Sunday, November 10, 2019

ဗင် ဟေလင် ( Eddie Van Halen )




ကျနော်တို့ရဲ့ ဂစ်တာ ဟီးရိုးကြီး ဗင် ဟေလင်တော့ ကံအကြောင်းမလှစွာ လည်ချောင်းကင်ဆာ ခံစားနေရပြီ ပြောတယ် ။ ဒီတောင်က ကျော်နှိုင်ပါ့မလား ။

သူ့ရဲ့ကမ္ဘာကျော် Beat it solo ကြားရခါစက ( 1983 လောက် ထင်ပါတယ် ) ကျနော်တို့ ဂစ်တာ ဝါသနာအိုးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်း ချမိကြတယ် ။ ဒီလို တီးနှိုင်ဖို့ ဒီတစ်သက် မလွယ်ဘူး လို့ ယူဆလို့ပါ ။ တီးနည်းလည်း မသိသေးဘူးလေ ။ မဆလ ခေတ်မို့ ဗီဒီယိုတွေလည်း အဲဒီတုန်းက မပေါ်သေးပါဘူး ။ မဂ္ဂဇင်းတွေမှာလည်း သူ့ အကြောင်း မဖတ်ဖူးသေးပါဘူး ။

Beat it တီးကွက်ထက် စောတာက Eruption solo ပါ ။ အဲဒီ solo ပါတဲ့ အခွေလည်း 1978 မို့ ဗမာပြည် ရောက်သေးမယ် မထင်ဘူး ။ ဗမာပြည် လိဒ်ဂစ်တာ ဂုရုကြီးတွေလည်း အဲဒီတီးကွက် ကြားဖူးသေးမယ် မထင်ဘူး ။

၁၉၇၉ - ၈၀ တစ်ဝိုက်မှာ ဒုတိယ မျိုးဆက် လိဒ်ဂစ်တာ သမားတွေ မြန်မာပြည် စတီရီယိုလောက မှာ အပြိုင်းအရိုင်း ပေါ်လာတယ် ။ အောင်ကိုလတ် ၊ စောဘွဲ့မှူး ၊ ပက်ထရစ် ၊ ဇော်မျိုးထွဋ် ( မဇ္ဈိမလှိုင်း ) ၊ မိုးကျော် ၊ ဟန်ငွေထွန်း ၊ လွှမ်းမိုး ၊ ကိုင်ဇာ ၊ မန္တလေးမှာ ကိုဂျယ်ရီ ... စသည်ဖြင့်ပေါ့ ။ 


သူတို့အပေါ် ဗင် ဟေလင်ရဲ့ နည်းစနစ် လွှမ်းမိုးမှု ရှိ ၊ မရှိ သေချာမသိပါ ။ ဇော်မျိုးထွဋ် ( မဇ္ဈိမ လှိုင်း ) ကတော့ ပုံကြည့်ပြီး လေ့ကျင့်ကြည့်တာ တီးတတ်သွားတယ် လို့ အင်တာဗျူး တစ်ခုမှာ ဖြေဘူးပါတယ် ။ ဒုတိယ မျိုးဆက် ဂစ်တာသမားတွေရဲ့ တီးကွက်တွေ ပိုသွက်လာတာလည်း အမှန်ပါ ။
  


ကမ္ဘာကျော် Beat it solo အသံသွင်းခဲ့တဲ့ စတူဒီယို ။ မိုက်ကယ်ဂျက်ဆင် ကမ္ဘာကျော်သွားတဲ့ သီချင်းပါ ။ ဒီတီးကွက်ကို သူက အလကား တီးပေးတာပါ ။ အနုပညာသမားတွေရဲ့ ထူးခြား
မှုပေါ့ ။ စိတ်ရရင် အလကား လုပ်ပေးတယ် ။ စိတ်မရရင် ဘာမှ မလုပ်ဘူး ။




အရွယ်ရလာတော့ ဆံပင်တိုနဲ့ သပ်သပ်ရပ်ရပ် ။ လက်ခတ် ( pick ) တွေကိုလည်း ရှေ့က မိုက်စတင်းမှာ ချိတ်ထားတယ် ။ လိုမှ တစ်ခုပြီးတစ်ခု ယူသုံးတယ် ။ အဲဒါ အန္တရာယ် ကင်း ပါတယ် ။


ဗင် ဟေလင်ရဲ့ တီးဟန် စတိုင်က လက်နဲ့ပေါက် တီးရတာမို့ လက်ခတ် ( pick သို့မဟုတ် plectrum ) ကို ပါးစပ်မှာ ကိုက်ထားလေ့ ရှိတယ် ။ ပြီးတော့ သူ့လက်ခတ်က ရိုးရိုး ပလတ်စတစ် မဟုတ်ဘူး ။ သတ္ထု စပ် လက်ခတ်တဲ့ ။ 


အဲဒါကြောင့် ပါးစပ် အဆိပ်သင့်တယ် ထင်တယ်လို့ သူက ပြောပါတယ် ။ ပထမ လျှာမှာ ရောဂါ ဖြစ်တယ် ။ လျှာ ရဲ့ ၃ ပုံ ၁ ပုံ ဖြတ်ပစ်ရတယ် ပြောတယ် ။ 


အခု လည်ချောင်း ကင်ဆာ ... ။ သူက ဆေးလိပ်လည်း တစ်အားသောက်သတဲ့ ။ စင်ပေါ်မှာ ဂစ်တာ တီးရင်းကို စီးကရက် ခဲနေတတ်သူပါ ။


သူ့ အသက် ၆၄ နှစ်မို့ နောက်ထပ် နေမယ်ဆို အများကြီး နေနှိုင်ပါသေးတယ် ။ ရောဂါ ပျောက် ပါစေ ၊ ဒီတောင်က ကျော်နှိုင်ပါစေ ဆုတောင်းပါတယ် ။

ဂစ်တာ ဝါသနာပါသူ လူငယ်တွေလည်း ဂစ်တာ လက်ခတ် ( pick ) ပါးစပ်မှာ ကိုက်ထားတဲ့ အကျင့် သတိပြု ဆင်ခြင်နှိုင်ကြပါစေ ။




Crd ..  Maung Maung Nee


No comments:

Post a Comment