Tuesday, April 23, 2019

ဒေဗီ ရဲ့ ဂီတလောက ဖြတ်သန်းမှု ပုံရိပ်


မှတ်ချက် ... ကိုဒေဗီ ကို ရဟန်း ဘ၀နဲ့ ပုဂံဘုရားပွဲ တစ်နေရာမှာ နေမျိုးဆေး အမှတ်တရ ရိုက်ယူခွင့် ရခဲ့တဲ့ ဓါတ်ပုံလေးပါ ။ ( Admin )

သူ့ပုံက ပိန်ပိန်သေးသေး အရပ်ခပ်ပြတ်ပြတ် ပုဆိုးရှည်ရှည်နှင့် အကျီင်္ အဖြူကိုသာ ဝတ်တတ် သည်။ အသက်က ၃၅ - ၄၀ ခန့်ရှိမည်ထင်သည်။

အသားက ညိုယုံမက မည်းသည်ဟုပင် ဆိုနိုင်သည်။ လမ်းလျှောက်လျှင် ဆံပင်ကို လက်နှစ်ဖက် ဖြင့် ခါခါပြီးလျှောက်လေ့ရှိသည်။

၁၉၈၉ တစ်ဝိုက် ကျွန်တော်တို့ အိမ်ရှေ့တွင် ပိုက်ကျော်ခြင်း ကစားနေရာမှ Right here waiting for you သီချင်း ဂီတာ solo သံကို ကျွန်တော်ကြားလိုက်ရသည်။ ပထမ ကက်ဆက်ထင်မိသည်။ရပ်လိုက် အသံစမ်းလိုက် လုပ်နေမှ တစ်ယောက်ယောက် တီးနေမှန်း သဘောပေါက်လိုက်သဖြင့်
" မင်းတို့အိမ် ဘယ်သူရောက်နေတာလဲကွ။ ဂစ်တာတီးသံ ကြားတယ် " ဟု သူငယ်ချင်းကိုမေး လိုက် မှ ကိုဒေဗီ ဖြစ်ကြောင်း အင်္ဂလိပ်စာ သင်ကြောင်း သိရသည်။


ဒေးဗစ် မဟုတ် ဒေဗီ ဆိုသော အမည်ကို ကောင်းကောင်းကြားဖူးသည်ဟု စဉ်းစားနေမိသည်။
အိုး ဟုတ်ပြီ ။ ခိုင်ထူး ၏ ရွှေလည်တိုင် အခွေမှာ ကိုသန်းဌေးနှင့် သီချင်းပေါင်းရေးသော ဒေဗီ ဖြစ်ပေလိမ့်မည်။ ထိုစဉ်က ခိုင်ထူးမှာ တေးရေး ကိုနေဝင်းနှင့် လမ်းခွဲပြီ ဟူ၍ ဂီတ ချစ်သူတွေ ကြားမှာ သတင်းထွက်နေချိန်ဖြစ်သည်။ 

ထို့ကြောင့် သူနှင့် သန်းဌေးရေးသော တစ်ယူသန် ပညာရှင်ကြီး ဆိုသည့် သီချင်းသည် ကိုနေဝင်း ကို စောင်းရေးသည်ဟု သတင်းထွက်ခဲ့သည်။ ဟုတ်မဟုတ်တော့ ကျွန်တော်မမေးခဲ့။


သူက စကားပြောလျှင် တိုးတိုးလေးပြောသော်လည်း သီချင်း ဆိုလျှင် အသံ အတော်စူးသည်။လသာသော ညများတွင် ဝရံတာမှာ ကျွန်တော့ကို ဂစ်တာ တီးပြလေ့ရှိသည် ။ သူ့ဂစ်တာက ထွင်းအိုးလေး။ ပိုင်ရှင်လိုပင် အသံ အတော်စွာသည်။



သူက သူရေးထားသည့် သီချင်းတွေ တီးပြသည်။ ခုထိ မှတ်မိနေသည့် စာသားက
" အတူတူနေမယ် လို့ နားခိုရာ ကဗျာတပုဒ်ပေါ့ အမေ့အိမ်ပြန်ရောက်ဖို့ ခေါင်းလောင်းထိုးနေပြီ "။
ထိုသီချင်းကို သူအတော်ကြိုက်ပုံရသည်။ မကြာခဏဆိုလေ့ရှိသည်။ plucking အမြန်တီး ဆို ရသော သူ့ သီချင်းတွေကို ကျွန်တော် အတော်နှစ်သက်ပါသည်။


သို့ရာတွင် ငြိမ်းသာ အတွက် သီချင်းတစ်ပုဒ် ဟူသော သူ့အခွေ ထွက်လာချိန်မှာ ခွက်ခွက် လန် အောင် ရှုံးပါသည်။ လူလည်း သိပ်မသိလိုက်ပါ။ သူ၏ ငြိမ်းသာ ကို လူချင်း ကျွန်တော် ရင်းနှီး ခဲ့ရပါသည်။ 

ကျွန်တော်က လူပျိုပေါက်အရွယ် ဂီတကို ရူးသွပ်နေသူချိန်။ သူသည် ကျွန်တော်၏ ဟီးရိုးဖြစ်ခဲ့ ဖူးသည်။ ထိုအချိန်က သူ ကျော်ဟိန်း အတွက် စီးရီးတစ်ခွေစာရေးပေးနေရသည်။

ကျော်ဟိန်း အခွေလည်း မပေါက်ပါ။ အခွေနာမည်ကား မေ့နေသည်။ သူ့သီချင်းတွေက ဖလော် တွေများသည်။ ကျော်ဟိန်းလည်း ဒွန် ဟူသော အမည်ဖြင့် တစ်ကိုယ်တော် စတိတ်ရှိုးလုပ်၍ သူ့သီချင်းတွေ ဆိုပြီး ဆွဲတင်သေးသည်။ မှတ်မှတ်ရရ အောင်ဆန်းကွင်းတွင် လုပ်သော ထို စတိတ်ရှိုး ၌ ကျော်ဟိန်း စင်ပေါ်သို့ ဆိုင်ကယ်ကြီးမောင်းတက်လာသည်။ သို့ရာတွင် ထိုစီးရီး မပေါက်ပါ။



အရာရာကို စိတ်ပျက်သွားပြီထင်သည်။ သူကျွန်တော်တို့ အိမ်ရှေ့အိမ်မှ တိတ်တစ်ဆိတ် ထွက်ခွာ သွားသည်။ အိမ်ရှင်တွေပင် မသိ။ အဝတ်အိပ်တစ်လုံးစာဖြင့် ထွက်သွားခြင်းဖြစ်သည်။ သူ့ ဂစ်တာ ပင် ယူမသွား။

သူ့ဘဝ အကြောင်း သိသူ သိပ်မရှိလှပါ။ ကျွန်တော်မေးသောအခါများတွင်လည်း စီးကရက်ခဲ၍ ပြုံးကြည့်နေတတ်ပါသည်။ ထိုအကြည့်ကို ယခုတိုင် ကျွန်တော် ဘာသာပြန်၍ မရသေးပါ။

ဘုန်းကြီး ဝတ်သွားသလိုလို သဲ့သဲ့ကြားလိုက်သေးသော်လည်း မည်သူမှ အတည်မပြုနိုင်ပါ။
ဘယ်ကလာမှန်းမသိ ဘယ်ကိုပျောက်သွားမှန်း မသိသူတစ်ယောက် ပဟေဠိ ပေးသွားသူ တယောက်ဖြစ်ပါသည်။


( ဂီတချစ်သူများသို့ )

Crd ....  
Pho Thaw Dar

No comments:

Post a Comment