Sunday, December 9, 2018

သင့်ဘဝ အောင်မြင်ရေး




ဆရာ တင်မောင်သန်းကို ပြောတာ မဟုတ် ။ ( သူက သင့်ဘဝမဂ္ဂဇင်း ထုတ်ခဲ့ဖူးလို့ ) ။
လွန်ခဲ့တဲ့ ၅ နှစ် ၊ fb သုံးကာစက ဆရာ ဆူးငှက်နဲ့ cb မှာ စကားစမြည် ပြောဖူးပါတယ် ။ သိချင်တာလေးတွေ မေးတာပါ ။ ဆရာသမားကလည်း စိတ်ရှည်လက်ရှည် ဖြေပေးပါတယ် ။

မေးဖြစ်တာတွေ တော်တော်များပါတယ် ။ စာပေ ၊ ဂီတ နဲ့ ပတ်သက်တဲ့ points တွေချည်းပါ ။ အချက် အလက်တွေ တော်တော်များများ စုမိလာလို့ စာတစ်ပုဒ်ရေးဖို့တောင် ပြင်ဆင်နေတုန်းမှာ အချက် အလက်တွေ ကူးယူထားတဲ့ စာအုပ်လည်း ပျောက် ၊ ဖုန်းအစုတ်လည်း ပျက်... ။
 
လူထုဦးလှ ၊ လူထုဒေါ်အမာတို့ ကွန်မြူနစ်တွေလား လို့လည်း မေးတဲ့အထဲ ပါပါတယ် ။ မန်းသင်္ကြန်မှာ ဝင်းဦးနေရာ ဘယ်သူမှ အစားမဝင်နှိုင်တာ ဘာ့ကြောင့်လဲလို့လည်း မေးတာပါပဲ ။

လူထုမောင်နှံ ကွန်မြူနစ် မဟုတ်ပါဘူး ၊ အဖိနှိပ်ခံ ပြည်သူ့ ဘက်တော်သားပါလို့ ဖြေတာ မှတ်မိပါတယ် ။ ဝင်းဦးနေရာ အစားမဝင်နှိုင်တဲ့ ကိစ္စတော့ သူဘယ်လိုဖြေသလဲ မမှတ်မိတော့ပါ ။ ဒါပေမယ့် ဆရာဆူးငှက် အဖြေကိုတော့ သိပ် ဘဝင်မကျခဲ့တာ မှတ်မိနေပါတယ် ။
 
မကြာသေးခင်က ဝင်းဦး ရဲ့ ဆယ်စုနှစ် တစ်နှစ်စွန်း မန်းသင်္ကြန် မမျှော်လင့်ပဲ ပြန်ဖတ်မိပါတယ် ။
အမှန် ကတော့ မန်းတောင်ရိပ်ခို သီချင်းနဲ့ ပတ်သက်တဲ့ ဝင်းဦး ရဲ့အယူအဆ ရှာကြည့်တာပါ ။

ဒါပေမယ့် ဦးဝင်းဦး ရဲ့ အရေးအသားနဲ့ အကြောင်းအရာက ဆွဲခေါ်သွားလို့ စဆုံး နီးပါး ပြန်ဖတ်ဖြစ်မိလိုက် ပါတယ် ။




အဲသည်မှာ မန်းသင်္ကြန်မှာ ဦးဝင်းဦး ဘာ့ကြောင့် ပရိသတ် အသည်းစွဲခဲ့ရသလဲဆိုတဲ့အဖြေ သွားတွေ့ပါတယ် ။
 
စင်စစ်တော့ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို ရှာမှ ရှား အနုပညာရှင်ကြီးရဲ့ ရှာမှ ရှား မေတ္တာ စေတနာကြောင့် ခုလို လှိုက်လှိုက်လှဲလှဲ အားပေးခံရတာပါ ။
 
မန္တလေး ပရိသတ်ဆိုတာ အနုပညာဝမ်းစာ ပြည့်လွန်းမက ပြည့်နေတဲ့ ပရိသတ်ထုပါ ။ တစ်ဖက်မှာ ကမ္ဘာကျော် သာသနာ့ တက္ကသိုလ်ကြီးတွေ ၊ ကမ္ဘာကျော် သာသနာပြု ပုဂ္ဂိုလ်ထူးတွေ အဆက်မပြတ် ပေါ်ထွန်းနေတဲ့ အကျိုးပေးကောင်းတဲ့ မြို့ ။ ဘာသာရေး အဆုံးအမတွေနဲ့ ထုံမွှမ်းထားတဲ့ မြို့ ။
 
တစ်ဖက်မှာ ရှေးဘုရင်တွေ နန်းစိုက်ခဲ့ရာမြို့ မိုလို့လည်း ကိုယ်နှုတ် အမူအရာ အထက်တန်းကျတဲ့ မြို့ ၊ နန်းဆန်တဲ့ မြို့ ။ တစ်ခါ ဇာတ်သဘင်တွေ ၊ အငြိမ့်သဘင်တွေ ၊ ဆိုကရေးတီး ပညာရှင်တွေ အခြေချရာမြို့မို့လည်း ဂီတ အနုပညာအရာ နားရည်ဝ ၊ အဆင့်မြင့်မြင့် အကဲဖြတ်နှိုင်စွမ်းရှိတဲ့ မြို့ပါ ။ မန်းမြို့သူ မြို့သားတွေဟာ ဘက်စုံ အရည်အချင်း ပြည့်ဝနေသူတွေလို့ အဆိုပြုရင် ပိုလွန်းတယ် မထင်ပါ ။
 

ဒီလိုမြို့မျိုးမှာ အဆိုကောင်းရုံ ၊ ရုပ်ချောရုံ သက်သက်နဲ့ မြို့မေတ္တာ အပြည့်အဝ မရနှိုင်လောက်ပါဘူး ။ ဦးဝင်းဦး ဟာ မြို့လူထု ( ရဟန်းရှင်လူ ) ရဲ့ မေတ္တာသာမက ၊ ရပ်ဝေး ရပ်နီး ပရိသတ်တွေရဲ့မေတ္တာကိုပါ ထူးထူးကဲကဲ ရရှိခဲ့တာဟာ သူ့ရဲ့ အနုပညာ မေတ္တာ စေတနာကြောင့်ပါ ။
 
သူဟာ ဖျော်ဖြေတဲ့အခါ စိတ်ရော ကိုယ်ပါ နှစ်ပြီး စေတနာ ၊ မေတ္တာအပြည့်နဲ့ ဖျော်ဖြေတယ် ။ အရိပ်အကဲ နားလည်တယ် ။ တင်ဆက်မှု ပါးနပ်တယ် ။ ဘယ်အချိန် ဘယ်လို သီချင်းမျိုးနဲ့ ဖျော်ဖြေရမလဲဆိုတာ သဘောပေါက်တယ် ။

ဥပမာ - အသင်းကား တစ်နေရာ ကနေ တစ်နေရာ ခရီးဆက်ချိန်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းတေးတွေနဲ့ ဖျော်ဖြေတာမျိုးပေါ့ ။ ကာလံ ၊ ဒေသံလည်း သူသိတတ်တယ် ။ ညဥ့်နက်ချိန်မှာ အဲသည် အချိန်နဲ့ လိုက် ဖက်တဲ့ တေးမျိုး... ။ သူဆိုနေကျ တေးအပြင် တစ်ခြားသူတွေရဲ့ ကျော်ကြားတဲ့ တေးတွေလည်း သူ သီဆိုပေးပါတယ် ။

ဥပမာ - စန္ဒယားလှထွတ်ရဲ့ တိမ်တမန်လို တေးမျိုး ။ ( ဒီတုန်းက ဒီတေး နားဆင်လိုက်ဖူးသူတွေ ကံထူးတာပါပဲ ။ ဦးလှထွတ်ကို မီ မမီဆိုတာ တစ်ကဏ္ဍပေါ့ ။ )
အဆိုကောင်းရုံမက ၊ တင်ဆက်မှုလည်း ကျွမ်း ၊ မေတ္တာ စေတနာလည်း အပြည့်မို့ ဒီတုန်းက မြို့မ အသင်း ကားနောက် ဧရာမ ပရိသတ်ကြီး တကောက်ကောက်လိုက်ခဲ့တယ်ဆိုတာ သဘာဝကျပါတယ် ။( ရန်ကုန်က ထင်ရှားတဲ့ ဂီတ သမားတွေ မြို့မ ကားပေါ်မှာ သူနဲ့အတူ ဖျော်ဖြေစေတာလည်း သူ့ရဲ့ စီမံခန့်ခွဲမှု ကျွမ်းကျင်တဲ့ ၊ လာဘ်မြင်တတ်တဲ့ သာဓကပါ ) ။
 
ဦးဝင်းဦး အောင်မြင်မှု ဆန်းစစ်ကြည့်ရင် သူ့ အလုပ်အပေါ် အပြည့်အဝ အာရုံစိုက်တယ် ။ ပရိသတ်အပေါ် စေတနာ မေတ္တာ ထားတယ် ။ တင်ဆက်မှု ( performance ) တဖက်ကမ်း ခတ်တယ်... စတဲ့ အရည် အချင်းတွေ တွေ့မယ်ထင်ပါတယ် ။
 
ထိုနည်း၎င်း မိမိတို့ ဝန်းကျင် အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ ကြည့်ရင်လည်း ( ခရိုနီတွေ မပါ ) အထက်ပါ အရည်အသွေးတွေ တွေ့ရမှာပါ ။ ( ကုန်သည်တွေ အတွက်တော့ ပရိသတ်နေရာ ဖောက်သည် အသုံး အနှုန်း အစားထိုးရမှာပါ ။ တင်ဆက်မှုနေရာ စီမံခန့်ခွဲမှု ) ။
 
ထိုနည်း၎င်း အုပ်စိုးသူ အစိုးရ ဟာလည်း တိုင်းသူပြည်သား ( အောက်ခြေလူတန်းစား ၊ နင်းပြား ) အပေါ် တစ်ကယ် စေတနာ ၊ မေတ္တာထားရင်... ။
၂၀၀၈ ဖွဲ့စည်းပုံကလည်း နိုင်ငံနဲ့ လူမျိုးအပေါ် တစ်ကယ်စေတနာထား ရေးဆွဲခဲ့ရိုး မှန်ရင်... ၊ အဟမ်း... ။

တပ်မတော်ကလည်း... ၊ အဟမ်း... ။


Maung Maung Nee

 

No comments:

Post a Comment