Saturday, December 29, 2018

စာ ဘာ့ကြောင့်ရေး



1948 မှာ ဆရာသော်တာဆွေတို့ ပဒေသာမဂ္ဂဇင်း ထုတ်ဖူးတယ် ။ ရှုမဝ မဂ္ဂဇင်းနဲ့အပြိုင် သဘောမျိုး ထုတ် တာပါ ။ ဦးစီး ဦးကိုင်က ဆရာတင့်တယ် ။ ဆရာသော်တာဆွေက မဂ္ဂဇင်းကိစ္စအဝဝ အောက်ခြေသိမ်း တစ်ကိုယ်တော် လုပ်ရတယ် ။ ( ဆရာတင့်တယ်က ရုံးသမားမို့ ညွှန်ကြားရုံသာ တတ်နှိုင်ပါတယ် ) ။ 

သရုပ်ဖေါ်ပုံ အတွက် ကာတွန်း ဦးဗဂျမ်းဆီ မကြာမကြာ ရောက်တယ် ။ ခေါင်းရင်းခန်းမှာ ကတုံးဆံတောက်နဲ့ အဖိုးကြီး တစ်ယောက် စာထိုင်ရေးနေတာ အမြဲတမ်းလို တွေ့နေတော့ အဲဒါ ဘယ်သူလဲလို့ ဦးဗဂျမ်းကို မေး တယ် ၊ " သဘင်ဝန် ဦးနု ဆိုတာ သူပေါ့ " တဲ့ ။ ဒါနဲ့ သူ့ဆီ စာမူတောင်းရင် ရမလားမေးတော့ " ကိုရင် တောင်းကြည့်ပေါ့ " တဲ့ ။ 

သဘင်ဝန် ဦးနု စာရေးစားပွဲနား သော်တာဆွေ ရောက်သွားတယ် ။
" ဆရာကြီး ၊ ဘာတွေရေးနေပါသလဲ " 
" စာတွေ ရေးနေတာပေါ့ကွ " 
" ဘယ်မဂ္ဂဇင်းမှ မပို့ဘူးလား " 
" မင်းတို့ မဂ္ဂဇင်းတွေရှိမှ ငါက စာရေးရမှာလား " 
" ဒါဖြင့် ဘာလို့ ဆရာကြီး စာရေးနေလဲ " 
" ဟ - မရေးရ မနေနှိုင်လို့ ရေးတာပေါ့ကွ " တဲ့ ။ 

သဘင်ဝန် ဦးနု ရဲ့အဖြေဟာ အဲသလို ဘုဂလန့်ချည့်ပါပဲ ။ သော်တာဆွေကိုမှ မဟုတ် ၊ ဦးဗဂျမ်းဆီ လာတဲ့ စာအုပ်ထုတ်ဝေသူ မှန်သမျှ သူ့ဆီ စာမူတောင်းရင် အဲလို ဘုဂလန့်ချည်း ပြောလွှတ်တာမို့ သော်တာဆွေ ခပ်ကုတ်ကုတ် တပ်ဆုတ်လာတော့ ဦးဗဂျမ်း က ရယ်ပါတယ် ။ ဟိုပုဂ္ဂိုလ်ကြီးကတော့ အမြဲတမ်း ရေးမြဲ ရေးလျှက်သာ... ။


ဆရာသော်တာဆွေကလည်း ( စာရေးဆရာ ဆိုတာ ဆင်းရဲတယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူပြီး ၊ စာပေ ချစ်မြတ်နိုး တဲ့ ဝါသနာကြောင့် စာမရေးပဲ မနေနှိုင်လို့ ရေးကြတာ ) လို့ သဘောရပါတယ် ။

ဆရာကိုယ်တိုင် ကလောင်သွေးစ အသက် ၂၂ နှစ် အရွယ် ( 1941 ) မှာ ဝတ္ထုပြိုင်ပွဲဝင်ဖို့ စာမူတစ်ပုဒ်ရေး တယ် ။ ဒီအချိန်မှာ မိခင် အသည်းအသန် ဖြစ်နေပြီ ၊ နေ့လား ညလား ဖြစ်နေချိန် သော်တာဆွေ အလောင်း အလျာ မောင်ကြင်ဆွေ ဟာ မိခင် လူမမာအနား မနေနှိုင်ဘူး ။ 

အိမ်အပေါ်ထပ် တက် ၊ ပြိုင်ပွဲဝင် စာမူ လက် စသတ်နှိုင်ဖို့ ၊ အချိန်မီ ပို့နှိုင်ဖို့ အပြင်းအထန် လုံးပမ်းပါတယ် ။ မိခင်က သူ့ဘဝ နောက်ဆုံးအချိန် သူ့သားကြီး ပျောက်ပျောက်နေလို့ အခေါ်ခိုင်းမှ အိမ်ပေါ်က ဆင်းလာပြီး မိခင် ကျေနပ်အောင် အနားနေ ၊ ပြီး အိမ်ပေါ်ပြန်တက် ၊ စာမူ ဆက်ရေး... ။

ဆရာကြီး ဇေယျလည်း ဒီအတိုင်းပဲ ပြောခဲ့ပါတယ် ။ စာရေးတယ် ဆိုတာ မရေးပဲ မနေနှိုင်လို့ ရေးတာ ၊ စာမူခ နည်းတယ်ထင်ရင် မရေးနဲ့ပေါ့လို့ သူ့ဆီ စာမူခ ကိစ္စ လာညည်းတဲ့ နောက်ပေါက် ဆရာတစ်ယောက်ကို ခပ်ပြတ်ပြတ်ပဲ ပြောလွှတ်ပါတယ် ။

ကျနော်တို့လည်း မရေးရ မနေနှိုင်လို့ fb မှာ ရေးနေတာပါ ။ ဖုန်း bill ကုန်တယ် ၊ အချိန်ကုန်တယ် ။ ဒါပေမယ့် ကုန်တဲ့ အချိန်တွေအတွက် မနှမျောမိပါဘူး ။ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေမှာရေးရင် စာမူခ ရနှိုင်တာ သိသားပဲ ( ရွေးရင်ပေါ့ ) ၊ သို့ပေမယ့် fb မှာ ရေးချင်တာ ရေးနေရတာပဲ ပျော်တယ် ။ အရသာ တွေ့တယ် ။

တစ်လောက မြန်မာပြည်ရဲ့ top 60 စာရေးဆရာတွေနဲ့ တွေ့ရာမှာ အန်တီက " စာ ဘာလို့ ရေးသလဲ " လို့ အနှီဆူပါကြီးတွေကို မေးတယ်တဲ့ ။ မဟာကဝိကြီးတွေ ဘယ်လိုဖြေသလဲတော့ မသိ ၊ အန်တီ့ အဖြေက...  ( စာရေးတယ် ဆိုတာ... ကိုယ်သိတာကို သူတစ်ပါး အပေါ်မှာ လွှမ်းမိုးချင်တာနဲ့ ၊ ကိုယ်သိချင်တာကို သူတစ်ပါး ကို သိပါစေဆိုပြီး မျှဝေချင်တာ ။ ၂ ချက်ပဲ ရှိတယ် ) တဲ့ ။

ဒီအတိုင်း ဆိုရင်တော့ ( 1900 ဖွား ) ဆရာကြီးဇေယျ နဲ့ ( 1919 ဖွား ) ဆရာသော်တာဆွေ ၊ ဆရာကြီးနှစ်ပါး ရဲ့မရေးရ မနေနှိုင်လို့ ရေးတဲ့ အယူအဆဟာ ရှေးကျပြီး မှားလေသလား ။

အန်တီ့ ရဲ့ " လွှမ်းမိုးချင်တာနဲ့ မျှဝေချင်တာကြောင့် စာရေးတယ် " အယူအဆဟာ မော်ဒန်ဖြစ်ပြီး မှန်လေ သလား.....  ?

မိတ်ဆွေကော ဘာ့ကြောင့် fb မှာ စာတွေရေးပါသလဲ ။ ပုံတွေ တင်ပါသလဲ? ?
မရေးရ မနေနှိုင်လို့လား ၊ ကိုယ့်အလှ မျှဝေချင်လို့လား ။ လွှမ်းမိုးချင်လို့လား? ?


Crd ... Maung Maung Nee


No comments:

Post a Comment