Tuesday, December 15, 2020

ဆရာချစ် (ချစ်စန်းမောင်) သမီး ငဲငယ်လေးနှင့် အင်တာဗျူး

 


အနုပညာလောကအတွင်းတွင် အောင်မြင်သည့် အနုပညာရှင် များထံမှ လက်ဆင့်ကမ်း အနုပညာ အမွေကို သယ်ဆောင်ကာ ကြိုးစားအားထုတ်သူ လူငယ် အနုပညာရှင်များစွာ ရှိပါသည်။ 


ယင်းတို့အထဲမှ အဆိုတော် မျိုးကြီး၏ Live 90 တစ်ကိုယ်တော် ဖျော်ဖြေပွဲများတွင် မိတ်ဆက်ပွဲထုတ်ခဲ့သူ မျိုးဆက်သစ် လူငယ် တစ်ဦးအား မိတ်ဆက်ပေးချင်ပါသည်။ 


အိုင်စီ၏ ပင်တိုင်ဂီတာသမား တစ်ဦးဖြစ်သည့် ချစ်စမ်းမောင်၏ သမီးဖြစ်သူ ငဲငယ်လေးပင် ဖြစ်သည်။ မျိုးဆက်သစ် အမျိုးသမီး ဂီတာတီးခတ်သူ တစ်ဦးဖြစ်လာသည့် ငဲငယ်လေး၏ ဂီတအမွေ လက်ဆင့်ကမ်း ဖြစ်ပုံကို အင်တာဗျူး ကဏ္ဍအတွက် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါသည်။


မေး- ငဲငယ်လေးက ဂီတကို ဘယ်အချိန်လောက်မှာ စပြီးစိတ်ပါဝင်စားခဲ့လဲ။


ဖြေ- ငဲငယ်လေး ငယ်ငယ်ကတည်းက ဂီတကို စိတ်ပါဝင်စားခဲ့ တာပါ။ ပါးပါး ဂီတာတီးတာကို တွေ့တိုင်းလည်း စိတ်ဝင်တစားနဲ့ ကြည့်ဖြစ်တယ်။ နားထောင်ဖြစ်တယ်။ ကိုယ်တိုင်လည်း အရမ်း တီးခွင့်ရချင်တယ်။ အဲဒါ အသက် လေးနှစ်လောက် ကတည်း ကပါ။


မေး- ဂီတာနဲ့ရော ဘယ်အရွယ်မှာစပြီး ထိတွေ့ဖြစ်ခဲ့လဲ။


ဖြေ- ငဲငယ်လေး အသက်လေးနှစ်လောက်မှာ ပါးပါးတို့ ပါဝင်တဲ့ ဘုရားကျောင်း အခွေမှာ ဂီတာတီးတဲ့ပုံစံ သရုပ်ဆောင်ခွင့် ရခဲ့ပါ တယ်။ အဲဒါက ပထမဆုံး ဂီတာနဲ့ ထိတွေ့ခွင့်ရခဲ့တာပါ။


မေး- ဂီတာတီးကရော ဘယ်လို သင်ကြားဖြစ်ခဲ့လဲ။


ဖြေ- ပါးပါးဆီကတော့ ငယ်ငယ်ကတည်းက သင်ယူလေ့လာ ဖြစ် ပါတယ်။ Notes တွေနဲ့ စနစ်တကျ လေ့လာသင်ကြား ဖြစ်တာက လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆရာဦးဖိုးအယ် ဆီမှာပါ။ 



ဆရာ့ဆီကတော့ ဆရာသင်ပေးတဲ့ အတိုင်းပဲ သင်ယူဖြစ်ပါတယ်။ စနစ်တကျ တီးခတ်ဖို့ အတွက်ပေါ့လေ။ ပါးပါးဆီကတော့ သီချင်း တစ်ပုဒ် ကြားလိုက်တယ်ဆိုရင် ပါးပါးတီးပြပါဆိုပြီး တီးခိုင်းတယ်။ ပါးပါးတီးပြတာကို လိုက်ကြည့်ပြီး သင်ယူဖြစ်တယ်။


မေး- ဂီတာတီး လေ့ကျင့်မှုကျတော့ ဘယ်လိုလုပ်ဖြစ်လဲ။


ဖြေ- ငဲငယ်လေး ညတိုင်း ည ၈ နာရီကနေ ၁၀ နာရီ အထိကို ဂီတာတီး လေ့ကျင့်ပါတယ်။ အဲဒါကတော့ ဆရာသင်ပေးတာနဲ့ ပါးပါးသင်ပေးတာတွေကို ပြန်လေ့ကျင့်တာပါ။ 


မနက်ပိုင်းတွေမှာတော့ ကြားလိုက်တဲ့ သီချင်းအတိုင်းကို ပြန် တီးဖြစ်တာမျိုး၊ တစ်ချို့ မသိတာတွေ ဆိုရင်လည်း Youtube မှာ ကြည့်ပြီး လိုက်တီးတာ မျိုးတွေ လုပ်ဖြစ်တယ်။


မေး- ပထမဆုံး တီးခတ်ခွင့်ရတာရော စင်ပေါ်မှာလား။ အသံသွင်း စတူဒီယိုမှာလား။


ဖြေ- ပထမဆုံး ဖျော်ဖြေခွင့် ရတာကတော့ စင်ပေါ်မှာ ဖြစ်ပါမယ်။ ဘုရားကျောင်းမှာက ငယ်ငယ်ကတည်းက ပွဲတွေရှိရင် တီးခွင့်ရပါတယ်။ စင်ပေါ်မှာ တီးခွင့်ရတာက ပထမဆုံးပါ။


မေး- IC ပရိသတ်တွေနဲ့ တွေ့ဆုံခွင့် ရတာကရော ကိုမျိုးကြီးပွဲမှာလား။


ဖြေ- ဟုတ်ပါတယ်။ ဦးမျိုးကြီးရဲ့ Live 90 ပထမဆုံး ဖျော်ဖြေပွဲမှာ တီးခွင့်ရတာပါ။


မေး- အဲဒီအချိန် ခံစားရတဲ့ စိတ်ခံစားမှုကို ပြောပြပေးပါဦး။


ဖြေ- ပထမဆုံး ဦးမျိုးကြီးပွဲမှာ တီးခွင့်ရမယ်ဆိုတော့ ငဲငယ်လေးကို လက်ခံပါ့မလားဆိုပြီး အရမ်းစိတ်ပူခဲ့တယ်။ စိတ်လည်း လှုပ်ရှားပါ တယ်။ ငဲငယ်လေးက အသက်လည်း ငယ်သေးတော့လေ။ တစ်ကယ်တမ်းတီးတဲ့ အခါမှာ ပရိသတ်တွေက ကြိုဆိုကြတယ်။ အားပေးကြတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ အားလည်း ရှိသွားတယ်။ ပိုပြီး ကြိုးစားချင်စိတ်လည်း ဖြစ်လာပါတယ်။


မေး- ရှေ့ဆက်လုပ်ကိုင်မယ့် ဂီတလုပ်ငန်းနဲ့ ပတ်သက်လို့ရော ဘယ်လို ရည်မှန်းထားလဲ။


ဖြေ- ငဲငယ်လေး ဂီတလမ်းကိုပဲ ဆက်လျှောက်မှာပါ။ ပါးပါးခြေရာ ကို နင်းနိုင်တဲ့ သမီးတစ်ယောက်ဖြစ်အောင် ကြိုးစားချင်ပါတယ်။ လေ့လာ သင်ယူမှုတွေ ဆက်လုပ်ဖြစ်မယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး ဖျော်ဖြေမှုတွေ ပြခွင့်ရချင်ပါတယ်။


မေး- ပရော်ဖက်ရှင်နယ် ဂီတသမား တစ်ယောက်အဖြစ်ရော ဘယ်တော့လောက် စပြီး လုပ်ခွင့်ရချင်လဲ။


ဖြေ- အခွင့်အရေးသာ ရမယ်ဆိုရင် အခုကတည်းက စပြီး ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် လုပ်ချင်ပါတယ်။


မေး- Recording တွေရော တီးဖြစ်သေးလား။


ဖြေ- တီးဖြစ်ပါတယ်။ ခရစ်စမတ်အတွက် ကိုစံပီး တို့ လုပ်တဲ့ အခွေ မှာ ငဲငယ်လေး တီးဖြစ်ပါတယ်။ နောက်ထပ်လည်း ထပ် တီးဖြစ်ဖို့ ရှိပါသေးတယ်။


မေး- အဖေကလည်း အောင်မြင်တဲ့ ဂီတပညာရှင် တစ်ယောက် ဖြစ်နေ တော့ ကြိုးစားရတာက ပိုပြီး တာဝန်ကြီးမလား။


ဖြေ- ငဲငယ်လေး ဘက်ကတော့ ကြိုးစားမှုက အရေးကြီးတယ်လို့ ခံယူထားပါတယ်။ ပါးပါးတို့ သင်ပြပေးတာကိုလည်း အကောင်း ဆုံး လိုက်နာပြီး ကြိုးစားသွားမှာပါ။ နာခံမှုက အရေးကြီးတယ် လို့လည်း ပါးပါးက အမြဲတမ်း ပြောပါတယ်။ ငဲငယ်လေး ဘက် ကတော့ ကြိုးစားမှာပါ။


မေး- ပွဲတွေမှာ တီးဖြစ်ဖို့ရော ရှိဦးမလား။


ဖြေ- ရှိပါတယ်။ ခရစ်စမတ်မှာ ဘုရားကျောင်းက လုပ်တဲ့ပွဲတွေမှာ တီးဖြစ်ဖို့ ရှိပါတယ်။


မေး- ပညာရေးကရော ဘာတွေတက်ဖြစ်နေလဲ။


ဖြေ- ငဲငယ်လေးအခု ပြည်ပက ကျောင်းမှာ တက်ခွင့်ရဖို့ လျှောက် ထားပါတယ်။ ၀င်ခွင့်ရရင် သွားတက် ဖြစ်ပါမယ်။


မေး- ဘယ်ဘာသာရပ်ကို လျှောက်ထားတာလဲ။


ဖြေ- IT ပိုင်းကို လျှောက်ထားတာပါ။ အဓိကတော့ စက်ပိုင်းဆိုင် ရာတွေကို စိတ်ဝင်စားတယ်။ သွားတက်ဖြစ်ရင်လည်း နှစ်လ တက်ပြီး တစ်ခါပြန်လာလို့ ရတယ်ဆိုတော့ သွားတက်မယ်။ အားတဲ့အချိန် ဂီတ အလုပ်တွေ ဆက်လုပ်သွားမယ်လို့ ရည်မှန်း ထားပါတယ်။


မေး- IC ပရိသတ်တွေက ကြိုဆိုခဲ့ကြတဲ့အပေါ် ပရိသတ်တွေကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိလား။


ဖြေ- တစ်ကယ်တမ်း ဖျော်ဖြေခွင့်ရမယ် ဆိုတုန်းက အခုလို ကြိုဆို ခံရမယ်လို့ မျှော်လင့်မထားပါဘူး။ တကယ်တမ်း တီးခွင့်ရတဲ့ အချိန်မှာ အရမ်းအားပေးကြတဲ့အတွက် အရမ်းပျော်ပါတယ်။ အားတွေလည်း ပိုရှိလာတယ်။ ကြိုးစားသွားမှာပါ။


မေး- နောက်ပိုင်းရော IC နဲ့ပဲ လက်တွဲပြီး တီးဖြစ်မှာလား။


ဖြေ- အခွင့်အရေးသာ ရှိမယ်ဆိုရင် IC နဲ့ပဲ လက်တွဲပြီး တီးဖြစ်ဖို့ များပါတယ်။ IC ပရိသတ်တွေကိုလည်း ဖျော်ဖြေခွင့် ရချင်ပါတယ်။


Eleven Media မှ ကူးယူဖေါ်ပြသည်။

#Credit We love Music#

( Post အဟောင်းလေးပေမယ့် အမှတ်တရပါ )



No comments:

Post a Comment