Wednesday, November 1, 2017

အနုပညာ ကျန်​​အောင်​ ကြိုးစားခဲ့သူ { စောဘွဲ့မှူး }





*ဆရာမ မ​အေးကို ချစ်​လို့ပါ  နဲ့ အနီးဆုံးလူ * ကို ထုဆစ်​ခဲ့သူ { သို့မဟုတ်​ } ကျန်​တာ ဘာဖြစ်​ပ​စေ 
အနုပညာ ကျန်​​အောင်​ ကြိုးစားခဲ့သူ ။

 ထူးအိမ်​သင် တက္ကသိုလ်​​ကျောင်းသား ဘဝ ဦးဘွဲ့မှုးရဲ့ ကက်​ဆက်​တိတ်​​ခွေကို နား​ထောင်​ရင်းကို
ကက်​ဆက် ​တိတ်​​ခွေ ထိုင်​ကန်​​တော့မိခဲ့ဖူးတယ် ​တဲ့ ။ သူ့ရဲ့ ပညာ သူ့ ဖန်​တီးမှု စွမ်းအား ဘယ်​​လောက် 

ရိုက် ​ချက်​ပြင်းလဲဗျာ ။ ဒါ​ကြောင့်​ ဒီလို ပုဂ္ဂိုလ်​မျိုးကို တစ်ကူး တစ်က ထပ်​လိုက်​ရှာပြီး ထပ်​ ဂုဏ်​ပြုဖို့ မသင့်​ဘူးလားဗျာ ။
ဆရာစောဘွဲ့မှုး အကောင်းဆုံး ဖန်တီးမှု တစ်ခုကတော့ Iron Cross ခေါင်းဆောင်၊ ချစ်စမ်းမောင် ကို 
သင်ကြား မွေးထုတ် ပေးနိုင်ခြင်းပါပဲ ။ Iron Cross တေးဂီတ အဖွဲ့ဟာ ဘုရားထံ ဦးစွာ ဆုတောင်းပြီးမှ 
စတင်ဖြေဖျော်လေ့ ရှိပါတယ်။ ခရစ်ယာန် မဟုတ်တဲ့ အဖွဲ့သားတွေလည်း လက်ခံကြပါတယ်။ 

ဆရာစောဘွဲ့မှုး မူးယစ်ဆေးဝါး သားကောင် ဘဝမှာ ဆေး-ဘယ်လိုဖြတ်ဖြတ် မရပါဘူး။
နောက်ဆုံး ခဝဲခြံ၊ အင်းစိန်က Y.C Young Crusader သင်းအုပ်ဆရာကြီး ဒေးဗစ်ရိုးမို (ကွယ်လွန်) က ဘုရားထံ အပ်နှံပြီး မူးယစ်ဆေးဖြတ်ပေးနိုင်ခဲ့ပါတယ်။


ဟင်္သာတ ဖက်က ရောက်လာတဲ့၊ ချစ်စမ်းမောင်ကို သူ့ရဲ့ တပည့် အဖြစ်လက်ခံပြီး ဂီတပညာ၊ အစ-အဆုံး အကုန်လုံး ပေးခဲ့ပါတယ်။ ထူးချွန်တဲ့ တပည့်ဖြစ်သူက ဂီတပညာ၊ ဘုရား ကိုးကွယ်ခြင်းတွေ အမွေ ဆက်ခံနိုင် ခဲ့ပါတယ်။ ဂီတ၊ ရုပ်ရှင် ပညာရှင်များဟာ ဘုရား ကိုးကွယ်မှု အားကြီးသူများ ရှားပါးကြပေမယ့်
ဆရာစောဘွဲ့မှုးက အလွန် ဘုရား၊ တရား ကိုင်းရှိုင်းသူဖြစ်ပါတယ်…။
မြန်​မာ့ စတီရီယို ဂီတ လောက မှာ ရှမ်း ဂီတ စာဆို စိုင်းခမ်းလိတ် ဟာ သူ့ရဲ့ များပြားလှတဲ့ သီချင်း ဇာတ်
လမ်း ဖွဲ့မှုတွေနဲ့ နာမည်ကျော်ခဲ့သလို သီချင်းများက တစ်ဆင့် ပုံဝတ္ထု ဇာတ်လမ်းတွေ အများအပြား ပြောပြခဲ့သူ ။

နောက်တစ်​ဦး ကတော့ ကရင် ဂီတပညာရှင် စောဘွဲ့မှူး လို့ ဆိုနိုင်တယ်။ နေ့စဉ် လူမှု ဘဝထဲမှာ သူသူ ငါငါ ကြုံတွေ့ရတတ်တဲ့ လူ့ သဘာဝ ဖြစ်ရပ်လေးတွေ၊ သင်ခန်းစာ ယူစရာ သံဝေဂ ရစရာလေးတွေ အကြောင်းရာစုံကို သူဖွဲ့သွားနိုင်ခဲ့တယ်။

လောက ဇာတ်ထုပ် မျိုးစုံကို လှစ်ဟပြခဲ့တာ ဖြစ်တာကြောင့် သူ့ဖွဲ့သမျှ ဟာ ကိုယ်တွေ့တော့ မဖြစ်နိုင်ပါ။
ဒါပေမယ့် အငှား ခံစား ဖွဲ့သီ ပုံဖော်နိုင်စွမ်းတဲ့ အနုပညာ အားကောင်းတော့ သူ့ရဲ့ သီချင်း ဇာတ်လမ်းတွေ
တိုင်းက ခံစားမှုရသ ကို ပေးနိုင်စွမ်းတယ် ။ အသိတရား အမြင် တွေ့ရှိမှု တစ်ခုခုကိုလမ်းညွှန် နိုင်စွမ်းတယ်။
မပြည့်စုံတဲ့ အစိုးရ ဝန်ထမ်း သားသမီး ဘဝ ခံစားမှု ဇာတ်လမ်း
“ပျော်တာပေါ့ အမေရယ်” ။ လူကြမ်းမင်းသား၊ စတန့်မင်းသား တစ်ယောက် ဘဝ
“သုခုမ ရဲ့ကျေးကျွန်ကြီး”။

တောထဲတောင်ထဲက ဆင်လုပ်သား သစ်ထုတ်ရေးသမားများ အကြောင်း
“ရိုးမရဲ့ညနေ”။

အိမ်ထောင်ရေး အဆင်မပြေတဲ့
မိဘ ရဲ့ သားသမီး ခံစားချက် “ ခရစ္စမတ်ကိုကြောက်တယ်” ။

လူ့လောက နဲ့ အံချော်နေတဲ့ စည်းအပြင်ကလူ ဘဝ ဖော်ကျူး
“ကြက်ခြေခတ်”၊ “မှားတဲ့ဘက်မှာ နေကြည့်မယ်” ။

လမ်းပေါ်က မိဘမဲ့ ကလေးငယ် “ဆိုးပေ”။
တောသားမြို့ရောက် ရဲ့ အချစ် သင်ခန်းစာ “ အေးပုံကို ချစ်တယ် ” ။

မိဘနဲ့ ဆန့်ကျင် လျှောက်လမ်းခဲ့ရတဲ့ ဂစ်တာသမား ဘဝ “ ဂစ်တာ လူ လေး”
(ဒီသီချင်းက မြန်​မာပြည်​သိန်းတန်​ရဲ့ အ​ကြောင်း ​ရေးထားတာလို့ ​ပြောပါတယ်​)။

ဘဝရဲ့ အနိမ့်အမြင့် လောကဓံ “ လေကြောင့် ငွေကြောင့် မလွင့်ပါ ” ။ 
အငှား စိတ်ကူးယဉ် တွေးတော.. အများအတွက် ဖျော်ဖြေ ရေးသားပေးနေရတဲ့ သီချင်းရေး ဆရာ၊
စာရေးဆရာ ရဲ့ ချို့ငဲ့တဲ့ ဘဝ ပုံဖော် “ မောတယ် ”။

မြန်​မာပြည် အခြေအနေ နောက်ခံမှာ ချဲ့ထွင် စဉ်းစားစရာ အများကြီး ပေးနိုင်တဲ့ အတွေးတစ်ခု ကို 
“ ကျားဟာ ကျားလို နေဖူးရဲ့လား ” ဆိုကာ အံမဝင် ခွင်မကျ နေရာမှား အချုပ်နှောင် ခံနေရရှာတဲ့
တိရစ္ဆာန်ရုံ မြင်ကွင်းလေးနဲ့ ပုံဖော်တဲ့...
“တောပန်းချီကား”။

တင်စားဖွဲ့နွဲ့ခံ အမျိုးသမီး နာမည်များ အမျိုးမျိုးနဲ့ အချစ်သီချင်း အမြောက်အမြား အစရှိတဲ့ မဆုံးနိုင်တဲ့ စာ
ရင်းရှည်ကြီး ရပါမယ်။
လူ့လောက အကြောင်း အဖွဲ့ကောင်းခဲ့သူ ပုံပြော ဆရာကြီး စောဘွဲ့မှူး ရဲ့ ဂီတ ဘဝကို ပြန်သုံးသပ်ရင်
အရေး၊ အဆို၊ အတီး၊ ဂီတမှူး စွယ်စုံ ရမှု က သူ့ရဲ့ ထူးခြားတဲ့ ပါရမီလို့ ဆိုရပါမယ်။ သူ လုပ်ခဲ့သမျှ ဂီတ
အလုပ် အားလုံးဟာ အနုပညာ အရ၊ ဂီတ သဘောအရ အောင်မြင် လူလေးစား ခံခဲ့ရတယ်။





တေးရေးမှာ ဆိုရင် ကိုယ်ပိုင်သံစဉ်၊ နိုင်ငံခြား သံစဉ်မှီး သီချင်း အမျိုးစားစုံ ရာချီ ရေးခဲ့ပြီး အပုဒ်တိုင်း လိုလို လူကြိုက်များခဲ့တယ်။ တစ်ချို့ သီချင်းတွေက စထွက်စဉ်မှာ ခေတ်ကာလ လူအများ နားဝင် လွယ်တဲ့ ဂီတ ပုံစံမျိုး မဟုတ်ဘဲ ခေတ်ကိုကျော်နေလို့ မအောင်မြင်ခဲ့တာမျိုးတွေ ရှိခဲ့ပေမယ့် နောက်ပိုင်း (၁၀/၁၅) နှစ်ခြား ပြန်ဆိုကြရင် သီချင်းတိုင်း လိုလို ပေါက်သီချင်းဖြစ် ပရိသတ် ခံတွင်းတွေ့ကြတာချည်းပါပဲ။
၁၉၉၀ ခုနှစ်များ ရဲ့ ရော့ခ် ပရိသတ် လူငယ်များဟာ စောဘွဲ့မှူး ရေး သီချင်း အများစုကို သူ ဆုံးပြီးချိန် သူ့ 
အမှတ်တရ ပြန်ဆိုကြတော့မှ ကြားဖူးခဲ့ကြတာ များတယ်။

သူရေး ရော့ခ် အပြင်းစား သီချင်းမျိုးကို ကြားရချိန်မှာ လူငယ်များ အံ့သြတုန်လှုပ် ဖျားကုန်ကြတယ်။ 
ကိုယ်ပိုင်သံစဉ် ကိုပဲ ဒီလို နိုင်ငံတစ်ကာ တန်းဝင် အီလက်ထရောနစ် ဂီတ သီချင်း အပြင်းစားတွေ သူ ဘယ် ခေတ် က ဖန်တီးခဲ့ပြီး ဘယ်သူတွေ ဆိုခဲ့သလဲ၊ ဘာ့ကြောင့် မအောင်မြင်ခဲ့သလဲ၊နှမြောတသ ဖြစ်ကြတယ်။
တစ်ကယ်လည်း သူဟာ အနောက်တိုင်း ဂီတစနစ် အခြေခံသီချင်း ပုံစံမျိုးစုံကို ကိုယ်ပိုင် ဂီတ အဖြစ် စုတုပြုရင်း ကိုယ်ပိုင်ဟန် ဖန်တီးနိုင်ခဲ့တယ် ။

တစ်ချို့ သီချင်းတွေက ခေတ် နဲ့ သိသိသာသာ လမ်းခွဲ ထွက်ခဲ့ပြီး ခေတ်ကို ဦးဆောင်ခဲ့တယ်။
မြန်မာသံ စစ်စစ် သီချင်းတွေလည်း သူ ရေးခဲ့ဖူးတယ် လို့ သိရတယ်။
ဂစ်တာ အတီသမား တစ်ယောက် အနေနဲ့လည်း သူဟာ နိုင်ငံတစ်ကာ ကို အမြဲ မျက်ခြည် မပြတ် စောင့်ကြည့် လေ့လာ သင်ယူရင်း တီးဟန်၊ တီးကွက် အသစ်တွေ မြန်​မာပြည်မှာ စွန့်ဦး တီထွင် လမ်းကြောင်းပေးခဲ့သူ တစ်ဦးပါ။

စောဘွဲ့မှူး ကို ၈၀ ခုနှစ်များ ရဲ့မြန်​မာ့ ထိပ်တန်း ဂစ်တာ သမား တစ်ယောက်လို့ ဂီတ လောကသားများ အ
ငြင်းပွားဖွယ် မရှိ လက်ခံခဲ့ကြတယ်။

သူ့ရဲ့ ဂစ်တာသမား ဘဝ၊ ဂီတမှူး ဘဝဟာ ၁၉၇၀ နှစ်များ ကတည်းက စခဲ့ပြီး ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ၊ တေးစုပေါင်းများစွာ မှာ ဂီတ ဖန်တီး စီမံ ပါဝင်ခဲ့တယ်။ မြန်​မာပြည်ရဲ့ အထင်ကရ တေးဂီတ အဖွဲ့ အရေ အတွက် အများအပြားကို (နောက်ဆုံး Iron Cross အထိ) ဦးဆောင် ထူထောင်ပေးခဲ့သူလည်း ဖြစ်
တယ်။

လူငယ် အဆိုတော်ပေါင်း မြောက်မြားစွာ၊ ဂစ်တာသမားပေါင်း များစွာ၊ အခြား ဂီတ အတီး ပညာရှင်ပေါင်း များစွာ ကိုလည်း လေ့ကျင့် သင်ကြား မြေတောင်မြှောက်ပေး ခဲ့သူ၊ အောင်မြင်မှု လမ်းကြောင်းပေါ်
တွန်းတင် ပေးခဲ့နိုင်သူပါ။။
ကိုယ်တိုင် အဆို အနေနဲ့လည်း တစ်​ကိုယ်တော် တေးစု တစ်ခု နဲ့ အုပ်စုတေး တစ်ချို့ ဓမ္မ တေးစုများမှာ
သီဆို ခဲ့ပါသေးတယ်။

တစ်​ကိုယ်တော် ကိုယ်တိုင် ရေး/ဆို တေးစု “ သီချင်းပြောသော ပုံပြင်များ ” ဟာ စီးပွား သဘော မအောင်မြင်ခဲ့ပေမယ့် အနုပညာ အရ အောင်မြင်ခဲ့တယ်။ 

ဂီတ ဝါသနာကြီးသလို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိ၊ တော်သူတွေ ဖြစ်လေ့ ရှိတဲ့ အတိုင်း ကိုယ်တိုင်ဆို အခွေ ထုတ်ရာမှာ ဂီတပုံစံ အမျိုးစားစုံ စုပြုံ ထည့်လိုက်လို့သာ ၁၉၈၀ ခုနှစ်များ အဲ့ဒီ တေးစု ထွက်ချိန် ဈေးကွက်မှာ အဝယ် မလိုက်ခဲ့ပေမယ့် အခွေပါ သီချင်း အများစုဟာ တစ်ပုဒ်ချင်း အနေနဲ့ နောက်ပိုင်းမှာ အဆိုတော် အများအပြား ပြန်ဆိုကြရင်း ပရိသတ်အကြိုက် ဖြစ်ခဲ့တာပါပဲ။
အဲဒီ တေးစု ကို အခု အချိန် မှာ ပြန်နားထောင်ကြည့်ပါ။ ရော့ခ်၊ ပေါ့၊ ဒစ္စကို ကနေ အဲ့ဒီခေတ် နားမယဉ်သေးတဲ့ ရက်ပ် သီးချင်းဆန်ဆန် ပုံစံ အထိ ရသစုံ ပေးနိုင်တာကို တွေ့ရပါမယ်။

ဒါ့အပြင် သီချင်းစာသား အကြောင်းအရာပိုင်း ကိုကြည့်ရင်လည်း “ သီချင်းပြောသော ပုံပြင်များ ” ဆိုတဲ့ အ
တိုင်း သီချင်း ဇာတ်လမ်း အမျိုးမျိုး နဲ့ လူ့ ဘဝ အမော၊ အသော၊ အလွမ်း၊ အဆွေး၊ ချစ်ခြင်း မေတ္တာ အဖုံဖုံ ကို
ပုံဖော် ဖွဲ့နွဲ့ခဲ့တယ်။
ဒီလို ရေး/ဆို/တီး/ဂီတ စီမံတဲ့ အပြင် သူဟာ ဂီတ ဝေဖန်ရေး ဆရာ အဖြစ်လည်း မြန်​မာ ဂီတ လောက နဲ့
 တေးစုတွေကို သုံးသပ်တဲ့ စာတွေ ရေးခဲ့ပါသေးတယ်။ ဂီတ နဲ့ ပတ်သက်သမျှ အနုပညာရပ်ပိုင်း ဆိုင်ရာ 
အလုပ်မျိုးစုံ လုပ်သွားခဲ့သူလို့ ဆိုရပါမယ်။
သူ့ရဲ့ အစောပိုင်း လူငယ် ဘဝ ဂီတလောက စတင်ခြေချချိန်ကို ခြေရာကောက် လိုက်ကြည့်ရင် စတီရီယို
 ခေတ်ဦး ၁၉၇၁/၇၂ တစ်ဝိုက် စိန်သစ် ရဲ့ အခွေမှာ သူရေး သီချင်း တစ်ချို့ ပါခဲ့တယ်လို့ သိရတယ်။ ဘာသီချင်းတွေ ဆိုတာတော့ အတိအကျ လိုက်လို့ မရသေးပါဘူး။ အဲ့ဒီ အချိန် သူ့ အသက် ရှိလှ ၁၆/၁၇ ပေါ့။ 

အဲ့ဒီလို အရွယ် ငယ်ငယ် နဲ့ပဲ ဂီတ ပါရမီ ကို ပြနိုင်ခဲ့သူပါ။ အဲ့ဒီတုန်းက ငယ်နာမည် “ ဇော်ဝင်း ” အပြင်
အနုပညာ အမည် အဖြစ်“ ဇာလှိုင်း ” ကို သုံးစွဲခဲ့ချိန်ပါ။
အသက် (၂၀) ကျော် အရွယ် ၁၉၇၆/၇၇ တစ်ဝိုက်မှာ မိတ်ဆွေ ဂစ်တာသမား စိုးစိုး (လွှမ်းမိုး) ရဲ့ “မအေးကို ချစ်လို့ပါ (ဇင်မ/ ကျွန်းဆွယ် စမ်းစမ်းအေး) စုံတွဲ ” တေးစုမှာ နောင် မြန်​မာ့ ကိုယ်ပိုင်သံစဉ် စတီရီယို သီချင်းကဏ္ဍမှာ ဂန္တဝင် တွင်စေမယ့် သီချင်းများကို ဖန်တီးပေးခဲ့နိုင်တယ်။ နောက်ပိုင်း တစ်လျှောက်လုံးလည်း
အဆို​တော်​ လွှမ်းမိုး နဲ့ လက်တွဲ ခဲ့ပြီး လွှမ်းမိုး ရဲ့ အောင်မြင်မှုကို ခိုင်မာ စေခဲ့တယ်။

 “မအေးကို ချစ်လို့ပါ”  တေးစုပါ .. “ဘာ့ကြောင့်” တို့၊ “လေကြောင့်ငွေကြောင့် မလွင့်ပါ” တို့ ဆိုရင် ဒီဘက်ခေတ်တွေ အထိ ထူးအိမ်သင် ပြန်လည် သီဆိုမှုနဲ့ အတူ လူကြိုက်များ အောင်မြင်မှု ရခဲ့တယ်။
၁၉၇၈ မှာ ဘိုဘိုဟန် နဲ့ တစ်​ခြမ်းစီ ထွက်ခဲ့တယ် ။ အောင်ရင် ရဲ့ ကိုယ်ပိုင်သံစဉ် တေးစု မှာလည်း 
“ မိုးသိပါစေ ”၊ “နန်းမိုးခမ်း”၊ “လိမ့်ကျရင် မနာဘို့ (အချစ်သမားတော်) ” လို သီချင်းကောင်းတွေ ရေးစပ် ပေးခဲ့ပြီး အဲ့ဒီ သီချင်းတွေ အားလုံး ရေရှည်ခံ ခေတ် အဆက်ဆက် ပြန်ဆိုမှုပေါင်းများစွာနဲ့ လူသိများ ရေပန်းစားခဲ့တယ်။
၁၉၇၈ တစ်ဝိုက် မှာ မြန်​မာ့ ကိုယ်ပိုင်သံစဉ် ရော့ခ် ဂီတရဲ့ ရှေ့ဆောင် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာမယ့်
ဆလိုင်း သွှအောင်၊ ဆလိုင်း ဂျွန်သင်ဇမ်း ရောင်းရင်း နှစ်ဦးနဲ့ အတူ သူတို့ရဲ့ တေးစု တွေမှာ သီချင်း အရေး၊ အတီး၊ ဂီတ စီမံ ခန့်ခွဲမှုတွေ လုပ်ခဲ့တယ်။

ထွက်လာတဲ့ ရလဒ် ကတော့ ကိုယ်ပိုင်သံစဉ် စတီရီယို သီချင်း သမိုင်းမှာ မှတ်ကျောက် တင်ခံနိုင်တဲ့
“ အဆောင်သူရဲ (သွှအောင် နဲ့ တွဲရေး)၊ အငိုနဲ့ မိတ်ဖွဲ့သူ (ဂျွန်သင်ဇမ်း စာသား)၊ စတိတ်ရှိုး ဘုရင်မ၊ အချစ်ရဲ့အားမာန်၊ မှားတဲ့ဘက်မှာ နေကြည့်မယ်၊ ပဲ့ကိုင်၊ ဖေဖေ့ ဒိုင်ယာရီ၊ ဝေးလွင့်ခြင်းရဲ့ နောက်ဆုံးခြေရာ (၂) လို ခေတ်တိုင်း မှာ ကျန်ရစ်မယ့် သီချင်းကောင်းတွေပါပဲ။



သူတို့ တစ်တွေ ငယ်ငယ် ရွယ်ရွယ်ကလေးတွေနဲ့ အများ မိုးခါးရေ သောက်တဲ့ အချိန် လိုက်မသောက် ဈေးကွက် အောင်မြင်မှု ကို မတက်မက်ဘဲ မအောင်မြင်ချင်ရင် နေပါစေ၊ အနုပညာ ကျန်ရင်ပြီးပြီ ဆိုတဲ့
စိတ်ဓာတ် ဇွဲ သတ္တိ နဲ့ ကိုယ်ပိုင် ဖန်တီး ကိုယ်တိုင် လမ်းထွင် လမ်းဖောက်ခဲ့ကြတာဟာ တစ်ကယ့်ကို အံ့သြ ချီးမွမ်းဖွယ်ပါ။
၁၉၈၀ ခုနှစ်များမှာတော့ မြန်​မာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတလည်း အတော့်ကြီးကို အခြေတည်လာ၊
ဂီတပညာရှင်များ လူစုံ၊ လိုင်းစုံ ပေါ်လာပါပြီ။ ကိုယ်ပိုင်သံစဉ်သမား အများအပြားလည်း ဈေးကွက်မှာ အောင်မြင်မှု စရနေကြပါပြီ။

အဲ့ဒီအချိန်မှာ စောဘွဲ့မှူးဟာ စိုးပိုင်၊ လွှမ်းမိုး၊ ကိုင်ဇာ အစရှိတဲ့ အဆိုတော်ကြီးများ အတွက် ပုံမှန် သီချင်းရေးပေးခဲ့သလို အဆိုတော် အသစ်တွေကိုလည်း စတင် တင်ပေးခဲ့တာ တွေ့ရတယ်။
အဲဒီကထဲက အသိအမှတ် ပြုထိုက်တာ တစ်ခုက ထွက်ချိန်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ် မဆိုနိုင်ပေမယ့် နောင် ဂီတသမိုင်းမှာ နေရာပေး ဆွေးနွေးရတဲ့ ပရင့်စ်ဘသော် ရဲ့ “ အရပ်မြင့်မြင့်အချစ်ဆုံး (၁၉၈၂/၃ ဝန်းကျင်) ” အခွေပါပဲ။ 

စောဘွဲ့မှူး တစ်ခွေ လုံး ရေး၊ တစ်ခွေလုံး ဂီတ စီမံ ပေး၊ ဂစ်တာလည်း တီးပေးခဲ့တယ်။ ဂီတ ဖန်တီမှု ထူးခြားသစ်လွင် ကွဲပြားနေတဲ့ အဲ့ဒီ အခွေ ထွက်တော့ ဒေသကောလိပ် ကျောင်းသား ဘဝ ထူးအိမ်သင် နဲ့ သူငယ်ချင်း တစ်စု ဂီတကို ဦးချတဲ့ အနေနဲ့ ကက်ဆက် တိပ်ခွေကို ထိုင်တောင် ကန်တော့ကြတယ်လို့ ကြားဖူးခဲ့တယ်။
နောက်ပိုင်း နှစ်တွေမှာလည်း မဆုံးခင် အချိန်ထိ စောဘွဲ့မှူး ဟာ လူဟောင်းများ အတွက် အပြင် လူငယ် လူသစ် အမျိုးသား၊ အမျိုးသမီး အဆိုရှင် များစွာ အတွက် တစ်​ခွေလုံး ရေးတာမျိုး ဖြစ်စေ၊ တစ်​ခွေလုံး ဂီတ
စီမံပေးတာရယ် ဖြစ်စေ ပြုလုပ်ပေးခဲ့တာ အများအပြား ပါပဲ။
ဥပမာ –
အောင်ရင် ရဲ့ ပထမဆုံး တေးစု မိုးသိပါစေ (၁၉၈၄)၊
သီလ ရဲ့ ပထမဆုံး တေးစု သိမ်းထားမှာလား (၁၉၈၅)၊ 
မျိုးဦး ရဲ့ ကျွန်တ်ာချစ်သော မိန်းကလေးများ တေးစု (၁၉၈၅)၊ 
မျိုးညွန့် + စောဖြူ ရဲ့ ရင်ထဲကမွှေး (၁၉၈၇) လို မျိုးက စလို့
၉၀ ခုနှစ်များ Iron Cross နဲ့ ထွက်ခဲ့တဲ့ အဆိုတော် မင်းသား စိုးသူ ရဲ့ အောင်မြင်မှု အထွတ်အထိပ်ရ
 တေးစုများ နဲ့ IC အဦးကာလ ပင်တိုင် ရော့ခ် အဆိုတော် ထွဏ်းထွဏ်း ရဲ့ ပထမဦးဆုံး မြား၏ပြေးလမ်း (၁၉၉၄) လို အထိ မရေမတွက်နိုင်အောင်ပါပဲ။

ဒီလို ဂီတ အလုပ်မျိုးစုံ ကို အရည်အသွေးမြင့်မြင့် လုပ်သွားခဲ့တဲ့ စောဘွဲ့မှူး ဆုံးတော့ အသက် (၄၀) မပြည့်သေးပါဘူး။ အနှစ် (၂၀)ကျော် သာ ကျင်လည်ခဲ့ရတဲ့ ဂီတလောကမှာ သူ ထားခဲ့တဲ့ အနုပညာ ပစ္စည်းတွေက အံ့မခန်းပါပဲ။



ယခု စောဘွဲမှူး အလွန် အနှစ် (၂၀) မြန်မာ့ ဂီတလောက ကို ကြည့်ရင် “ သူလိုလူ ” “ စွယ်စုံ ဂီတပညာရှင် ”
အများအပြား မွေးထုတ် မပေးနိုင်ခဲ့ပါဘူး။ ဒီလို ရှားပါး ပါရမီရှင်တွေ လူ့ သက်တမ်းစေ့ မနေခဲ့ရတာ
တစ်ကယ့် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။

အကြောင်းမျိုးစုံ နဲ့ ဂီတကြယ်ပွင့်တွေ အကြွေစောခဲ့ရတယ်။ မိုးကျော်၊ ဖိုးချို၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ 
အယ်လ်ဖြူ၊ ဒိုးလုံး အစရှိသလို ပေါ့၊ အများကြီးပါပဲ။



အခု အချိန်မှာတော့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့  သူတို့လို ပါရမီရှင်တွေ အစား အားဖြည့်ပေးနိုင်တဲ့ မျိုး
ဆက်သစ် မပြတ်ရေး အလို့ငှာ ရေခံ မြေခံ အခြေခံ ကောင်း၊ စည်ပင်ဝပြောတဲ့ မြန်​မာ့ ဂီတလောက
 ဖြစ်အောင် ကြိုးစားဖို့ မြန်မာပြည်မှာ မရှိမဖြစ် လိုနေတယ်။

ဂီတနဲ့ နီးစပ်ဖို့ကို အခြေခံပညာရေး အဆင့်က အစ ထည့်သွင်း လမ်းကြောင်းပေးမှုမျိုး လိုနေတယ်။ အ
သက်မွေးဝမ်းကြောင်းနိုင်ဖို့ရာလည်း  စနစ်တစ်ကျ ဂီတ လေ့ကျင့်သင်ကြားပေးနိုင်စွမ်းတဲ့ နေရာတွေ အခုထက်ပို ကျယ်ပြန့်များပြားဖို့ လိုတယ်။ လူငယ်များ ဂီတ အလုပ်ကို ဘဝ အတွက် ပရို အနေနဲ့ ရွေးနိုင်အောင်၊ ရပ်တည်ချင်လာအောင်လည်း ဂီတ စီးပွားလုပ်ငန်း စည်ပင်ရပါမယ်။

တစ်ပါတည်း မြန်မာ့ ဂီတသမိုင်းရဲ့ လေးစား အသိအမှတ်ပြုထိုက်သူတွေကို ဂုဏ်ပြု ထုတ်ဖော် မှတ်တမ်းပြုရင်း အနာဂတ် လူငယ်များကို အားကျ စေဖို့ရာ ဂီတ သမိုင်းစာအုပ်တွေ၊ ဂီတ ပြတိုက်တွေ ရှိဖို့ လိုနေပါသေးတယ်။
လက်ရှိတိုင်တော့ ဒါတွေ အားလုံး အတွက် ဂီတလောကသားများ၊ တာဝန်ရှိ အဖွဲ့အစည်းများ အပြည့်အဝ အကောင်အထည် မဖေါ်နိုင်သေးပါဘူး။
ပါးလျလှတဲ့ လူမှု၊ စီးပွား နိုင်ငံရေး စနစ်နောက်ခံကြောင့် မြန်​မာ့ ဂီတလောကဟာ ငါးပွက်ရာ ငါးစာချမှသာ အသက်ဆက် ရပ်တည်နိုင်တာမို့ ပေါ်ပင် တွေသာ လွှမ်းမိုးနေဆဲ ဖြစ်တယ်။ သမိုင်းတွေ၊ ပထဝီ တွေ၊
မူလ ပထမ တွေ၊ ဆုံးသွားတဲ့ တေးရေးတွေ စိတ်မဝင်စား ငွေကြေးနဲ့ ကျော်ကြားမှု အတွက်သာ သီချင်းဟောင်းများကို ပြန်ဆိုနေကြတဲ့ “ဘာဘာ ဘာမှ မသိ” အဆိုတော်များလည်း ပေါများနေဆဲပါ။ သီချင်းလေး နှစ်ပုဒ် သုံးပုဒ်၊ အလွန်ဆုံး တစ်ခွေလောက်နဲ့ ပါရမီရှင် ဂီတ ဘုရားအလား မြှောက်စား ခံနေရတာတွေလည်း အပြည့်ပါပဲ။

နိဂုံး ချုပ်ရရင် စောဘွဲ့မှူး တို့လို ကမ္ဘာကို ရင်ဘောင်တန်း လိုက်နိုင်တဲ့ ဂီတ ပညာရှင်တွေ အများအပြား ပေါ်ထွန်းခဲ့ဖူးပေမယ့် စနစ်ဆိုး၊ လူဆိုးများ ဒဏ်ခံ တိုင်းပြည်ရဲ့ အထွေထွေ ချွတ်ခြုံကျ အခြေအနေကြောင့်မြန်​မာ့ ဂီတလောကရဲ့ ကျန်းမာရေးဟာ နာတာရှည် ချည့်နဲ့ အားနည်နေရတယ်။

နိုင်ငံတစ်ကာ မဆိုထားနဲ့ ဒေသတွင်း အိမ်နီးချင်း တိုင်းပြည်များ ကိုတောင် “ စောဘွဲ့မှူး အလွန် အနှစ် (၂၀) ” မှာ မြန်​မာ့ဂီတ မထိုးဖောက်နိုင်ခဲ့သလို နောင် အနှစ် (၂၀) မှာလည်း ဖြစ်လာနိုင်ဖို့က စိတ်ကူးယဉ်အဆင့်သာ ရှိနေသေးကြောင်း ဝမ်းနည်းဖွယ် သုံးသပ်ရပါမယ်။
မျတ်ချက် – ဆောင်းပါးပါ ဓာတ်ပုံများ အတွက် ကိုသားငယ် (ဇင်ဝေလတ်)၊ ကိုဒိုနီ၊ ကိုနေမျိုးအောင် တို့ကို
 ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြု ပါတယ်။ 


××××××××××××××××××××××

ပုံပြော ဆရာကြီး စောဘွဲ့မှူး ရဲ့ သီချင်း ပုံပြင် တစ်ချို့.........

အဖေက.. အသက်ခြောက်ဆယ်..
ပင်စင်ဘဝနဲ့.. အထုပ်ထမ်းပြန်..
ကျွန်တော့်ရဲ့.. အမေ.. ဝါး.. ဓနိတွေ.. ဝယ်ကာလေ..အကြော်ဆိုင်လေး.. ကားဂိတ်နံဘေး..
ညှော်ရန်.. အသင့်ဖြစ်တဲ့အချိန်မှာ..
အချစ်ဆုံးသား.. အထွေးလေးက.. ရီဂျင်နယ်လ်.. မှာ..ပျော်တာပေါ့ အမေရယ်၊ တေးရေး – စောဘွဲ့မှူး၊
 တေးဆို – လွှမ်းမိုး
Music Video URL: http://youtu.be/4pg3YlzRh04

—-အရက်သောက်တာ.. မကြိုက်တဲ့.. မေမေ..
အပေါင်းအသင်း.. သိပ်များတဲ့.. ဖေဖေ..
သူတို့.. နှစ်ယောက်ကို.. ချစ်တဲ့.. ကျွန်တော်..
ခရစ္စမတ်မှာ.. ပြဿနာပေါ်..

ဆောင်းတွင်း၏ သီချင်းကြီးတစ်ပုဒ်၊ တေးရေး/တေးဆို စောဘွဲ့မှူး
Music Video URL: http://youtu.be/6z64mn-ttv0
—-
ကျွန်တော်လို.. တေပေ.. လေလွင့်ပြီး..
ကံခေလွန်းတဲ့.. ဆိုးပေတွေ..
လောက.. မြေမှာ.. ထပ်.. မမွေးဖွားအောင်သာ..
အဖေ.. ဆုတောင်း.. ပေးပါ..
နောင်.. လာမယ့်.. ဖေဖေ.. မေမေ.. တွေလည်း..
သေတစ်ပန်.. သက်တစ်ဆုံး.. ပေါင်းနိုင်စေ..
တောင်းဆုရယ်.. ခြွေ..
ရင်တွေ.. ကျိုးပဲ့.. ဆိုးပေ.. လေ..
ဆိုးပေ၊ တေးရေး/တေးဆို စောဘွဲ့မှူး
Music Video URL: http://youtu.be/h7kniCt-xMg

××××××××××××××××××××××
မိုးမခ ၏ စောဘွဲ့မှူး အမှတ်တရ အစီအစဉ်ဟောင်းများ စုစည်းမှု
ကျနော် သိခဲ့တဲ့ ကိုဘွဲ့မှူး၊ ရေးသူ – Andrew Sway (သိန်းဆွေ – Success)
URL: http://www.moemaka.blogspot.com.au/…/andrew-sway-saw-bwe-hm…
စောဘွဲ့မှူး အတွက် အမှတ်တရ စကားများ၊ ရေးသူ – အယ်လ်ခွန်းရီ (တေးရေး/တေးဆို)၊ 
နှင်းနှင်းအေးဘသိန်း (တေးရေး/တေးဆို)
URL: http://www.moemaka.blogspot.com.au/2013/07/saw-bwe-hmu.html
ကျွန်တော့် ဆရာ စောဘွဲ့မှူး၊ ရေးသူ – ဒေါက်တာကိုကိုလွင် (Iron Cross)
URL: http://www.moemaka.blogspot.com.au/…/dr-ko-ko-lwin-remember…
သန်းခေါင်ယံ တံခါးခေါက်သံ၊ ရေးသူ – ဆလိုင်းသွှအောင် (ဂီတပညာရှင်)
URL: http://www.moemaka.blogspot.com.au/…/salai-thaw-aung-rememb…
ဇာလှိုင်း (သို့) စောဘွဲ့မှူး ရဲ့ ဝေဖန်ရေးသမား ဘ၀ တစ်ခဏ၊ ရေးသူ – ကိုရာဇာ (ဂီတလေ့လာသူ)
URL: http://www.moemaka.blogspot.com.au/…/yar-zar-zar-hlaing-saw…
ကျွန်တော် နှင့် ဂစ်တာ မှော်ဆရာကြီး၊ ရေးသူ – နိုင်ဇော် (Lazy Club) (ဆောင်းပါးဟောင်း ပြန်လည် တင်ဆက်ခြင်း)
URL: http://www.moemaka.blogspot.com.au/…/naing-zaw-lazy-club-sa…

××××××××××××××××××××××


ရေးသူ ငြိမ်းချမ်းအေး 
Crd#Win Ko Ko

ဦးဘွဲ့ရဲ့ စံတင်​ရတဲ့ သံစဉ် ​စာသားနဲ့ တီးခတ်​မှုတင်​သာမက သူငယ်​ချင်း အ​ပေါင်းအသင်းအ​ပေါ် အခက်
ကြုံရင် ​ရှောင်​မ​ပြေးတဲ့ မိတ်​​ဆွေစစ်​ စိတ်​ ၊ အထူးသဖြင့်​ လူတန်းစား မခွဲ ဟန်​မ​ဆောင်​ ရိုးရှင်းတာနဲ့
တစ်ကွ လူငယ်​ကို ပခုံးထမ်းတင်​ ​နေရာ​ပေးတတ်​တာ​တွေဟာ ကျွန်​​တော့်ရင်​ကို လာထိ ၊ နက်​နက်​နဲနဲ ခံစားသွားရတယ်​ ။

ဒါ​ကြောင့်​ မနက်​မှ ည ထိတိုင်​ ကျွန်​​တော်​ နိုင်​သမျှ မှတ်​တမ်းတင်​ ဂုဏ်​ပြုလိုက်​ပါပြီ ။ အားနည်းချွတ်​​ချော်​မှု တစ်စုံ တစ်ရာ ရှိခဲ့ပါလျှင်​ နားလည်​ခွင့်​လွှတ်​​ပေးနိုင်​ပါ​စေလို့သာ ၊

(​စောဘွဲ့မှူး ရဲ့ သမိုင်း မှတ်​တမ်းများ ကျန်​ရှိ​နေ​သေးတဲ့ အတွက်​ ဆက်​လက်​ ​ဖော်​ပြပါဦးမည်​။)
အညတြ Mg Mg (သို့) Mg Mg Sai

30.10.2017 >>>>>>> pm7:19

Crd ; Mg Mg

2 comments:

  1. အက်ဒမင် ဆရာအသာလုပ်ပါ အနော့ပုံကြီး ယူတင်ထားတယ်ဖျက်ပေးပါ ဆရာ

    ReplyDelete
    Replies
    1. Win Min Htike ညီလေး ဒီ Post မှာ ပုံ ၆ ပုံပါတယ် ။ Original Post ပိုင်ရှင်ကိုလဲ Crd ပေးထားပါတယ် ။
      Post ပိုင်ရှင် တင်ထားတဲ့ အတိုင်း ပုံအားလုံး ကိုလဲ ဆရာ စောဘွဲ့မှုး အတွက် မှတ်တမ်းတင် ပေးထားတာပါ ။
      ငါ့ညီရဲ့ ကိုယ်ရေး ကိုယ်တာ ကို ထိခိုက်စေတဲ့ ပုံပါနေတယ်ဆိုရင် Original Post ပိုင်ရှင် တင်ထားခဲ့ပေမယ့် လမ်းသစ် Blog မှာတော့ ဖျက်ပေးလို့ ရပါတယ် ။ ဘယ်နှစ်ခုမြောက်က ပုံလဲဆိုတာ တိတိ ကျကျ ပြောစေချင်တယ် ။ ၀င်ရောက် လေ့လာဖတ်ရှုတဲ့အတွက် " လမ်းသစ် " မှ ကျေးဇူး တင်ပါတယ် ။

      Delete