Tuesday, January 8, 2019

ယူမိုး ရဲ့ ဂီတဖြတ်သန်းမှု တစ်ချို့


ကို ယူမိုး ရဲ့ The Songs of Portrait album ဟာ review ရေးဖို့ မလိုအောင်ကို သူ့တန်ဖိုးနဲ့သူ ရှိပြီးသား ကိစ္စမို့ အထူး တစ်လည် မညွှန်းဆိုချင်ပါဘူး။ ခွေမထွက်ခင်ကတည်းက ကိုဘလက်ချောရဲ့ အကြို ခံစားမှု စာစုလေးတွေနဲ့တင် စိတ်ဝင်စားမှုကို ပိုမြင့်တက်စေခဲ့ပါတယ်။ 

မနေ့တစ်နေ့က ကိုသူရ ရဲ့ ဂီတပညာ သာရကာတွေ မပါဝင်ဘဲ ခံစားရတဲ့ အတိုင်း သန့်သန့်လေး ခံစား ရေးဖွဲ့ ထားတာလေး ဖတ်မိတော့လည်း ထိရှရပါတယ်။ ဒါနဲ့ပဲ ကျွန်တော်မြင်တဲ့ ကျွန်တော့်ရှုထောင့်ကနေ ခံစားထိရှမိသလောက်တော့ ပြောချင်ရေးချင်လာမိပါတယ်။

ကို ယူမိုး ရဲ့ ဂီတဖြတ်သန်းမှု ကို ကိုဘလက်ချော စာစုတွေထဲမှာ အတော်အသင့် ဖတ်ဖူးကြမှာပါ။ မသိသေးတဲ့ သူတွေအတွက် အတိုချုံး မိတ်ဆက်ရရင် သူဟာ တာရာရဲ့ ဖြစ်တည်မှုမှာ အဓိက ပံပိုးခဲ့တဲ့ တေးရေးဆရာတွေ (ဇော်မိုးသွင်၊ လွင်မောင်မောင်၊ ယူမိုး၊ မောင်မောင်ဇော်လတ်၊ အယ်ဖြူ) ထဲက တစ်ယောက်၊ ကိုငှက်ရဲ့ ဝင်ရိုးစွန်းမီး အယ်လ်ဘမ်မှာ သူ့အမုန်း ဆိုတဲ့ သီချင်းကို ပါဝင်ရေးဖွဲ့ခဲ့သူ၊ ကိုယ်တိုင် လည်း ကစားပွဲများ အမည်ရတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို 1990 နှစ်များ တစ်ဝိုက်ဆီ က ထွက်ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒီ အယ်လ်ဘမ်မှာ ကို ယူမိုး တစ်ကိုယ်တော် ရေးဖွဲ့တဲ့ ပုံတူ သီချင်း ငါးပုဒ်ကို နားဆင်ရမှာပါ။ သိဒ္ဓတ္ထ၊ ဗက်ထရန်စမေလိုဗစ်၊ မာသာထရီဆာ၊ ဂျွန်လင်နွန် နဲ့ မြို့မငြိမ်း ဆိုတဲ့ မတူညီတဲ့ လူပုဂ္ဂိုလ် ငါးဦးရဲ့ ရုပ်ပုံလွှာကို မတူညီတဲ့ ဂီတပုံစံ ငါးမျိုးနဲ့ နားဆင်ရမှာပါ။ 






ဂီတပုံစံ များတာနဲ့ပဲ လိုင်းစုံတယ် လို့ မသတ်မှတ်စေချင်ပါ။ ဒီ ဂီတပုံစံတွေ ကလည်း သူ ဖြတ်သန်းခဲ့တဲ့၊ သူ့ကို လွှမ်းမိုး ခဲ့တဲ့ ခေတ်တွေ၊ လူပုဂ္ဂိုလ်တွေ၊ သက္ကရာဇ်တွေ၊ အနုပညာတွေရဲ့ လွှမ်းမိုးမှုတွေပါပဲ။ 

ဒီနေရာမှာ ပြောချင်တာက ဂီတပုံစံ ဆိုတာ သတ်မှတ်ချက်တွေပါ။ ဥပမာ- ပန်းချီဆရာတစ်ယောက်က သူရေးချင်တဲ့ လူတစ်ယောက်ရဲ့ ပုံတူကို လိုက်ဖက်မယ့် ဆီဆေး၊ ရေဆေး၊ ခဲ၊ ဖယောင်း စတဲ့ medium အသုံးပြု ပြီး ရေးထားတဲ့သဘောပါပဲ။ 

ထပ်ပြီး ဥပမာပေးရရင် ပန်းချီ ဦးသောင်းဟန် ရဲ့ သောင်းဟန်ရေးဟန် စာအုပ်ထဲကလို ဝင်းဦး၊ ချိုပြုံး ကို ရေဆေး၊ ခင်သန်းနု ကို ဆီဆေး၊ ဌေးဝင်း ကို မင်ခြစ် နဲ့ ရေးခြစ်ထားသလိုပါပဲ။ တစ်အုပ်လုံးကို ခြုံကြည့် လိုက်ရင်တော့ အားလုံးဟာ ပုံတူပန်းချီကား စီးရီးတွေပါပဲ။

ဒီ အယ်လ်ဘမ်ရဲ့ အဖွင့် သီချင်းကိုတော့ သိဒ္ဓတ္ထ နဲ့ စဖွင့်ပါတယ်။ သိဒ္ဓတ္ထ ကို ဗုဒ္ဓအနေနဲ့ မရေးဖွဲ့ဘဲ တရားရှာဖို့ တောထွက်တဲ့ အိမ်ရှေ့စံ တစ်ဦးနေရာက ခံစားရေးဖွဲ့ထားပါတယ်။ " ပိတ်နေတဲ့ ကမ္ဘာရဲ့ တံခါးတစ်ချပ်ကို ဖွင့်ခဲ့... နန်းတော်ရဲ့ အပြင်ဘက် အမှောင်ရိပ်များကို ဖြတ်ခဲ့" ဆိုတဲ့ စာသားနဲ့ နောက်ခံ country music ဟာ ဖွားဖက်တော် အမတ်၊ ဖွားဖက်တော်မြင်း တို့နဲ့ ကဆုန်စိုင်းနေတဲ့ ဇာတ်ဝင်ခန်းနဲ့ ကွက်တိပဲပေါ့။

သီချင်းစာအုပ်ထဲက ဗုဒ္ဓပုံကို နားရွက်ရှည်ကြီး မပါအောင် crop လုပ်ထားတာ ကိုက လူသားတစ်ဦး အနေ နဲ့ပဲ ခံစားမိစေပါတယ်။ တစ်ဆက်တည်း မှာပဲ ကိုငှက် ရဲ့ မဇ္ဈိမ နဲ့ မဟာဝီရ အို ဗုဒ္ဓ တို့ကိုပါ တစ်ပြိုင်နက် သတိရမိပြန်ပါတယ်။


ဒုတိယ အပုဒ် အနေနဲ့ ပထမ အယ်ဘ်ဘမ်ထဲက ဗက်ထရန်စမေလိုဗစ် ကို new version နဲ့ ပြန်တီး ခတ် ပါတယ်။ တယောသံမြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ပိုမိုခမ်းနားတဲ့ blues ဆန်ဆန်ဗားရှင်း အဖြစ် ပြန်ကြားရပါတယ်။ ကမ္ဘာကျော် ရုပ်ပုံလွှာတွေကြားထဲမှာ ဘော့စနီးယား စစ်ပွဲကာလထဲက လူသိမများတဲ့ ဆာယာယေဗို ဂီတ သူရဲကောင်း တစ်ဦးရဲ့ ရုပ်ပုံလွှာကို ရေးဖွဲ့ထားတာပါ။

တီးခတ်မှုအပိုင်း အဆင့်မြင့် သပ်ရပ်နေပေမဲ့ သီချင်းရဲ့ ဝိညာဉ်နဲ့ vocal အပိုင်း ကတော့ ပထမ အယ်လ်ဘမ် ထဲက waltz ဗားရှင်း ကိုပဲ ပိုထိရှမိပါတယ်။ ဥပမာ- Knockin on Heaven's Door ကို Bob Dylan နဲ့ GNR ကွဲပြားသလိုပါပဲဗျာ။

မာသာထရီဆာ သီချင်း ကတော့ ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာကို ရှေးရှုသူဖြစ်တာကြောင့် Bob Marley တို့၊ စောဖိုးခွား တို့လို reggae style လေးနဲ့ အံဝင်ခွင်ကျပါပဲ။ ဘာ instrument မှ မပါဘဲ human voice အထပ်ထပ် နဲ့ လက်ခုပ်သံ၊ လက်ဖျောက်သံတွေ နောက်ခံထားပြီး သီဆို ထားပါတယ်။

ကိုသူရ ရေးတင်ထားသလို လူသားတွေကို အကျိုးပြုခဲ့သူ ကို လူသား ဆန်ဆန် ဂုဏ်ပြုထားတဲ့ လှပတဲ့ သီချင်း တစ်ပုဒ်ပါပဲ။

ဂျွန်လင်နွန် သီချင်းရဲ့ စာသားတွေ ကတော့ Imagine သီချင်းကို ရည်ရွယ် ညည်းတွားနေမှန်း ပေါ်လွင် ပါ တယ်။ music ပုံစံ ကတော့ 1980 ဝန်းကျင်က သီချင်းတွေကို လွမ်းမိစေပါတယ်။ Acoutic ပုံစံ ရိုးရိုး ရှင်းရှင်း လေး သီဆို တီးခတ်ထားတာကလည်း ဘာမာယာမှ မပါတဲ့ Rock N Roll ခေတ်ဦးကို ရည်ညွှန်းထားသလို ခံစားရပါတယ်။ hollow lead နဲ့ harmonica တွဲစပ်ထားတဲ့ solo ကလည်း အလွမ်းဓာတ်ကို ပိုမိုနှိုးဆွခဲ့ပေါ့။

အယ်လ်ဘမ်ရဲ့ အပိတ် သီချင်းအနေနဲ့ ရေးဖွဲ့ဖို့ အင်မတန် တာဝန်ကြီးတဲ့ မြို့မငြိမ်း ရဲ့ ရုပ်ပုံလွှာကို ရေးဖွဲ့ ထားပါတယ်။ classical ဂစ်တာနဲ့ မြန်မာ့ရိုးရာ ဗုံတွေရဲ့ အတွဲအစပ်ဟာ အရသာရှိလှသလို ရိုးရာစည်းနဲ့ဝါး စည်းချက်ကလည်း ချစ်စရာကောင်းပါတယ်။

Chorus မှာ မြနန္ဒာသီချင်း တစ်ပိုင်းတစ်စကို filling တီးခတ်ထားတာလေးကလည်း ဆွဲဆောင်မှုရှိပါတယ်။ ဒီသီချင်းမှာ အားမလို အားမရဖြစ်မိတာကတော့ သီချင်း တိုလွန်းနေတာပါပဲ။ guitarist ချစ်စမ်းမောင်ရဲ့ နာမည်ကျော် မြနန္ဒာ tapping solo ဟာ ဒီသီချင်းရဲ့ solo နေရာအတွက်ပဲ လို့တောင် စိတ်ကူးယဉ်မိပါတယ်။
solo နေရာမှာ မြနန္ဒာသီချင်း မဟုတ်တောင် မြို့မငြိမ်းရဲ့ တေးသွား တစ်ခုခုကို ခပ်ရှည်ရှည်လေး တီးခတ် လိုက်ရင် ပိုအရသာရှိလိမ့်မယ် လို့လည်း ထင်မြင်မိပါတယ်။

သီချင်းနားထောင်နေရင်း သီချင်းစာအုပ်ထဲက ဘာကြောင့် ... 
သေခြင်းတရားကို ရွေးချယ်ခဲ့ရတာလဲ
မန်းတောင်ခြေမှာတော့
မြူခိုးတွေ ဝေနေပေါ့
ဆိုတဲ့ စာစုလေးကို ဖတ်လိုက်မိတဲ့အခါ...
*
မျိုးဆက်တိုင်းမှာ ကိုယ်ဖြတ်သန်းခဲ့တဲ့ ခေတ် တစ်ခေတ် ရဲ့ အနုပညာတွေကို ဆာလောင်မွတ်သိပ်တဲ့ စိတ်တွေ ရှိကြပါတယ်။

ကိုညီထွဋ်ကြီးက Rock N Roll ခေတ်ထဲမှာပဲ ခုန်ဆင်းနေရစ် ခဲ့ပါပြီ လို့ ပြောဖူးသလို ကိုမျိုးကျော့ ကလည်း တစ်ချိန်ကျရင် ဂျေမောင်မောင် သီချင်းတွေ ပြန်ဆိုချင်တယ်၊ သူတို့ခေတ်မှာ ကျွန်တော် ခုန်ဆင်းနေရစ်ခဲ့ပါပြီ လို့ ပြောဖူးပါတယ်။

ခုလည်း ကို ယူမိုးက သူ ခုန်ဆင်းနေရစ်ခဲ့တဲ့ ခေတ်ထဲက အငွေ့အသက်တွေနဲ့ အနုပညာ အသစ်တစ်ခု ဖန်တီး ချပြခဲ့ပါပြီ။ ခေတ်ချင်း တူသူတွေအတွက်....၊

ခေတ်ချင်း မတူလည်း ရင်ဘတ်ချင်း တူသူတွေ အတွက်ပေါ့။ ။


Crd .. .Lu Maw Han
         
            ယူ မိုး


1 comment:

  1. ကျေးဇူးဗျာ...ခုလိုဖတ်ရလို့ .....ဒါနဲ့ ဗျာ Waltz ဗားရှင်း လေးဆိုတာ Bertrand smajlovic သီချင်းလာဗျ...နားထောင်ချင်ပါတယ်။ ဘလော့ဘ် ကိုကြည့်လိုက်တော့ နေ့ စွဲ လေးတွေက အသစ်တွေဖြစ်နေတာ တွေ့ တော့ ဘလောဘ့်က ခုထိလဲ ရေးနေကြတုန်းပါဘဲလားးးပေါ့ဗျာ။

    ReplyDelete