Saturday, May 23, 2020

ကိုခရမ်း ပြောသော အိုင်စီ အကြောင်း

 



ခရမ်းသည် ဂီတ လောက ထဲသို့ ဝင်ခါစတွင် Section Player အဖြစ် လိုက်လံ တီးခတ်ခဲ့ သော်လည်း လိဒ် ဂစ်တာ သမား တေးရေး စောဘွဲ့မှူး တည်ထောင်သည့် Iron Cross (IC) တေးဂီတဝိုင်း စတင်ချိန် ၁၉၉၁ ခုနှစ်ကတည်း က ဒရမ်မာ အဖြစ် ပါဝင်တီးခတ်ခဲ့သူဖြစ်သည်။

ယခုအခါ IC တေးဂီတအဖွဲ့ တည်ထောင် သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကွယ်လွန်သူ စောဘွဲ့မှူး မှ အပ ကျန်သည့် တီးဝိုင်းအဖွဲ့ဝင်များနှင့် ဝိုင်း စတင်ချိန်က အတိုင်း ပြိုကွဲခြင်း၊ ကျဆုံးခြင်း မရှိဘဲ ရပ်တည် ဆဲဖြစ်သည်။ ယင်းတေးဂီတ အဖွဲ့၌ ဒရမ်မာ အဖြစ်သာမက တီးဝိုင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူ တစ်ဦးအဖြစ် အဆုံးအဖြတ်ပေးနိုင်သော ကိုခရမ်း ရဲ့ interview လေးပါ။


မေး။ ။ ကိုခရမ်း က ဒရမ်နဲ့ပတ်သက်တဲ့ ပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ဖြေ။ ။ လူက မွေးကတည်းကတော့ ဘာမှ တတ်ခဲ့တာမဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာက ဂီတနဲ့ ပတ် သက် တဲ့ ကျောင်း ဆိုတာလည်း သတ်သတ်မှတ်မှတ်ရှိတာ မဟုတ်ဘူး။ ဒီ စတီရီယိုပိုင်းက ပိုဆိုးတာပေါ့။ ကျနော်တို့ ထက် တတ်တဲ့၊ သိတဲ့ ရှေ့လူတွေဆီမှာ နည်းနာခံ၊ တပည့် ခံပြီးသင်ယူခဲ့ရတာပဲ။ ကျနော့် ဆရာ က ကိုဇော်ဝင်းရှိန် ပါ။ Play Boy တို့ Aces တို့ကတော့ ကျနော့်ရဲ့ မြင်ဆရာတွေပေါ့။


ကျနော်က ဒီပညာကို တတ်ချင်လွန်းလို့ကို ရအောင် ယူခဲ့တာ။ အလယ်တန်း တက်နေတုန်း စာဆက် မသင်ချင် တော့ဘူး။ စိတ်လည်းမပါဘူး။ လူက ဂီတသံကြားရင်ကို မနေနိုင်တာ။ အဲဒီ တူရိယာတွေကြား မှာပဲ ပျော်နေချင် တာလေ။ ကျနော်လုပ်ချင်တာက ဒါပဲ .. ဒီတော့ ကျနော်က မိဘတွေကို တောင်းဆို တယ်။ ကျနော့်ကို ကျောင်း ထုတ်ပါ .. မထုတ်ရင်လည်း ကျနော့်ဟာ ကျနော် ရအောင်ထွက်မယ် ဆိုပြီး လုပ်တာဗျ။

ရှေးက လမ်းဖောက်ခဲ့တဲ့ ဆရာတွေကို သိပ်ကျေးဇူး တင်ဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် အခုကလေးတွေ သိအောင်ရှင်းပြ ချင်တယ်။ ကိုသန်းနိုင် ဆို ဒရမ် အရမ်းကောင်းတယ်ဗျာ။ ကိုအော်စကာ သန်းတင် ဆိုရင် လည်း အရမ်းလေးစားဖို့ ကောင်းတယ်။ ဒါတွေ မှတ်တမ်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ သူတွေရှိရင် လုပ်စေ ချင်တယ်။


မေး။ ။ စတိတ်ရှိုး တီးတဲ့အခါမှာ အာရှက တစ်ခြား ရော့ခ်ဘန်တွေနဲ့ IC နဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။ ။ မတူဘူးဗျ။ အထူးသဖြင့် ထိုင်း က ရော့ခ်ဘန်တွေပေါ့ဗျာ။ ထိုင်း က The Sun Band ကို ဖိတ်ပြီး ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုး လုပ်ဖူးတယ်။ သူတို့ တီးတာက ပုံသေနည်း ဆန်တယ်။ ပုံသေနည်း အတိုင်း ဆိုတော့ တီးတာ သက်သောင့်သက်သာ မရှိဘူး။ စိတ်လှုပ်ရှားဖို့မကောင်းဘူး။

ကျနော်တို့ကျတော့ စိတ်ကူးတည့် သလို တီးတာ။ စင်ပေါ်ရောက်သွားပြီ ဆိုတာနဲ့ IC က Team work လည်းကောင်းတော့ အားလုံးကညီညွတ်ပြီး ဘယ်သူနဲ့ တူတယ်ရယ်လို့ကို မဟုတ်တော့ဘူး၊ ကိုယ့်စတိုင်နဲ့ကိုယ်ကို အားလုံး မြောက်ကုန်ကြတာ။




မေး။ ။ အသက်ကြီးလာရင်ကော ရော့ခ်တွေပဲ ဆက်တီး နေဦးမှာလား။

ဖြေ။ ။ အသက်ကြီးလာရင်တော့ လုပ်ချင်တာ ရှိတယ်ဗျ။ အဲဒါက Jazz Rock လေ။ ဒရမ်ရယ် ဘေ့စ်ရယ် ၂ ယောက်တည်း တီးရတာ။ တစ်ကယ့်ငြိမ့်ငြိမ့်လေး။ သူက အဆိုသမားက သိပ် အဓိကမကျဘူး။ အဲဒီ အမျိုး အစားက သံစဉ်တွေတင် မဟုတ်ဘူး တီးတဲ့သူတွေကပါ တန်ဖိုး ရှိနေတာ။ တစ်ပုဒ်လုံးကို ၁၅ မိနစ်စာ လောက်ရှိတယ်ဗျာ။

ပန့်ခ်တွေ မော်ဒန်ရော့ခ်တွေ၊ အော်လ်တာတွေ အမျိုးမျိုး တီးဖူးတယ်။ မတူဘူးဗျာ။ ကျတော်ကြည့်ဖူး သမျှ တော့ အဲဒီအမျိုးအစားကို တီးတာ အသက် ၆၀ အရွယ်လောက်ကြီးတွေ။ ဒါပေမယ့် လူငယ်တွေထက် တော်တော့်ကို လက်စောင်း ထက်တယ်ဗျ။ အဲဒါမျိုး ကြီးလာရင် လုပ်ချင်တယ်။


မေး။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ကိစ္စကို လူတွေက အမျိုးမျိုး သရုပ်ခွဲကြတယ်။ ကိုခရမ်းကော ဘာပြောချင် ပါသလဲ။

ဖြေ။ ။ ကော်ပီ နဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စက ခဏခဏ ရှင်းဖူးတယ်။ ကော်ပီ ကို ဝေဖန်တဲ့သူတွေကကော ဂီတ ကို တစ်ကယ်သိလို့၊ လေးစားလို့ပြောတာလား .. တစ်မင် မလိုတဲ့ဘက်က ရန်လုပ်ချင်လို့ ပြောတာလား ဆိုတာကို ခွဲခြား ဖို့ လိုမယ်ထင်တယ်။

မြူးဇစ် ဆိုကတည်းကိုက ကော်ပီပဲ တီးတီး Own Tune ပဲတီးတီး အတူတူပဲ မဟုတ်ဘူးလား။ ဟုတ်ပြီ .. Own Tune ပဲတီးကြမယ် ဆိုပါတော့ .. ကျနော်တို့ ဒီနေ့လုပ်နေတဲ့ မြူးဇစ် ပုံစံက ဘယ်ကလာတာလဲ။ ဒီအငွေ့အသက်တွေနဲ့ ကင်းနိုင်မလား။ ကျနော်တို့ လုပ်နေတာကိုက မြန်မာ့ဂီတ စစ်စစ်မဟုတ်ဘူး။ ဒါကို လက်ညှိုး ငေါက်ငေါက်ထိုး ပြောကြတာတော့ မတရားဘူးထင်ပါတယ်။ ကိုယ့်ရာဇဝင် ကိုယ် ရေးရတာပဲ။ ဂီတကို ဂီတ လိုပဲ ခံစားသင့်တယ်။ ဂီတ ကို ခံစားမှာလား အပြစ်ပြောမှာလား ။ ကော်ပီရေးတဲ့ သူတွေက လည်း သီချင်းကို ပစ်စလက် ခတ် ရေးကြတဲ့သူတွေမဟုတ်ဘူး။ မူရင်းသီချင်းကို သေချာနားထောင်ပြီးမှ အဓိပ္ပာယ် မပျက်အောင်ရေးလာကြပြီ။


မေး။ ။ IC ရယ်လို့ ဖြစ်လာပုံလေး အကြမ်းဖျင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ အစကတော့ ကျနော်တို့ အားလုံး Section လိုက်တီးနေကြတာ။ ကျနော်ကော၊ ဗညားကော၊ ခင်မောင်သန့် ကောပေါ့။ ဘွဲ့မှူးကြီး ကခေါ်ရင်လည်း လာတီးလိုက်၊ တစ်ခြားမှာလည်း သွားတီးလိုက် လုပ်နေရင်း ဒီလိုလုပ် နေတာထက် Section လုံးဝ မတီးဘဲ နေကြမယ်။ ဝိုင်းတစ်ခု လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်ကြတာ။ တစ်ကယ်တော့ အဲဒါက မလွယ်ဘူး။ Section တီးတာက ပိုက်ဆံ အရမ်းရတယ်လေ။ မတီးဘဲ တောင့်ထားဖို့က မလွယ်ဘူး။


ဆိုလိုတာက Section ကို လက်မလည်အောင် တီးနေရာ ကနေ လုံးဝ ရပ်လိုက်ရတော့ အလုပ်တွေ အား သွားကြ တယ်ဆိုတာ ပြောချင်တာပါ။ အဖွဲ့အနေနဲ့က နာမည်မရှိသေးတော့ အလုပ်သိပ်မဖြစ်သေးတာကို တော်တော် လေး တောင့်ခံကြရတယ်။ အဲဒီအချိန်မှာ တောင့်မခံနိုင်ရင် IC ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။


မေး။ ။ IC ဆိုပြီး ဒီလောက် နှစ်ကြာကြာ ရပ်တည်လာနိုင်တာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိကက ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်။ ပြီးတော့ အားလုံးက ညီတယ်။ စည်းကမ်း ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ ကျနော်နဲ့ ဗညားနိုင်က အကြီးဆုံးပဲ။ အဖွဲ့နဲ့ ပတ်သက်သမျှ ကျနော်တို့ နှစ်ယောက် ဆုံးဖြတ်ရင် အားလုံးက သဘောတူတယ်။ ပွဲငှားတာက အစ တစ်ချို့ ကိစ္စဆို မဟုတ် တာတွေ ဘာတွေ ပါလာရင် ကျနော်က အဖွဲ့ကိုတောင် ပေးမသိတော့ဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ် လိုက်တယ်၊ ရှင်းလိုက်တယ်။ မဟုတ်ရင် အလကား စိတ်ညစ်ရတာပဲရှိမယ်။


တစ်ချို့ ကန်ထရိုက်တွေက လူလည်ကျတာ တွေရှိတယ်။ အဲဒါမျိုးတွေဆို ကျန်တဲ့ သူတွေကို ပေးကို မသိ တော့တာ။ တစ်ခါတစ်လေ တစ်ခြားက ပတ်ပြီး ဝင်လာတာမျိုး၊ ဥပမာ - ချစ်စမ်းမောင် ကိုဖြစ်ဖြစ် တစ်ခြား တယောက်ယောက် ကိုပဲ ဖြစ်ဖြစ် ကန်ထရိုက်က ကပ်ဝင်ရင်လည်း သူတို့က ကိုခရမ်းကို ပြောပါ။ ကိုဗညား ကိုပြောပါ ဆိုပြီး လွှဲလိုက်တာပဲ။ ကျနော်တို့ လုပ်သမျှ ဆုံးဖြတ်သမျှ လက်ခံတာရယ်၊ ကျနော်တို့ကလည်း မဟုတ်တာ မလုပ်တာ ဘယ်တော့မှ မလုပ်ဘူး ဆိုတာ သိထားတာရယ်၊ ဒါနဲ့ပဲ ဒီအဖွဲ့ကသွားနေကြတာ။

 ပြီးတော့ အားလုံးက ညီအစ်ကိုတွေလိုပဲ စလိုက် နောက်လိုက်နဲ့ ဆိုတော့ ပင်ပန်းတယ် မထင်ရဘူး။ အငဲ ဆို အတည်ပေါက်ပြောနေရင်း ဝင်ဝင်နောက်တတ်တယ်။ တစ်ယောက်အကျင့် ကိုလည်း တစ်ယောက် က သိ ထားတယ်။ အငဲ ဆိုရင် ဆေးလိပ် အရမ်းကြိုက်တယ်။ ဆေးလိပ် မသောက်ရတဲ့ နေရာရောက်ရင် စိတ်တွေ တိုနေ ရော။ ချစ်စမ်းမောင် ကျတော့ ကျနော်တို့က ညီအငယ်ဆုံးလေး လိုပဲ။ မျိုးကြီး လည်း ဒီတိုင်းပဲ။


အားလုံးက အလုပ် လုပ်ရင်လည်း အလုပ်နဲ့ တူအောင် လုပ်တယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်လို့ ကတော့ ကြိုက်သလောက် ဝေဖန်၊ လက်ခံတယ်။ အဲဒါကြောင့်လည်း ထွက်လာတဲ့ Product က တော်တော် ကို တစ်ကယ့် ကို ကျေနပ်စရာကောင်းတယ်။ ကျနော်တို့ လေးဖြူ နဲ့ ဂျပန်က လုပ်တဲ့ ဂျေ အာဆီယံ ပွဲမှာ သွားတီး ကြတုန်းက အရမ်းအားပေးကြတာ။ သူတို့က ဘာလို့အားပေးတာလဲ ဆိုတော့ ဒီအသက်ဒီအရွယ်ကြီးတွေ အထိ ဒီဘန်ကော၊ အဆိုတော်ကော မကွဲဘဲ ဒီအတိုင်း ရှိနေတာကို သဘော ကျလေးစားတာတဲ့။


မေး။ ။ IC ကို အင်တာဗျူး အတွက်ပဲ ဖြစ်ဖြစ် တစ်ခြား အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ချဉ်းကပ်ဖို့ခက်တယ်၊ ဆက်ဆံရေး မပြေပြစ်ဘူးလို့ ပြောနေတာနဲ့ ပတ်သက်ပြီး ကိုခရမ်း ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဘေးက ကြပ်ပေးကြတာဗျ။ ဘေးက တစ်ချို့က IC ကို ကိုယ့်ဘာကိုယ် ဝင်လို့မရဘူး ဟောက်ထုတ် လိမ့်မယ်၊ ဘာညာပြောကြတာနဲ့ လူရှိန်နေတာဗျ။ ကျနော်တို့ အားနည်းချက်ကလည်း တစ်ခုတော့ရှိတယ်၊ အနုပညာကိစ္စ မြူးဇစ် ကိစ္စကိုဆို လာခဲ့ အချိန်မရွေးပဲ ပြောမယ်။ မဟုတ်တာတွေ ပေါက်ပန်းသေးတွေ တော့ လာမမေးနဲ့ လေဗျာ။ IC ကို မေးမယ် ဆိုရင် အိုင်စီအကြောင်းတော့ သိသင့်တာပေါ့ မဟုတ်ဘူးလား။

အနုပညာသမားတွေကို လူတွေက ကြီးကျယ်တယ် ထင်ကြတယ်။ တစ်ကယ်က မဟုတ်ပါဘူးဗျာ ..။ ကျနော်တို့ ပြောချင်တာ ဂီတ အကြောင်း .. ဂီတ အကြောင်းမေးမယ်၊ ပြောမယ်ဆိုရင် အချိန်မရွေးပါ။ နောက်တစ်ခုက ကျနော် တို့ပစ္စည်းတွေက အီးပီစီ မီးနဲ့ တီးလို့မရဘူး Watt တစ်အား များတာ။ အဲဒီတော့ ကျနော်တို့ကို ငှားရင် စရိတ်ကများ တယ်။ စပွန်စာ မရှိလို့ မရဘူး။ တစ်ချို့ကန်ထရိုက်တွေက စရိတ်ချုံ့ချင်တယ် .. အလွယ်လုပ်ချင်တယ်။ အဲဒါမျိုး ကျနော်တို့နဲ့မရဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်း အတိုင်းပဲ သွားတယ်။ လက်ခံနိုင်ရင်လာ။ မှန်တဲ့သူ တွေနဲ့တော့ ကျနော်တို့နဲ့ ဖြစ်တယ်။ကလိန်ကကျစ်တွေ နဲ့ဆို မရဘူး။


မေး။ ။ IC က စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့လည်း တော်တော် ဂရုစိုက်တယ်လို့ ကြားတယ်။

ဖြေ။ ။ ဟုတ်တယ်ဗျ ..။ တီးဝိုင်းတစ်ဝိုင်း လုပ်တယ် ဆိုတာကဗျာ .. တီးတဲ့သူ ကောင်းကောင်းရှိမယ် .. ဆိုတဲ့ သူ ကောင်းကောင်းရှိမယ် .. မြူးဇစ်သမား ဆိုတာက အသံနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို ထိအောင် လုပ်ရမှာ မဟုတ် လား။ အဲဒီမှာ စက်ပစ္စည်းကိုယ်ပိုင် မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ ကောင်း တော့မလဲ။ ကိုယ့်စက် ကိုယ့်ပစ္စည်း မဟုတ်ဘူးဆိုရင် တော်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စက်ပစ္စည်းကိုတော့ ကျနော်တို့ က ခရေဇီဖြစ်တယ်။


စတူဒီယိုနဲ့ ပတ်သက်လို့က ချစ်စမ်းမောင် က ဝါသနာပါတယ်။ သူ့ယောက္ခမ သင်းအုပ်ဆရာ ဆရာဒေးဗစ် ကလည်း အရမ်းအားပေးတယ်။ ပစ္စည်းတွေ ဝယ်ပေးထားတယ်။ ကျနော်တို့ ရာစုသစ် စီးရီးမှာ Auto Mixing စသုံးနေပြီ။ Pro Tool ဆိုတာတစ်ခုဆို ဒေါ်လာ ၄၀၀၀၀ ပေးရတယ်။ အဲဒါမှာတော့ ကုမ္ပဏီက တော်တော်လေး အံ့သြတာ။ မြန်မာလိုနိုင်ငံလေးက Band တစ်ခုက ဒီလို ပစ္စည်းမျိုး မှာတယ် ဆိုတာ မယုံ ချင်ဘူး။ “ဘင်္ဂလားပင်လယ်အော်” တုန်းက ဆို ငွေဆောင်က ဟိုတယ်မှာကို အားလုံးတီးတာ။ အရသာက စတူဒီယိုထဲမှာ တီးတဲ့ အတိုင်းပဲ။ ချစ်စမ်းမောင် ဖမ်းတာလေ။


မေး။ ။ IC က စင်ပေါ်ရောက်သွားရင် အားလုံး မြူးကြွပြီး အပေးအယူ သိပ်မျှတယ်ဆိုတာနဲ့ ပတ်သက်လို့ တစ်ချို့က ဘာတွေများ မှီဝဲလည်း သိချင်နေကြတယ်။ ပြောပြပါဦး။

ဖြေ။ ။ ဒါလား။ ကျနော်တို့အဖွဲ့ မှီဝဲတာ ကတော့ ရေ ပဲဗျ။ ရေသောက်ပြီး တီးကြတာ။ ပြောရင် ယုံချင်မှ ယုံ မယ်။ တစ်ခါက စီးကရက် စက်ရုံတစ်ရုံက လုပ်တဲ့ ပွဲမှာ .. စက်ရုံ ပိုင်ရှင်ကလည်း နိုင်ငံခြားသား ဆိုတော့ ကျနော်တို့ကို မတီးခင် ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ .. လုပ်ချင်တာဖြစ်စေရမယ်။ အရက်လား၊ ဘီယာ လား၊ မူးယစ်ဆေး လား ကြိုက်တာပြော .. အဲဒီလို လာမေးတာ။


ကျနော်တို့က မတီးခင် ကိုယ့်ဘာသာ ထိုင်နေကြတာလေ။ ပုံစံတွေ ကလည်း မထုံတက်တေးနဲ့၊ ဒီတိုင်း ထိုင်နေ တာ။ အဲဒါ ကျနော့်လာမေးတော့လည်း ရေပေးပါ၊ လေးဖြူသွား မေးတော့လည်း ရေပဲပေး ရေ သောက်မယ် ဆို တော့ အဲဒီလူက မယုံဘူး၊ ရေကတော့ ရှိတယ်လေ ၊ ကျနော်သိချင်တာ မူးယစ်ဆေး တစ်ခုခု ယူမလား၊ အရက် လား ဆိုတော့ မဟုတ်ဘူး ရေပဲ ၊ အဲဒီလိုပြောတော့ သူကသိပ်မကျေနပ်ချင်ဘူး။

စင်ပေါ်လည်းရောက်ရော ကျနော်တို့ အားလုံး မြောက်လိုက်တာ ဆိုတာ .. အဲဒီ သူဌေးက ဘာပြောလဲ ဆိုတော့ သူ မလေးရှားပြန်ရောက်ရင် မလေး က ဘန်တွေကို မြန်မာပြည်မှာ ဘာ မူးယစ်ဆေးမှ မမှီဝဲဘဲ အသားကုန် မြောက်အောင် တီးနိုင်တဲ့ ဘန်တစ်ခု ရှိတယ်လို့ ပြောမယ်တဲ့။


ဟုတ်တယ်ဗျ အရက်သောက်ထားမှ၊ မူးယစ်ဆေး မှီဝဲထားမှ၊ ကောင်းနေမှ တီးလို့ လမိုင်းကပ်တယ် ဆိုတဲ့ သူတွေ ကို ကျနော် သိပ်ပြောချင်တာပဲ။ မူးနေမှတော့ ဘယ်လိုလုပ် ကောင်းနိုင်တော့မှာလဲဗျာ .. မှားကုန် တော့မှာပေါ့။ တစ်ချို့ ချာတိတ်တွေ ပွဲမှ မစသေးဘူး ဒေါင်ချာ စိုင်းနေပြီ .. တီးမယ် ဆိုမယ် ဆိုရင် တစ်မျိုးမျိုး မှီဝဲမှ ဆိုတာကြီးက စွဲနေကြပြီ။

ကျနော်တို့ ထဲမှာဆို ကျနော်၊ ဗညား၊ ချစ်စမ်းမောင်၊ မျိုးကြီး .. အရက်၊ ဘီယာ လုံးဝ မသောက်ဘူး။ ခင်မောင်သန့် နဲ့ အငဲ က တစ်ခါ တစ်လေ ဘီယာလေး နည်းနည်းပါးပါး သောက်တယ် ဒီလောက်ပဲ။


Thank Ko Kha Yan
{Credit}   Original Writer

Leonard Min Maung


No comments:

Post a Comment