Thursday, March 1, 2018

သူငယ်ချင်းရေ (သုမောင်)


Photo


သူငယ်ချင်းရေ ...

ကြောက်ပါနဲ့ကွယ်။ ကြောက်တယ်ဆိုတာ ကြောက်စရာ ကောင်းမှ ကြောက်ရတာပါ။ ငါက ကြောက်စရာ ကောင်းတဲ့ သူမှ မဟုတ်ဘဲ။ အေး ... ချစ်စရာ ကောင်းတဲ့လူ တစ်ယောက် ဆိုတာ ကမ္ဘာပေါ်မှာ မင်း အသိဆုံးပါကွယ်။ ဟေ့ ... ခုတော့ ရှက်မနေပါနဲ့။ ငယ်ကြတော့တာမှ မဟုတ်တာ။

မတွေ့တာ ကြာလို့ မင့်ဗိုက်ခေါက် နည်းနည်း ထူလာတာ၊ ဆံပင် ဖြတ်ထားတာ၊ လက်မောင်း နောက်သားတွေ တွဲကျနေတာ ... အဲဒါတွေကြောင့် နင့်ကို မမှတ်မိတော့ဘူးလို့ မထင်လေနဲ့။ မရဘူး သူငယ်ချင်း။ ငါက မှတ်ချင်ရာကို မှတ်ထားတတ်တဲ့ ကောင်။ မေ့ချင်ရာကို မေ့ထားတတ်တဲ့ အရက်သမား။


ပြောရဦးမယ်။ ငါ့ 'သောက်ကျင့်' က တော်တော် ဆိုးနေပြီ။ တစ်ခြား ချော်မတွေးနဲ့။ သောက်တဲ့ အကျင့်ကို ပြောနေတာ။ ခုဆို ငါဟာ အရက် မသောက်ဘဲ ကားမောင်းလို့ မရတော့ဘူး။ မသောက်ရရင် ခြေတုန် လက်တုန်နဲ့။ ပြီးတော့ စောစောက ပြောသလို မှတ်ချင်ရာကို မှတ်မိနေတတ်တယ်။

ခု နင်ဝတ်ထားတာက လူတစ်ကိုယ်လုံး မြွေကြားတစ်ကောင် ပတ်ထားသလို အပေါ်အောက် ဝမ်းဆက်နဲ့ ... ။ နင့်အင်္ကျီက လည်ပင်း တော်တော် ဟိုက်နေတယ်။ အောက်ခြေ ထဘီအကွဲက ဒူးအထက် ရောက်နေ တယ်။ လမ်းလျှောက်တဲ့အခါ မသိမသာ ဘေးဘက် ကားနေတယ်။ မဟုတ်ပါဘူး ...။ ဒါတွေကို မှတ်မိတာ မဟုတ်ပါဘူး။ မှတ်မိတာကို ပြောပြမယ်။


နင် ငါတို့ ကားရှေ့ကနေ လမ်းလျှောက်လာတော့ ဘာရယ် မဟုတ်ဘဲ ငါ ဖျတ်ခနဲ ကြည့်လိုက်တယ်။ ဒါက ငါတို့ တက္ကစီသမားတွေရဲ့ မျက်လုံး အကျင့်ပဲ။ အလုပ်ကိစ္စအတွက် ကြည့်နေကျကိုး။ ဒီမှာတွင် နင့်ကိုငါ ချက်ချင်း မှတ်မိသွားတယ်။ ဟုတ်တယ်။ လည်ပင်းရဲ့ အောက်ခြေတည့်တည့် ညှပ်ရိုးနှစ်ချောင်း ကြားက ရင်ညွှန့်မှာ လက်သည်းခွံလောက် ရှိတဲ့ မှည့်ကြီး တစ်လုံးလေ။

ဒါဟာ နင့်ရဲ့ ထရိတ်မတ်ပဲ မဟုတ်လား။ ငါ တွေ့ဖူးသမျှ မိန်းမတွေထဲမှာ တော်တော်ရှားတဲ့ အမှတ် လက္ခဏာပေါ့။ (ဒီမှည့်ကြောင့် နင်နဲ့ငါ စပြီး တွေ့ကြတာကိုတော့ ပြန် မပြောချင်တော့ပါဘူး) အေး အဲဒီ မှည့်ကြီး မြင်လိုက်တာနဲ့ နင့်ရုပ်ကို ငါပြန်ဖမ်းမိ သွားတော့တာပဲ။ နင့်ရုပ် တော်တော် ပြောင်းသွားတယ်နော်။ ဒါပေမဲ့ လှတော့ လှတုန်းပဲဟ။ ငယ်ငယ်တုန်း ကလို ဝန်းဝန်း ပြည့်ပြည့်လေး မဟုတ်တော့ပေမယ့် ဝိုင်းဝိုင်း ပြဲပြဲကြီး လှနေတာ။ တစ်ခုတော့ ငါ ချီးကျူးတယ်ဟေ့။ နှာခေါင်းရင်း လောက်ထိ ဆက်လုဆက်ခင် ဖြစ်နေတဲ့ နင့်မျက်ခုံး နှစ်ခုကတော့ ခုထိ မပြောင်းသေးဘူး။ နင်တို့လို လူမျိုးတွေဟာ မျက်ခုံးမွေးတွေ နုတ်ပစ်ရတယ်ဆို။




ဟဲ့ ဟဲ့ ... ဘာလို့ ရှောင်ပြေးရတာလဲ။ မဟုတ်ဘူးလေ။ ငါ့ရှေ့ရောက်မှ ဘာဖြစ်လို့ ချာခနဲ လှည့်ထွက် သွားရတာလဲ။ နင်ရယ်မှ မဟုတ်ဘူး ငါတို့ ကားသမားတွေဟာ နင့်လိုမျိုး မိန်းမတွေ တွေ့ရင် "ညီမ ဘယ်သွား မလို့လဲ" လို့ မေးနေကျပါ။ နင်မှ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်ကလည်း ငါ့ကို ချက်ချင်းကြီး မှတ်မိသွားတယ် မဟုတ်လား။ ငါသိပါတယ်။ သာလိကာရယ်။

ရယ်တော့ ရယ်စရာ ကောင်းတယ်။ နင် ငါ့ကို တွေ့လို့ ထွက်ပြေးပုံက တစ်မျိုးကြီးပဲ။ ငယ်ငယ်ကဆို ငါနဲ့တွေ့လို့ နင်ထွက်ပြေးပုံက သစ်ကိုင်းကျိုးသံ ချောက်ခနဲ ကြားလို့ ထွက်ပြေးတဲ့ ယုန်ကလေးလို။ ခုဟာက လူတွေ လိုက်ရိုက်လို့ ထွက်ပြေးတဲ့ မြွေကြီးလို။

နင် ငါ့ကို ဘာလို့ ကြောက်သွား ရတာလဲ။ ငါက ဒရိုင်ဘာပဲ။ အငှားယာဉ်မောင်းနဲ့ ခရီးသည်လို စိတ် သန့် သန့် ထားနိုင်ရင် ပြီးတာပဲ မဟုတ်လား။ ခုတော့ နင်က ငါ့ကို ဒရိုင်ဘာလို့ သဘောမထားဘဲ ထွက်ပြေး တယ်။ နင် မရိုးသားဘူးဟေ့။

တစ်ကယ်ဆို နင်မစီးချင်ရင် ခေါင်းခါ ပြလိုက်ရုံပေါ့။ စီးမယ်ဆိုလည်း သွားမယ့်နေရာ ပြော ဈေးဆစ်ပေါ့။ မတတ်သာတဲ့ အဆုံးကျတော့လည်း ဟီးဟီး ဟဲဟဲနဲ့ ရူးသလိုလို ပေါသလိုလို နေလိုက် ပြီးတာပဲဟာ။ ခုတော့ နင့်ဟာက ...

ဒါပေမဲ့ ဘယ်ရမလဲ၊ နင်လည်း ငါ့အကြောင်း အသိသားနဲ့ ကားပေါ်က ဆင်းပြီး နင့် နောက် လိုက်ခဲ့တာပေါ့။

ဘာလဲ။ နင်က ရှက်တယ်ပေါ့ ဟုတ်လား။ ငါပါဟာ တစ်ခြား ယောက်ျားတွေတောင် မရှက်ဘဲ ငါ့မှ ရှက်နေ တယ်လို့။

"ဟေ့ကောင် (ခေါ်နေကျအတိုင်း ငါခေါ်တာ) နင် ဘယ်သွားမလို့လဲ"

နင် ပြန်မဖြေဘူး ...။ နံဘေး နံဘီကို ကျီးကန်းတောင်းမှောက် ကြည့်တယ်။ ကြည့်မနေနဲ့ဟေ့။ ငါ့ဝန်းကျင်မှာ တက္ကစီသမားတွေ ချည်းပဲ။ ဘာမှ ရှက်စရာ မလိုဘူး။

ငါ သိပါတယ်ဟာ။ နင် ငါ့ကို သံယောဇဉ် မကုန်သေးပါဘူး။ ဒါကြောင့် မထူးဇာတ် ခင်းပြီး နင့်လက်ထဲက ခြင်းတောင်းကို ငါဆွဲယူ လိုက်တယ်။ နင်လည်း ပြူးပြူးပျာပျာနဲ့ ငါ့နောက်ကို ပြန်လိုက်ခဲ့တယ်။ ကားရှေ့ခန်းမှာ ဝင်ထိုင်တယ်။

အောင်မယ် ... ကားထွက်လို့ ဓာတ်တိုင် တစ်တိုင် မပြည့်သေးဘူး။ နင့်အချိုးက ပြောင်းပြီ။ စောစောက ကြောက်တာ၊ ရှက်တာတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ ဘာတဲ့။

"နင် မကောင်းဘူးဟာ" တဲ့။

"ငါလည်း ခရီးသည် မျှော်နေတာ။ ငါ ဒီနေရာမှာ အမြဲ ဂိတ်ထိုးတယ်။ နင့်ကိစ္စ ရှိရင်လည်း ဒီကိုလာခဲ့၊ ငါ့ကားနဲ့ပဲ သွားပါ။ ငါ့ကားက စိတ်ချရပါတယ်"
"အေးပါ နောင်ဆိုရင် နင့်ကားပဲ အမြဲသုံးမယ်။ ခုတော့ ရုတ်တရက်ကြီး ပြန်တွေ့ရတာ ဆိုတော့"
"နင်ကလည်း မမေ့သေးဘူး ဆိုပါတော့"
"တစ်ခါတလေတော့ သတိရပါတယ်ဟာ"
"ဘာလဲ မောင်အရင်လို မဟုတ်တော့ဘူးပေါ့လေ"

ပြောပြောဆိုဆို နင်က ငါ့ပခုံးကို လှမ်းပုတ်တယ်။ နင့်လက်သည်းတွေက ရွှေရောင် ဆိုးဆေးတွေနဲ့။ ဒါပေမဲ့ အရေပြားတွေ နည်းနည်း တွန့်နေတယ်။ ငါ စိတ်မကောင်းပါဘူးဟယ်။

ငါမှတ်မိသေးတယ်။ နင့်အိမ်က ငါနဲ့ သဘောမတူဘူး ပြောလို့ ငါ့ပခုံးပေါ် မျက်နှာအပ်ပြီး ငိုခဲ့တာ။ နင့်လက်ကလေးကို ငါကိုင်ပြီး ချော့ခဲ့တာ။ အဲဒီတုန်းက နင့်လက်ကလေးတွေက ဖောင်းအိလို့၊ လှလိုက်တာ။

"ငါတို့ နောက်ဆုံး တွေ့ခဲ့တဲ့ ညက ငါက ပြောတယ်လေ။ နင့်ကို သနားတယ်လို့"
"အေးလေ ငါလည်း နင့်ကို သနားတယ်။ ငါနဲ့ တစ်ခါတည်း လိုက်ခဲ့ပါလားလို့"
"အေးနော် ... အဲဒီတုန်းကသာ ငါ နင့်နောက် လိုက်ခဲ့ရင် ခုဆို ငါဟာ အနည်းဆုံး ဒရိုင်ဘာကတော် လောက်တော့ ဖြစ်နေပြီ"

ငါတို့ တစ်ယောက် လက်ကို တစ်ယောက် ကိုင်လိုက်ကြတယ်။

"ဟယ် နင့်လက်ဖဝါးက ကြမ်းနေပါလား။ ငါတောင် တွန့်သွားတယ်"

ပြီး နင်က တခစ်ခစ် ရယ်တော့ နင့်လည်ချောင်းသံက ခြောက်ကပ်ကပ်ကြီး ပါလား။

"နင် မှတ်မိသေးလား။ အဲဒီ ညက ငါ့တစ်ကိုယ်လုံး နင့်ကို ပုံအပ်တော့ နင်က ပြောတယ်လေ။ အချစ်ဆိုတာ ရယူခြင်း မဟုတ်ဘူး။ စွန့်လွှတ်ခြင်းတဲ့"
"အေးလေ အဲဒီတုန်းက ငါက စာရူး ကဗျာရူးကိုး"
"ခုတော့ကော"
"မော်တော်ကားရူး ဖြစ်နေပါပြီဟာ"

တို့ ရယ်ကြတယ်။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောကြရတာ အိပ်မက်ထဲမှာ ခွေးကိုက်ခံရ သလိုပဲ။ မနာပေမဲ့ အော်နေရတယ်။

"ကိုင်း ဆို နင့်ကို ဘယ်လိုက်ပို့ရမလဲ"
"အိမ်အထိတော့ လိုက်မပို့ပါနဲ့ဟာ။ နင်တို့ ကားသမားတွေက မိတ်ဆွေ ပေါတယ်။ ငါသွားမယ့် အိမ်က နင့်အသိ ဖြစ်နေရင် ခက်မယ်"
"သိတော့တာ ဘာထူးမှာလဲ"
"ရှက်တယ်ဟ"
"အလကား နောက်တာပါဟာ ကိုင်း နင်ဘယ်နား ဆင်းမလဲ"
"ဝင်ဒါမီယာထိပ်မှာပဲ ဆင်းမယ်"

ဦးဝိစာရ လမ်းတစ်လျှောက်လုံး ငယ်ငယ်က အချစ် အကြောင်းတွေ ပြောလာခဲ့ကြတယ်။ ကန်တော်မင် ပန်းခြံနား ရောက်တော့ နင်က ငါ့ပေါင်ကို လှမ်းပုတ်ပြီး "မှတ်မိသေးလား" လို့ မေးတယ်။ ငါက တွန့်သွား တော့ နင် ခုထိ ယားတတ်တုန်းလားတဲ့။ နင်က မှတ်မိသားပဲနော်။

သံလွင်လမ်းထိပ်မှာ ကားရပ်တော့ ငါ့ပါးကို လှစ်ခနဲ တစ်ချက်နမ်းပြီး နင်ကားပေါ်က ဆင်းတယ် ...။

"ဟေ့ ... နေဦးလေ"
"ဘာလဲဟ"
"ကားခ"

နင် ပထမ အံ့ဩသွားတယ်။ နောက်တော့ မထေ့တထေ့ ပြုံးတယ်။

"ဘယ်လောက်လဲ"
"သူများတွေ ဆိုရင်တော့ နှစ်ထောင်လောက် ယူတယ်။ နင်တော့ ... ကြည့်ပေးပါဟာ"

နင့်လက်ထဲက ငါးရာတန်ကိုပဲ မျက်စိမှိတ် ယူလိုက်ရတယ်။ ပိုက်ဆံကို ကားအဖုံးထဲ ထည့်ပြီး နင့်ကို လှည့်ကြည့်လိုက်တော့ နင် ကျောခိုင်း ထွက်သွားပြီ။ ငါ့မှာ စကားတွေ ကျန်သေးတယ်ဟာ။ ဒါပေမဲ့ နင့်ကို လှမ်းပြီး မခေါ်တော့ပါဘူး။

ငါသိပါတယ်။ တစ်ကယ်လို့ နင် လိုင်းကားစီးပြီး လာရင် အလွန်ဆုံးကုန်လှ နှစ်ရာပေါ့။ ခုတော့ နင် ငါးရာ ကုန်သွားပြီ။ ငါလည်း တစ်ထောင် နစ်နာသွားပြီ။ တစ်ကယ်တော့ နင် ငါးရာ ကုန်သွားတာ မဟုတ်ပါဘူး။ ငါက နင့်ကို တစ်ထောင် ပေးလိုက်တာပါ။


ဒါပေမဲ့ဟာ အဲဒီ ငွေတစ်ထောင်ဟာ ငါတစ်ယောက်တည်းက ပေးလိုက်တာ မဟုတ်ပါဘူး။ ငါရယ်၊ ငါ့မိန်းမရယ်၊ ငါ့သားသမီး သုံးယောက်ရယ် ပေါင်းပြီး နင့်ကို ပေးလိုက်တယ်လို့ မှတ်ပါ။ ငါတို့ ဟာ ဘဝတူတွေပါဟာ။ ငယ်ငယ်က သူငယ်ချင်း၊ အရွယ် ရောက်လာတော့ ချစ်သူ၊ ခုတော့လည်း စီးပွားဖက်တွေပေါ့နော်။


သုမောင်
(ကိုစံလွင်-မစော ဝတ္ထုတိုများ)


No comments:

Post a Comment