငယ် ချို့ယွင်းခဲ့သည်။ ယင်း ရုပ်ရှင်၏ အခြား ဇာတ်ဝင်ခန်း တစ်ခုတွင်လည်း ဂျက်ကီ ချန်း သည် လေယာဉ်ပျံပေါ်မှ မိုးပျံပူဖောင်းပေါ်သို့ ခုန်ချပြခဲ့သည်။
၁၉၈၂ ခုနှစ်တွင် ဂျက်ကီချန်းသည် သူနှင့် ကာလ ရှည်ကြာ တွဲလာခဲ့သည့် ချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ အဆိုပါ သတင်းကြောင့် သူ၏ မိန်းကလေး ပရိသတ် အများအပြား က ကြေကွဲဒေါသ ထွက်ခဲ့ကြသည်။ မိန်းကလေး ပရိသတ် တစ်ဦးသည် မြေအောက် ရထားလမ်းတွင် မိမိကိုယ် ကို အဆုံး စီရင်ခဲ့ပြီး နောက် မိန်းကလေးပရိသတ် တစ်ဦးသည် ဂျက်ကီချန်း ၏ ရုံးခန်းရှေ့တွင် အဆိပ်သောက် ၍ မိမိကိုယ် ကို အဆုံးစီရင်ခဲ့သည်။
ဂျက်ကီချန်း သည် Guinness Book of World Records စာအုပ် တွင် ၂ ကြိမ် မှတ်တမ်း ဝင်ခဲ့သည်။ ပထမမှတ်တမ်း မှာ စတန့်ပြကွက်များ အများဆုံးပြုလုပ်ခဲ့သည့် သက်ရှိ ထင်ရှား ပုဂ္ဂိုလ်ဖြစ်ပြီး ဒုတိယ မှတ်တမ်းမှာ ရုပ်ရှင် တစ်ကား အတွင်း credit အများဆုံး ပါဝင်သည့် ပုဂ္ဂိုလ် အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။ 
၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Chinese Zodiac ရုပ်ရှင် ဇာတ်ကားတွင် ဂျက်ကီချန်း သည် မူရင်း ဇာတ်လမ်းရေးသားသူ၊ ဒါရိုက်တာ၊ ဇာတ်ဆောင် မင်းသား၊ ထုတ်လုပ်သူ၊ Executive producer ၊ ရိုက်ကူးရေးပညာရှင် ၊ art director ၊ unit production manager ၊ အကျွေးအမွေး စီစဉ်သူ၊ စတန့်ပြကွက် စီစဉ်သူ၊ အလုပ် သမားခေါင်းဆောင်၊ တေးရေး ဆရာ၊ ဇာတ်ဝင်သီချင်း သီဆိုသူ၊ ရိုက်ကွင်း စီစဉ်သူ၊ စတန့်သမား စသည့် နေရာ (၁၅) ခု အတွက် credit ပေး ခံခဲ့ရခြင်းကြောင့် မှတ်တမ်း ဝင်ခဲ့ခြင်း ဖြစ်သည်။
အသက် အန္တရာယ်နှင့် နီးစပ်လွန်းသည့် ဂျက်ကီချန်း ၏ စတန့်ပြကွက်များကြောင့် မည်သည့်အာမခံ ကုမ္ပဏီက မှ ဂျက်ကီချန်းနှင့် သူ၏ စတန့်အဖွဲ့ အတွက် အာမခံပေးခြင်း မရှိပါ။ ထို့ကြောင့် ဂျက်ကီချန်း သည် စတန့်ပြုလုပ်နေစဉ် အတွင်း အဖွဲ့သား တစ်ယောက်ယောက် ဒဏ်ရာ ရရှိခဲ့ပါက ကုသမှု ကုန်ကျ စရိတ်ကို ကျခံပေးသည့် အပြင် ယင်း အဖွဲ့သား၏ ဘဝ တစ်သက်တာ အတွက် အထောက်အပံ့များ ကိုပါ ဆက်လက်ကူညီပေးလျက်ရှိသည်။


ဂျက်ကီချန်း တွင် သား တစ်ဦးတည်းသာ ရှိသော်လည်း သူ ပိုင်ဆိုင်သော ဒေါ်လာ သန်း ၁၃၀ ကို အမွေ အဖြစ် မပေး ခဲ့ပေ။ ယခင်က သူ ပိုင်ဆိုင်သမျှ ချမ်းသာမှု များကို မိသားစု ကို တစ်ဝက် ခွဲပေးပြီး ကျန် တစ်ဝက်ကို လှူဒါန်း ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုင်ဆိုင် သမျှ အားလုံးကို လှူဒါန်း ရန် စီစဉ်ခဲ့သည်။ 
ဂျက်ကီချန်း သည် သူ၏ သားနှင့် ပတ်သက် ၍ “ အစွမ်းအစ ရှိရင်တော့ သူ့ပိုက်ဆံ သူရှာနိုင်မှာပေါ့။ သူမရှာနိုင်ရင်တော့ ကျွန်တော့် ပိုက်ဆံတွေကို သူဖြုန်း ပစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ဂျက်ကီချန်း သည် Unicef နှင့် အတူ လူမှု ကူညီရေး အသင်းအဖွဲ့များတွင် တက်ကြွစွာ ပါဝင် လှုပ်လျှားလျှက် ရှိပါတယ်။

Credit:DATA DOCTOR




No comments:

Post a Comment