ဂီတ အနုပညာ ရပ်ဝန်းမှာ မှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အဆိုတော် ထူးအိမ်သင် ရဲ့ တေးသံ က အခန်းငယ် ထဲမှ ပျံ့လွှင့်နေပါတယ်။ ပန်းရောင် နံရံတွေပေါ်မှာတော့ ထူးအိမ်သင် ရဲ့ ရုပ်ပုံ ပန်းချီကားချပ် တွေ၊ မြန်မာမှု့ အငွေ့အသက် ရရှိ စေတဲ့ ဆေး ရေးပန်းချီတွေ ချိတ်ဆွဲထားပါတယ်။
ပန်းချီကားတွေ ကြားမှာတော့ ကဗျာဆရာတွေ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးထားတဲ့ လက်မှတ်နဲ့ အတူ မှန်ဘောင် ချိတ်သွင်းထားတဲ့ ကဗျာ စာရွက်ဖြူတွေကိုလည်း မြင်တွေ့ခံစားနိုင်ပါသေး တယ်။ မတူကွဲပြားတဲ့ ပန်းချီကားတွေ၊ ကဗျာတွေ၊ လက်မှု ပစ္စည်းတွေစတဲ့ အနုပညာ ပစ္စည်းတွေကြားမှာ ထိုင်ပြီး ချို ပေါ့ကျ ကော်ဖီ တစ်ခွက်ကို သောက်ရင်း ဆောင်းဘောက်ခ် ငယ်မှ ငြိမ့်ညောင်းစွာထွက်ပေါ် နေတဲ့ ထူးအိမ်သင် ရဲ့ တေးသွားလေးတွေကို နားထောင်ရတာ လည်း သည်နေရာရဲ့ ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။
“အိုး တိတ်ဆိတ် ည… အလင်းဆိုင်လေး တစ်ခုရဲ့ ည… တေးတစ်ပုဒ် ကို ညည်းဆို ရင်း ဟိုး အတိတ်ကို သိပ် သတိရ… ”
သည်နေရာ ကတော့ ထူးအိမ်သင် ကို ရူးရူး သွပ်သွပ်နှစ်သက်တဲ့ မိသားစုက ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ လယ်ကနေ တစ်နာရီကြာလောက် ကားစီးရင် ရောက်ရှိနိုင်တဲ့ မြောက်ဒဂုံမြို့နယ် က အလင်းဆိုင် Gallery Cafe ဖြစ်ပါတယ်။
အမြင်ဆန်း အေးချမ်း
“မြန်မာမှုလေးတွေပေါ့၊ တစ်ခြားဆိုင်တွေ ဆိုရင် နိုင်ငံခြား ရဲ့ အငွေ့အသက်တွေ အများကြီး ပါတယ်လေ၊ ကြည်နူးမှု လဲရတယ်၊ တော်တော် အမြင်ဆန်းတယ်ပေါ့ နော်၊ အမြင်လေးတစ်ခု ဆန်းတယ်၊ နောက်ပြီးတော့ ကိုယ့်ရဲ့ရပ်ရွာမှာ ပေါ့၊ ဒီ ဒဂုံမြောက်ပိုင်းလိုနေရာမျိုးမှာ ဒီလို ဆိုင်လေးကို တွေ့ရတော့လဲ တော်တော်ဝမ်းသာတယ်၊ များ သောအားဖြင့် မရှိဘူးလေ၊ မရှိတဲ့ အတွက် ကိုယ့် ဒီနေရာ လေးမှာ မြို့ထဲကို သွားစရာမလိုဘဲ၊ အချိန်လဲ အများကြီးပေးစရာမလိုဘဲ ရောက်တာနဲ့ တစ်ပြိုင်နက် တည်း မိသားစုကိုလဲ သူတို့ကိုလဲ ထူးထူး ဆန်းဆန်းလေးတွေ ပြလို့ရတာပေါ့” လို့ အလင်းဆိုင် ရဲ့ စားသုံးသူ တစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်း ညွန့် က ကော်ဖီသောက်ရင်း ပြောပါတယ်။
မြောက်ဒဂုံမှာ နေထိုင်ပြီး ထူးအိမ်သင်သီချင်းကို တစ်မိသားစုလုံး က ကြိုက်ကြတယ် ဆိုတဲ့ ဒေါ်သန်းသန်းညွန့် က အလင်းဆိုင် ကို သွားရင်း လာရင်း မြင်တွေ့တာကြာ ပြီ ဖြစ်ပါတယ်။ ပန်းချီတွေ၊ အနုပညာတွေ ဝါသနာပါတဲ့ ဒေါ်သန်း သန်းညွန့် အနေနဲ့ ပထမဆုံး အကြိမ် ရောက်ရှိ လာတာဖြစ်ပါတယ်။ ဆိုင် အပြင်အဆင် တစ်ခုတည်းနဲ့တင် နောက်တစ်ကြိမ် လာဖို့ ဒေါ် သန်းသန်းညွန့် စိတ်ကူးနေပြီ ဖြစ်ပါတယ်။
ဒေါ်သန်းသန်းညွန့် က “ ဒီ အပြင်အဆင်လေးကိုလဲ တော်တော် သဘောကျပါတယ်၊ ပထမတော့ ခဏလေး ထိုင်ပြီး ပြန်မယ်ပေါ့နော်၊ ဒါပေမဲ့ ဆိုင်ထဲ ဝင်ပြီးတဲ့ အချိန်မှာ မပြန်ချင်တော့ဘူး၊ အေးအေးဆေး ဆေးနေ ချင်တယ်ပေါ့နော်၊ အေး အေးဆေးဆေးလေးနေပြီးတော့ မိသားစုတွေလဲ ခေါ်လာချင်စိတ် ပေါက်တယ်၊ အဲဒါ အေးအေးဆေး ဆေးနေပြီးတော့ လျှောက်ကြည့်နေတာ”လို့ ပြောပါတယ်။
အလင်းဆိုင် ရဲ့ အစ
“စီးပွားရေး အကျိုးအမြတ် အ နေနဲ့ ဆိုရင်တော့ တစ်ခြား လုပ်ငန်းတွေလဲ လုပ်တတ်ပါတယ်၊ ဒါက ဝါ သနာပါတာရယ်၊ သမီး စုထားတာတွေ ပြချင်တာရယ်၊ အခင်း အကျင်း အလှအပလေးတွေက မာမီ သိမ်းရ တာ ခေါင်းမူး ပါတယ်၊ သမီး က ခရီးသွားတိုင်းကြုံရတဲ့နေရာတိုင်းက ဝယ်လာတဲ့ Hand Made အဲဒါလေးတွေ ချပြချင်တာ၊ ဆိုင် နာမည်တွေရွေးတုန်းကလဲ အမေ့ အိမ် ထမင်းဆိုင်လေး ဖွင့်မလို့ပေါ့၊ Gallery နဲ့ တွဲလိုက်တော့ မလိုက်ဘူး ဝိုင်းစဉ်းစားကြတော့ နောက်ဆုံး အလင်းဆိုင် လို့ ထူးအိမ်သင် သီချင်းခေါင်းစဉ်လေး ယူပြီးတော့ ဖွင့်လိုက်တာ” လို့ အလင်းဆိုင် ကို တည်ထောင်သူ တစ် ဦးဖြစ်တဲ့ ဒေါ်တင့်တင့်လှိုင် က ပြောပါ တယ်။